ထာဝရဘုရားသည် လူသားများအပေါ် မေတ္တာတော်အနန္တရှိကြောင်း သက်သေအချို့မှာ
- လူဖြူလူမဲမရွေး၊ သူ့ကိုသိသူဖြစ်စေ၊ မသိသူဖြစ်စေ လူသားအားလုံးအတွက် နေတစ်စင်း၊ လတစ်စင်း၊ မီး၊ရေနှင့်လေတို့ကို အခမဲ့ တန်းတူပေးနေပါသည်။
- ကမ္ဘာဦးလူသားနှစ်ဦးကို မသေနိုင်သည့်ဘဝကို ပေးခဲ့ပါသည်။
- ကမ္ဘာဦးလူသားနှစ်ဦးသည် အလုပ်လုပ်စရာမလိုဘဲ စားသောက်နေထိုင်နိုင်သည့်ဘဝကို ပေးခဲ့ပါသည်။
- ကမ္ဘာဦးလူသားနှစ်ဦးအား တိရစ္ဆာန်များကို အုပ်စိုးခွင့်နှင့်စေခိုင်းခွင့်ကို ပေးခဲ့ပါသည်။
- ကမ္ဘာမြေကြီးနှင့်၎င်း၏မြေပေါ်၊မြေအောက်၊ ပင်လယ်သမုဒ္ဒရာရှိ သတ္တဝါအားလုံးကို အုပ်စိုးခွင့်၊ စီမံခန့်ခွဲ ပိုင်ခွင့်နှင့်အသုံးပြုခွင့်များကို ပေးထားခဲ့ပါသည်။
- ကမ္ဘာဦးလူသားနှစ်ဦး အပြစ်ထဲသို့ကျရောက်သွားသည့်နောက်ပိုင်းတွင် လူသားများ အပြစ်မှကင်းစင်၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းစင်ကြယ်သူများ ဖြစ်လာစေရန်နှင့် ကန့်ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်းခံရမည့် အရေးမှ လွတ်မြောက်စေရန် ဟီဗရူးလို မေရှိယ (Messhiach)၊ ပါဠိဘာသာအခေါ် အရိမေတ္တယျ၊ ဂရိလို ခရစ်တော်ဟု ခေါ်သော ကယ်တင်ရှင်(ယေရှု)ကို စေလွှတ်ပေးခဲ့ပါသည်။ ဘုရားစစ်၊ ဘုရားမှန်ဖြစ်ကြောင်း၊ ပါဠိအခေါ် ဗုဒ္ဓစစ်ဖြစ်ကြောင်း လက်ဝါးကပ်တိုင်ပေါ်မှာ မိမိ၏အသက်ကို ကမ္ဘာလူသားများအတွက် ပေးလှူခဲ့ခြင်း၊ ပါဠိအခေါ် ဇီဝိတပရိစာဂ ပြုခဲ့ခြင်းဖြင့် မေတ္တာရှင်ဘုရား ဖြစ်ကြောင်းသက်သေ ထူခဲ့ပါသည်။ စွန့်ခြင်းငါးပါးမှ အမြင့်ဆုံးဖြစ်သည့် ဇီဝိတပရိစာဂကို လူသားများအတွက် ပြုခဲ့ပါသည်။ ထိုအချက်သည် အကြီးမြတ်ဆုံးမေတ္တာရှင်သည် ယေရှုခရစ်တော်ဖြစ်ကြောင်း သက်သေပင်ဖြစ်ပါသည်။
- ယေရှုခရစ်တော်သည် သေခြင်းမစ္စုမာရ်နှင့်မာရ်ငါးပါးကို တစ်ပါးမကျန် အောင်ခဲ့ခြင်းဖြင့် လူမျိုးတိုင်း ကိုးကွယ်ရမည့် ဘုရားစစ်၊ဘုရားမှန်၊ ပါဠိအခေါ် ဗုဒ္ဓစစ် ဖြစ်ကြောင်း သက်သေ ထူခဲ့ပါသည်။
- ယေရှုခရစ်တော်ကို လက်ခံကိုးကွယ်သူများ၊ အမှီပြုသူများသည် ဘုရား၏သားသမီးများ အဖြစ် သတ်မှတ်၍ ခမည်းတော်ရှိရာ ဘုရားဘုံသို့ အရောက်ပို့ဆောင်မည်ဖြစ်ကြောင်း အာမခံချက် ပေးခဲ့ပါသည်။ သူ့ကို လက်မခံသည့် သူများသည် ကန့်နှင့်လောင်သည့် ငရဲမီးအိုင်သို့ ပစ်ချခံရမည် ဖြစ်ကြောင်း ကြိုတင်သတိပေးခဲ့ခြင်းသည် မေတ္တာရှင် ဖြစ်ကြောင်း သက်သေများ ဖြစ်ပါသည် (ရှင်ယောဟန် ၃း၁၈၊ ၁၄း၆၊ ရှင်မာကု ၁၆း၁၆၊ ဗျာဒိတ် ၂၀း၁၀-၁၅၊ ၂၁း၈)။