မေးခွန်း-၂၄။ သတ္တဝါတို့သည် အဘယ်သဘောတရားကို ခံယူနေပါသနည်း။ အိုနာသေခြင်းနှင့် ခန္ဓာဒုက္ခအကြောင်း၊ သတ္တဝါလောက၏ ဘုံဘဝတို့အကြောင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တ အကြောင်းတရား တို့ကို မည်သူဟောခဲ့သနည်း။

Published on September 18, 2025 by Admin

မေးခွန်း-(၂၄)၏အဖြေ

ဒေါက်တာ လာဆစ်ဒူကာခင်္ဗျား၊ လူသားမှန်ရင် အို၊နာ၊သေခြင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားကို တွေ့ကြုံ ခံစားရပါသည်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားများကို မည်သူဟောခဲ့သနည်းဆိုသည့်အချက်သည် သာမည (အင်္ဂလိပ်လို Minor) ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဟောသူသည် ရှိနေသည့် အကြောင်းကို ဟောခြင်းသာ ဖြစ်သည်။ အဓိက ကျသည့်အချက်သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားကို မည်သည့်ဘုရားက မည်သည့်ရည်ရွယ်ချက်ကြောင့် ထားခဲ့သနည်းဆိုသည့်အချက် ဖြစ်သည်။ ကမ္ဘာဦးလူသားနှစ်ဦးသည် ဘုရားသခင်၏ပညတ်တရားကို ချိုးဖေါက်ခဲ့၍ နိစ္စ၊ သုခ၊ အတ္တကို ခံစားရာမှ အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားကို ခံစားလာခဲ့ရပါသည်။ ထိုသို့ကျရှုံးခဲ့သည့်ဘဝမှ မူလရရှိခဲ့သည့် ဘဝဖြစ်သည့် နိစ္စ၊သုခ၊အတ္တဘဝကို ယေရှုခရစ်အားဖြင့် ပြန်လည်ရရှိခွင့် လမ်းကြောင်း ပေးထား ခဲ့ပါသည်။ ၎င်းဘို့၏ အဓိပ္ပါယ်များကို အောက်ပါအတိုင်း ဖွင့်ဆိုထားပါသည်။

စဉ်ကိုယ်ခန္ဓာရေးရာအဓိပွါယ်
အနိစ္စ မမြဲခြင်း  (သေခြင်း)
ဒုက္ခ   ဆင်းရဲခြင်း (အို၊နာ)
အနတ္တ မပိုင်ဆိုင်ခြင်း
စဉ်ဝိညာဥ်ရေးရာအဓိပွါယ်
နိစ္စ   မြဲခြင်း      (နာမ်ဝိညာဉ်)
သုခ  ချမ်းသာခြင်း (မအို၊မနာ)
အတ္တ ပိုင်ဆိုင်ခြင်း

အနိစ္စ၏အစ

အနိစ္စဆိုသည့် ဝေါဟာရသည် ပါဠိစာ ဖြစ်ပါသည်။ အနိစ္စ၏အဓိပ္ပါယ်မှာ “မမြဲခြင်း” ဖြစ်ပါသည်။ ထိုမမြဲခြင်း၊ ပါဠိအခေါ် အနိစ္စတရား စတင်ရှိလာခဲ့သည့်နေရာသည် ဧဒင်ဥယျာဉ် ဖြစ်သည်။ စတင် ဖြစ်ပေါ်လာခဲ့သည့်အကြောင်းတရားသည် ထာဝရဘုရားက ကောင်း၊ မကောင်း သိကျွမ်းရာအပင်၏အသီးကို  မစားနှင့်ဟု ပညတ်ထားသည့် ပညတ်တရားကို ကမ္ဘာဦးလူသားနှစ်ဦးက ချိုးဖေါက်ခဲ့မှုကြောင့် ဖြစ်ပါသည်။ ထိုကြောင့် ထာဝရဘုရားသည် သေခြင်းတရားကို  စေလွှတ်ခဲ့ပါသည်။ ထိုသေခြင်းရှိလာခဲ့မှုကြောင့် ဒုက္ခဆင်းရဲခြင်း နှင့် မတည်မြဲခြင်း၊ ပါဠိအခေါ် “အနိစ္စ” ဘဝသို့ ကျရောက်ခဲ့ရပါသည်။

ဒုက္ခ၏အစ

သေခြင်းတရားရှိလာခဲ့ခြင်းသည် အနိစ္စတရား စတင်ရှိလာခဲ့ခြင်းပင် ဖြစ်ပါသည်။ ထိုဒုက္ခသည် ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်းနှင့် နာမ်ဝိညာဉ်၏ဆင်းရဲခြင်းကို ရည်ညွှန်းနေပါသည်။ 

အနတ္တ

အနတ္တ၏အဓိပ္ပါယ်မှာ မပိုင်ဆိုင်ခြင်းကို ရည်ညွှန်းနေပါသည်။ မနုဿလူသား၏ဘဝသည် မတည်မြဲခြင်း၊ ပါဠိအခေါ် ဒုက္ခဘဝထဲသို့ ကျဆင်းသွားခဲ့မှုကြောင့် ပိုင်ဆိုင်သည့်အရာများ လက်လွတ်ဆုံးရှုံးခဲ့ရပါသည်။ မိခင်ဝမ်းမှ ကမ္ဘာလောကသို့ ကိုယ်ထီးတည်းရောက်ရှိလာသကဲ့သို့၊ ကမ္ဘာလောကမှတမလွန်ဘဝသို့လည်း ကိုယ်ထီးတည်း ထွက်သွားရမည်။ အသက်ရှင်နေသည့်အချိန်မှာ ငါပိုင်သည်၊ ငါဆိုင်သည်၊ ငါ့ဟာ ဆိုသည့်အရာများသည် အနတ္တ သက်သက်သာ ဖြစ်ကြောင်း သွန်သင်နေခြင်း ဖြစ်ပါသည်။ တကယ်ပိုင်ဆိုင်နေခြင်းမဟုတ်ဘဲ၊ ထာဝရဘုရား၏သာသနာ (ခရစ်တော်၏သာသနာ)အတွက် အသုံးပြုရန်နှင့် လိုအပ်သည့်သူများကို ကူညီရန် လောကပစ္စည်းများကို လူသားများ၏လက်ထဲ၌ ခဏတာ အပ်နှံထားခြင်းသာ ဖြစ်ပါသည်။

အထက်မှာ ဖေါ်ပြခဲ့သည့်အတိုင်း အနိစ္စ၊ဒုက္ခ၊အနတ္တရှိလာခဲ့ခြင်းသည် ကမ္ဘာဦးလူသားနှစ်ဦး မနာခံမှုကြောင့် ရရှိလာခဲ့သည့် အကျိုးတရားသာ ဖြစ်ပါသည်။ ဘုရား၏စကားကို နာခံမှုမပြုဘဲ၊ မာရ်နတ်၏စကားကို နာခံခဲ့မှုကြောင့် သူတို့ကို အသက်သွင်းအနေဂဇာတင်ခဲ့သော ထာဝရဘုရားက “သင်သည် မြေမှုန့်ကလာသည့်အတွက် မြေမှုန့်သို့ပြန်ရမည်”ဟု ကျိန်ခဲ့ခြင်းကြောင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တတရားရှိလာခဲ့ခြင်း ဖြစ်သည်။ အနိစ္စ၊ဒုက္ခ၊အနတ္တကို ပထမဦးစွာတွေ့ကြုံခဲ့သူများသည် ကမ္ဘာဦးလူသားနှစ်ဦး ဖြစ်ပါသည်(ကမ္ဘာဦး ၂း၁၇၊ ၃း၁၉၊ ၄း၅-၆)။ နောက်ပိုင်းတွင် ထိုအချက်ကို ထာဝရဘုရား၏ လူများနှင့်ဘာသာရေးဆရာများက ဆက်ပြီးဟောပြောလာခဲ့ခြင်း ဖြစ်ပါသည်။  

ထာဝရဘုရားကို ယုံကြည်ခဲ့သူ ယောဘသည် အနိစ္စ၊ဒုက္ခ၊အနန္တအကြောင်းတရားများကို ဟောခဲ့ပါသည် (ယောဘ ၈း၉)။ ယောဘသည်(ဘီစီ ၁၆၅၀) သိဒ္ဓတ္ထဂေါတမ မမွေးဖွားမီ နှစ်ပေါင်း ၁၀၈၇ စော၍ အသက်ရှင်ခဲ့သူ ဖြစ်သည်။ သမ္မာကျမ်းစာထဲမှ မောရှေ၊ နောဧ၊ အာဗြဟံတို့က လူဆိုတာ အနိစ္စတရားကို မလွန်ဆန်နိုင်သော သေမျိုးဖြစ်ကြောင်း၊ လူသားများကို သွန်သင်ခဲ့သည်။ မောရှေသည် ဘီစီ ၁၅၀၀ ခုနှစ်တုန်းက အသက်ရှင်ခဲ့သည့် ထာဝရဘုရား၏ ပရောဖက်တစ်ဦး ဖြစ်ခဲ့ပြီး သိဒ္ဓတ္ထဂေါတမ မမွေးဖွားမှီ နှစ်ပေါင်း ၁၀၀၀ စော၍ အသက်ရှင်ခဲ့သည်။ ရှင်ဘုရင်ဒေးဗစ်သည် ဘီစီ ၁၀၃၅-၉၇၀တွင် အသက်ရှင်ခဲ့သူ ဖြစ်ပြီး၊ အနိစ္စ၊ဒုက္ခ၊အနန္တတရားများကို ဟောခဲ့သူ ဖြစ်ပါသည်။ သိဒ္ဓတ္ထဂေါတမ မမွေးဖွားမီ  နှစ်ပေါင်း ၃၀၀ ခန့်စော၍ အသက်ရှင်ခဲ့သူ ဖြစ်ပါသည်။ ထိုကြောင့် သမုဒ္ဒယသစ္စာ၊ ဒုက္ခသစ္စာ၊ မဂ္ဂသစ္စာတို့သည် သိဒ္ဓတ္ထဂေါတမ ဟောပြောခြင်းမပြုမီ သိရှိသူများ၊ ဟောခဲ့သူများ များစွာရှိခဲ့ကြောင်း သက်သေအချို့ကို တင်ပြခြင်း ဖြစ်ပါသည် (ဟေရှာယအနာဂတ္တိကျမ်း ၇း၁၄၊ ၉း၆)။ 

သိဒ္ဓတ္ထဂေါတမသည် နတ်၏ပြသမှုကြောင့်သာ “အနိစ္စ၊ ဒုက္ခ၊ အနတ္တတရား” ရှိကြောင်း သိရှိခဲ့ပြီး၊ ထိုတရားမှလွတ်မြောက်ရာ “နိစ္စ၊ သုခ၊ အတ္တတရား”ကို ရှာခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် နန်းတော်စည်းစိမ်ကိုစွန့်ကာ တောသို့ထွက်၍ နိစ္စဗုဒ္ဓကဲ့သို့ ဖြစ်နိုင်ရန် နိစ္စတရားကို ရှာခဲ့ကြောင်း သိရပါသည်။ သိဒ္ဓတ္ထဂေါတမသည် လူ့ဘဝ၌ ကြုံတွေ့နေရသည့် အနိစ္စ၊ ဒုက္ခ၊ အနတ္တအကြောင်းများကို လေ့လာခဲ့သူ၊ ဟောပြောသွန်သင်ခဲ့သူဖြစ်ကြောင်း သိရပါသည်။ သူသည် လက်ရှိလူ့ဘဝအကြောင်းကို အဓိက ဟောပြောခဲ့ပါသည်။

သမုဒယသစ္စာ၊ ဒုက္ခသစ္စာ၊ နီရောဓသစ္စာ၊ မဂ္ဂသစ္စာတို့သည် အရှိတရားများ ဖြစ်ပါသည်။ ၎င်းတို့အနက် သမုဒယသစ္စာ၊ ဒုက္ခသစ္စာတို့သည် ကမ္ဘာဦးကတည်းက ရှိခဲ့သည်(ကမ္ဘာဦးကျမ်း အခန်းကြီး-၂၊၃၊၄)။ သိဒ္ဓတ္ထဂေါတမသည် နီရောဓသစ္စာ၊ မဂ္ဂသစ္စာ တရားရှိကြောင်း ဟောခဲ့သူနှင့်လမ်းညွှန်ခဲ့သူ ဖြစ်ပါသည်။ မဂ္ဂသစ္စာကို သမ္မာတရားဟုလည်း ခေါ်ပါသည်။ ထိုသမ္မာတရားသည် ဘုရားဘုံမှလူ့ဘုံသို့ ကြွဆင်းလာခဲ့သည့် ကယ်မည့်ဘုရား၊ အပျိုသားဆိုသည့်အတိုင်း အပျိုကညာမှ ဖွားမြင်ခဲ့သူ မေရှိယဖြစ်ကြောင်း ရှင်ယောဟန် ၄း၂၅-၂၆၊ ၁၄း၆အရ သိရပါသည်။  ထိုအကြောင်းအရာကို သိဒ္ဓတ္ထဂေါတမ မမွေးဖွားမီ ဘီစီ ၇၄၀ ကတည်းက ပရောဖက်ဟေရှာယ ဗျာဒိတ်ပြုခဲ့ပါသည် (ဟေရှာယ ၇း၁၄၊ ၉း၆)။ ထိုဗျာဒိတ်ပြုချက်သည် ယေရှုခရစ်တော်၌ ပြည့်စုံခဲ့သည်(ရှင်မဿဲ ၁း၁၈-၂၂)။ အိုနာသေခြင်းကင်းသောနေရာ၊ ပါဠိအခေါ် နီရောဓသစ္စာသည် ယေရှုခရစ်တော်ပြင်ဆင်သော ကောင်းကင်သစ်နှင့် မြေကြီးသစ် ဖြစ်ကြောင်း နားလည်ရပါသည် (ရှင်ယောဟန် ၁၄း၁-၃၊ ဗျာဒိတ် ၂၁)။

သတ္တဝါတို့၏ဘုံဘဝအကြောင်း

သတ္တဝါတို့၏ဘုံဘဝအကြောင်းကို လေ့လာသည့်အခါ ထာဝရဘုရား၏သမ္မာကျမ်းစာတွင် ထာဝရဘုရား ပြင်ဆင်ခဲ့သောဘုံသုံးဘုံသာ ရှိပါသည်။ ၎င်းတို့မှာ ဘုရားဘုံ၊ပါဠိအခေါ် သုခဘုံ၊ လူ့ဘုံ၊ ပါဠိအခေါ် ဒုက္ခဘုံ၊ ထာဝရ နှိပ်စက်ခြင်း ခံရာဘုံ၊ ပါဠိအခေါ် ငရဲဘုံတို့ ဖြစ်ပါသည်။ 

ဘုရားဘုံ(သုခဘုံ၊နိဗ္ဗာန်ဘုံ)

ကျမ်းစာများ၏ဖေါ်ပြချက်အရ ဘုရားဘုံသည် ကောင်းကင်၏အမြင့်ဆုံးနေရာ၌ရှိပြီး၊ ထာဝရဘုရားနှင့်သူ၏ စေတမန်များသာ နေထိုင်သောဘုံနေရာ ဖြစ်ပါသည်။  ဝိညာဥ်ခန္ဓာဖြင့် စိတ်သွားတိုင်း ကိုယ်ပါသွားနိုင်သောနေရာ၊ အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဆင်းရဲဒုက္ခ မရှိသောနေရာ ဖြစ်ပါသည်။ 

လူ့ဘုံ(ဒုက္ခဘုံ)

လူ့ဘုံသည် လူသားများနေထိုင်ရာ ကမ္ဘာမြေကြီးကို ခေါ်ပါသည်။ လူသားများသည် အပြစ်ရှိ၍ အို၊နာ၊ သေတတ်သောသတ္တဝါများ၊ အနိစ္စ၊ဒုက္ခ၊အနတ္တဘဝတွင် နေထိုင်အသက်ရှင်သူများ ဖြစ်ပါသည်။ ထာဝရဘုရားသည် လူသားများကို ဤကမ္ဘာပေါ်၌ နှစ်ပေါင်း (၁၂၀)အထိသာ အသက်ရှင် နေထိုင်ခွင့်ပြုထားခဲ့ကြောင်း လူသားတိုင်းသိရန် လိုအပ်ပါသည် (ကမ္ဘာဦးကျမ်း ၆း၃-၄)။

ငရဲဘုံ(အပ္ပါယ်ဘုံ)

ငရဲဘုံသည် ကမ္ဘာမြေကြီး၏အောက်ဘက်အရပ်၌ ရှိကြောင်း သိရပါသည်။ ဘုရားဘုံမှ နှင်ချခြင်းခံခဲ့သော လူစီဖာနှင့်အပေါင်းအပါများကို နတ်များဟု စတင်သမုတ်ကြပါသည်။ လူစီဖာသည် နတ်မင်းကြီး၊ ပါဠိအခေါ် ဒေဝရာဇာ ဖြစ်ပြီး၊ သူနှင့်တကွ သူ၏အပေါင်းအပါနတ်များ၊ လူသားများကို သမ္မာတရားမှလမ်းလွှဲအောင် သွန်သင်နေသောဆရာများ၊ ပါဠိအခေါ် မိစ္ဆာပရောဖက်များနှင့် သူတို့၏နောက်လိုက်များကို ထာဝရနှိပ်စက် ညှင်းပန်းမည့်နေရာကို ငရဲဘုံဟု ခေါ်သည်ဟု နားလည်ရပါသည် (ဗျာဒိတ် ၂၀း၁၀-၁၅၊ ၂၁း၈)။ ငရဲဘုံကို ကန့်ငရဲမီးအိုင်ဟုလည်း ခေါ်ပါသည် (ရှင်မဿဲ ၂၅း၄၁-၄၆၊ ဗျာဒိတ် ၂၁း၈)။ နတ်များသည် ထာဝရကန့်ငရဲမီးအိုင်သို့ ပစ်ချခြင်းမခံမီ သူတို့သည် တိရစ္ဆာန်များ၊ သစ်ပင်များ၊ ကျောက်ဆောင်များ၊ ကျောက်တုံးများ၊ လူများတွင် တစ်နေရာမှတစ်နေရာ၊ တစ်ကောင်မှအခြားတစ်ကောင်သို့ လှည့်ပတ်ဝင်ရောက်ခိုနား၍ ဝင်စား နေကြကြောင်း နားလည်ရပါသည်။ 

နတ်များသည် လူသားများအား ထာဝရဘုရားကို မကိုးကွယ်စေရန် နည်းမျိုးစုံဖြင့် လှည့်စား၊ ခြောက်စား၊ မြှောက်စား၍ ဖြားယောင်းသွေးဆောင်ကာ ငရဲသွားဖေါ် များများရရန် ကြိုးစားလုပ်ဆောင် နေကြပါသည်။ ခရစ်တော်ကို ကိုးကွယ်သည့်သူများကို ဖြားယောင်းသွေးဆောင်ရန် အစည်းအဝေးများကို ပြုလုပ်ပြီး နည်းလမ်းများကို ရှာကြံကြောင်း နတ်ဆရာများက ပြောကြပါသည်။ ရာထူးမက်မောသည့် သူကို ရာထူးဖြင့်၊ ငွေမက်မောသည့်သူကိုငွေဖြင့်၊ စိန်ရွှေရတနာ မက်မောသည့်သူကို စိန်၊ ရွှေ၊ ရတနာဖြင့်၊ အလှမက်သည့် သူကိုအလှဖြင့်၊ ဂုဏ်ပကာသန မက်မော သည့်သူကို ဂုဏ်ပကာသနဖြင့်၊ ဒေါသကြီးသူကို ဒေါသဖြင့်၊ အရက်ကြိုက်သည့် သူကို အရက်ဖြင့်၊ အာဏာမက်မောသည့်သူကို အာဏာဖြင့် ငရဲသွားဖေါ်များလာအောင်၊ တနည်းအားဖြင့် ခရစ်တောင်ဘုရားကို မကိုးကွယ်စေရန်နှင့် ဆန့်ကျင်ရန် နည်းမျိုးစုံသုံး၍ လူသားများကို ငရဲသို့ ပို့ဆောင် ပြုနေသူများ ဖြစ်ပါသည်။

သိဒ္ဓတ္ထဂေါတမနှင့်အနိစ္စ၊ဒုက္ခ၊အနတ္တအကြောင်း

သိဒ္ဓတ္ထဂေါတမဘဝဖြစ်စဉ်ကို လေ့လာသည့်အခါ သူသည် ကပိလဝတ်ပြည်၊ ခတ္တိယအမျိုးထဲမှ ဘုရင် သုဒ္ဓေါဒန နှင့် မိဘုရား မာယာဒေဝီတို့၏သား ဖြစ်ခဲ့ပါသည်။ ကပိလဝတ်ပြည်သည် ယခု နီပေါနိုင်ငံတွင် တည်ရှိနေပါသည်။ သိဒ္ဓတ္ထမင်းသားသည် ဘီစီ ၅၆၃တွင် ဖွားမြင်ခဲ့ပြီး၊ ယသော်ဓရာဒေဝီနှင့် အိမ်ထောင်ပြုခဲ့ရာ သားရာဟုလာ ထွန်းကားခဲ့ကြောင်း သိရပါသည်။ သကေတုနတ်သည် သူအို၊ သူနာ၊ သူသေ၊ရဟန်းများကို သိဒ္ဓတ္ထမင်းသားအား ပြသခဲ့သည်ဟု နားလည်ရပါသည်။ ထိုနိမိတ်ကြီးလေးပါးတို့ကို အစဉ်အတိုင်း မြင်ရသောအခါ ထိတ်လန့် သံဝေဂရတော်မူ၍ ငါလည်း တစ်နေ့တွင် ဤသို့ပင် အိုရ၊နာရ၊သေရမည်ဟူသော အသိဉာဏ် ပွင့်သွားလေသည်(ဦးကိုကိုနိုင်၊ ဓမ္မစရိယ၊ဓမ္မဝိဇ္ဇာ၊ ဘာသန္တရ ကထိက၊ မြန်မာနိုင်ငံ ခရစ်ယာန် တက္တသိုလ်များ၌ လေ့လာသင့်သော ဗုဒ္ဓဘုရား၏တရားတော်များ၊ ၁၉၉၈၊ ဇန်ဝါရီ ၂၂၊ စာမျက်နာ ၉၅)။

ထိုကြောင့် သိဒ္ဓတ္ထဂေါတမသည် မအိုချင်၊ မနာချင်၊ မသေချင်၍ နန်းတော်စည်းစိမ်ကို စွန့်လွှတ်ကာ  အစဉ်အသက်ရှင်သောဘုရား၊ ပါဠိအခေါ် နိစ္စဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ အင်္ဂလိပ်လို the Living God ကဲ့သို့ ဖြစ်လို၍ တောထွက်ကာ ခြောက်နှစ်ကျော် တရားကျင့်ခဲ့ကြောင်း သိရပါသည်။ 

ဗုဒ္ဓ၏အဓိပ္ပါယ်မှာ ဗမာလို “ဘုရား”ဟု ဆိုလိုပါသည်။ ဗုဒ္ဓသည် သိဒ္ဓတ္ထဂေါတမ မမွေးဖွားမီ အချိန်ကပင် ရှိခဲ့ကြောင်း နှစ်ကျိပ်ရှစ်ဆူသမိုင်းနှင့်ကမ္ဘာဦးလူသားနှစ်ဦး၏သမိုင်းက သက်သေ ထူနေပါသည်။ ထိုဗုဒ္ဓသည် ကမ္ဘာဦးဗုဒ္ဓ၊ ဋ္ဌာဝယဗုဒ္ဓ၊ မြန်မာလို ထာဝရဘုရားဟု သိရပါသည်။ 

သိဒ္ဓတ္ထဂေါတမလမ်းညွှန်ချက်သည် သုခဘုံ၊ နိဗ္ဗာန်ဘုံသို့ရောက်လိုလျှင် သမ္မာတရားအားဖြင့် ရောက်နိုင်သည်ဟု လမ်းညွှန်ခဲ့ပါသည်။ သမ္မာတရား၏ပိုင်ရှင်သည် သမ္မာသမ္ဗုဒ္ဓဖြစ်သည်ဟု နားလည် ရပါသည်။ ဂင်္ဂါဝါဠုသဲစုမက များပြားသော သင်္ခါရဗုဒ္ဓများရှိနေသည့် ဤကမ္ဘာပေါ်သို့ ဘုရားဘုံမှလူ့ဘုံသို့ ကြွဆင်းခဲ့သော ဗုဒ္ဓစစ်ကို မာရ်ငါးပါးဖြင့် ရှာ၍ကိုးကွယ်ရန် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓေါ မေ သရဏံ အဉာံနတ္ထိ”ဖြင့် လမ်းညွှန်ထားသည်ဟု နားလည်ရပါသည်။  သိဒ္ဓတ္ထဂေါတမသည် နိဗ္ဗာန်သို့ ရောက်ရန်အတွက် သူ့ကို ကိုးကွယ်ပါ၊ သူ့ထံဆုတောင်းပါဟု သွန်သင်ခဲ့ခြင်း မတွေ့ရပေ။ သိဒ္ဓတ္ထဂေါတမသည် “ကုသလံ၊ အကုသလံ ဇဟံ”ဟုသွန်သင်ခဲ့သည်။ အဓိပ္ပါယ်မှာ နိဗ္ဗာန်ရောက်ရန် အတွက် ကုသိုလ်နှင့်အကုသိုလ်များပြုလုပ်ခြင်းကိုပယ်၍ ဗုဒ္ဓစစ် (ဘုရားစစ်)ကို ကိုးကွယ်ရန် လမ်းညွှန်ခဲ့သည်ဟု သိရပါသည်။ 

ထို့ကြောင့် သိဒ္ဓတ္ထဂေါတမသည် နိဗ္ဗာန်ဘုံသို့ရောက်ရန် မဂ္ဂင်ဖောင်ကို စီးရမည်ဟု လမ်းညွှန်ခဲ့ပါသည်။ ယေရှုခရစ်တော်က၊ ငါသည် သမ္မာတရားဖြစ်သည်ဟု မိန့်တော်မူခဲ့ပါသည်။ သမ္မာတရားဆိုသည်မှာ မဂ္ဂင်ဖေါင်ကို ညွှန်းနေခြင်း ဖြစ်ပါသည် (ရှင်ယောဟန်ခရစ်ဝင် ၁၄း၆)။ယေရှုခရစ်တော်သည် ထာဝရတည်မြဲ၍ မပြောင်းလဲသောဘုရားဖြစ်ကြောင်း ဟေဗြဲ ၁၃း၈အရ သိရပါသည်။ အစဉ်အသက်ရှင်သော ထိုဘုရားကို ပါဠိဘာသာလို ဋ္ဌာဝယဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ နိစ္စဗုဒ္ဓဟု ခေါ်သည်ဟု  နားလည်ရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>