သမ္မာကျမ်းစာအုပ်
ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းနှစ်ကျမ်းကို ထာဝရဘုရား၏သန့်ရှင်းသော သမ္မာကျမ်းစာ၊ အင်္ဂလိပ်လို Holy Bibleဟု ခေါ်ပါသည်။ ထိုကျမ်းစာအုပ်ကို “သမ္မာကျမ်းစာ”ဟု နာမည် ပေးထားခဲ့ခြင်းမှာ ထာဝရဘုရားသည် သမ္မာတရားကိုပေးသော ပါဠိအခေါ် “သမ္မာသမ္ဗုဒ္ဓ” ဖြစ်သောကြောင့် ဖြစ်ပါသည်။ ဓမ္မဟောင်းကို တစ်ဦးဟောပြီး ဓမ္မသစ်ကျမ်းကို အခြားတစ်ဦး ဟောခြင်း မဟုတ်ဘဲ နှစ်ပိုင်းစလုံးသည် ထာဝရဘုရား၏နှုတ်ကပတ်တော်များသာ ဖြစ်ပါသည်။
ဓမ္မဟောင်းကျမ်း
ဓမ္မဟောင်းကျမ်းတွင် ကောင်းကင်နှင့်မြေကြီး၊ လူသားနှင့် သက်ရှိသက်မဲ့၊ အရာခပ်သိမ်းတို့ကို ထာဝရဘုရား ဖန်ဆင်းထားကြောင်းနှင့် မာရ်နတ်၏လှည့်ဖြားမှုကြောင့် ကမ္ဘာဦးလူသားနှစ်ဦး အပြစ်ထဲ ကျရှုံးသွားခဲ့သည့်အကြောင်းများကို ဖော်ပြထားပါသည်။ ပထမအာဒံအားဖြင့် သုခချမ်းသာဘုံကို ဆုံးရှုံးလိုက်ရပြီး ဒုက္ခဘုံဘဝသို့ ကျရောက်သွားခဲ့ကြောင်း၊ အပြစ်ထဲသို့ကျဆုံးသွားသည့် လူသားများအား အပြစ်ငရဲမှ ကယ်တင်မည့်ကယ်တင်ရှင်ကို ပေါ်ထွန်းစေမည်ဖြစ်ကြောင်းနှင့် ထိုကယ်တင်ရှင် ပေါ်ထွန်းလာရန် လူမျိုးတစ်မျိုးကို ရွေးချယ်ပြင်ဆင်လာခဲ့သည့်အကြောင်းများ၊ အပြစ်ကိုထာဝရဘုရား အလွန်မုန်းသည့်အကြောင်းများကို ဖေါ်ပြထားပါသည်။ ထာဝရဘုရား၏ အမိန့်တော်ကို မနာခံသောသူများကို ချက်ချင်းအပြစ်စီရင်ခဲ့ခြင်း အကြောင်းလည်း ပါရှိပါသည်။
ဓမ္မဟောင်းကျမ်းကို မှတ်တမ်းတင်ခဲ့သောသူများသည် မောရှေနှင့် လူပေါင်း (၄၀)တို့ ဖြစ်ပါသည်။ ၎င်းတို့သည် အာရှတိုက်၊ ဥရောပတိုက်နှင့်အာဖရိကတိုက်တို့မှ လူမျိုးလည်းမတူ၊ အလုပ်အကိုင်လည်းမတူ၊ အချိန်လည်းမတူ၊ အသက်အရွယ်လည်းမတူညီခဲ့သောသူများဖြစ်ကြောင်း သိခဲ့ရပါသည်။ မောရှေသည် ထာဝရဘုရားနှင့် တိုက်ရိုက်စကားပြောခဲ့သူ ဖြစ်သည်။ ထာဝရဘုရားသည် လူသားများအတွက် ပညတ်တော်(၁၀)ပါးကို ကျောက်ပြားပေါ်တွင်ရေး၍ မောရှေအား ပေးခဲ့ပါသည် (ထွက်မြောက်ရာကျမ်း ၃၄း၁-၃)။ ထိုပညတ်တော်(၁၀)ပါးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
| စဉ် | ပညတ်တော်(၁၀)ပါး (ထွက်မြောက်ရာ ၂၀း၂-၁၇) | |
| ဘုရားနှင့်ပတ်သက်သောပညတ်တော်-(၄)ချက် | ||
| ၁ | ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်ရ(၂၀း၃)။ | ဗုဒ္ဓေါ မေ သရဏံ အဉာံ နတ္ထိ |
| ၂ | အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်းရှိသောအရာနှင့်ပုံသဏ္ဌာန်တူအောင် ရုပ်တုဆင်းတုကို ကိုယ့်အဖို့ မလုပ်နှင့်။ ဦးမချ ဝတ်မပြုနှင့်။ (၂၀း၄-၆)။ | |
| ၃ | သင်၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက် မဆိုနှင့် (၂၀း၇)။ | |
| ၄ | ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှာ၊ ထိုနေ့ရက်ကိုအောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်မျိုးကို ကြိုးစား၍လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ ဖြစ်၏။ ထိုနေ့၌ သင်၏သားသမီး၊ ကျွန်ယောက်ျား၊ မိန်းမ၊ တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌နေသော ဧည့်သည် အာဂန္တုသည် အလုပ်မလုပ်ရ။ ထာဝရဘုရားသည် မိုးကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ အရပ်ရပ်ရှိသမျှတို့ကို ခြောက်ရက်တွင်ဖန်ဆင်း၍ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာနေတော်မူ၏။ ထာဝရဘုရားသည် သတ္တမနေ့ကို ကောင်းကြီး ပေးတော်မူ၏(၂၀း၈-၁၁)။ | |
| လူနှင့်ပတ်သက်သောပညတ်တော်(၆)ချက် | ငါးပါးသီလ | |
| ၁ | သင်၏ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌သင်၏အသက်တာ ရှည်မည် အကြောင်း၊ သင်၏မိဘကို ရိုသေစွာပြုလော့ (၂၀း၁၂)။ | မိဘကို ရိုသေစွာပြုလော့၊ |
| ၂ | လူ့အသက်ကို မသတ်နှင့်(၂၀း၁၃)။ | သူ့အသက် မသတ်ရ၊ |
| ၃ | သူ့မယားကို မပြစ်မှားနှင့်(၂၀း၁၄)။ | သူ့သားမယားမပြစ်မှားရ၊ |
| ၄ | သူ့ဥစ္စာကို မခိုးနှင့်(၂၀း၁၅)။ | သူ့ဥစ္စာမခိုးရ၊ |
| ၅ | ကိုယ်နှင့်စပ်ဆိုင်သောသူတစ်ဖက်၌ မမှန်သောသက်သေမခံနှင့်(၂၀း၁၆)။ | မလိမ်ရ၊ |
| ၆ | ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်၊သူ၏မယား၊သူ၏ကျွန်ယောက်ျား၊ မိန်းမ၊နွား၊ မြည်း၊ သူ၏ဥစ္စာ တစ်စုံတစ်ခုမျှ လိုချင်တပ်မက်သောစိတ် မရှိစေနှင့် (၂၀း၁၇)။ | |
| သေရည်သေရက်မသောက်ရ၊ |
ဓမ္မသစ်ကျမ်း
ဓမ္မသစ်ကျမ်းကို အဓိကဟောသူသည် ယေရှုခရစ်တော် ဖြစ်ပါသည်။ မှတ်တမ်းတင်ခဲ့သူများမှာ သူ၏တပည့်တော်များသာ ဖြစ်ပါသည်။ ယေရှုခရစ်တော်သည် ထာဝရဘုရားဖြစ်ကြောင်း ဖေါ်ပြထားပါသည်။ (ရှင်ယောဟန် ၁း၁-၁၄၊ ဟေဗြဲ ၁၃း၈)။ ဓမ္မဟောင်းကျမ်းတွင် ထာဝရဘုရားသခင် ဂတိတော်ထားခဲ့သော ကယ်တင်ရှင် ယေရှုခရစ်တော် ပေါ်ထွန်းလာသည့် အကြောင်းကို ဖော်ပြထားပြီး၊ ထိုကယ်တင်ရှင်ကို ယုံကြည်လက်ခံသူများနှင့် လက်မခံသူတို့ကြား ရရှိခံစားမည့်အကြောင်းနှင့် အကျိုးများကို ဖော်ပြထားပါသည်။ ကယ်တင်ရှင်ယေရှု ဘုရားဘုံသို့ ပြန်တက်သွား၍ ကောင်းကင်သစ်၊ မြေကြီးသစ်ကို ပြင်ဆင်နေကြောင်း၊ မာရ်နတ်နှင့်လူသားများကို တရားစီရင်မည့်အကြောင်း၊ ကယ်တင်ရှင် ယေရှုခရစ်တော်(ဒုတိယအာဒံ)အားဖြင့် ဒုက္ခဘုံမှချမ်းသာသုခဘုံသို့ တိုက်ရိုက် သွားခွင့်ရှိကြောင်း၊ သူ့ကို ယုံကြည်သူများအတွက် ခရစ်တော်သည် အပြစ်လွတ်ခြင်းအမိန့်ကို ထုတ်ပြန်ခဲ့ခြင်း၊ သူ့ကို ကိုးကွယ်သူများ မာရ်နတ်သားအဖြစ်မှ ဘုရားသားအဖြစ် သတ်မှတ်ခံရခြင်း၊ ယခုရှိသော ကောင်းကင်နှင့် မြေကြီးကို မီးဖြင့်ရှို့ခြင်း၊ ခရစ်တော်ဒုတိယကြိမ်ပြန်လာခြင်း၊ ကမ္ဘာ၏နောက်ဆုံးသော ကာလတွင် ဖြစ်ပျက်မည့် မိစ္ဆာပရောဖက်များအကြောင်းကို ဖေါ်ပြထား ပါသည်။
ဓမ္မဟောင်းကျမ်းများနှင့် ဓမ္မသစ်ကျမ်းတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်မှုမရှိကြောင်း၊ အရေးကြီးသည့်သက်သေအချို့ကို အောက်ပါအတိုင်း တင်ပြလိုပါသည်။
- ဓမ္မဟောင်းကျမ်းများတွင် ဖန်ဆင်းရှင်ထာဝရဘုရားမှအပ မည်သည့်ဘုရားကိုမှ မကိုးကွယ်ရန် အမိန့်ပါရှိသကဲ့သို့၊ ဓမ္မသစ်ကျမ်းများတွင်လည်း ယေရှုခရစ်တော်ကိုသာ ကိုးကွယ်ရန် အမိန့်ပါရှိသည်(ထွက်မြောက်ရာ ၂၀း၃၊ ရှင်ယောဟန် ၁၄း၆)။
- ဖန်ဆင်းရှင်ထာဝရဘုရားနှင့်ယေရှုခရစ်တော်သည် တစ်ဆူတည်းသာ ဖြစ်ကြောင်း သွန်သင်ပါသည် (ရှင်ယောဟန် ၁၀း၃၀၊ ဗျာဒိတ် ၂၂း၁၃)။
- ထာဝရဘုရားသည် အစဉ်အသက်ရှင်သောဘုရားဖြစ်သလို၊ ယေရှုခရစ်တော်သည်လည်း အစဉ်အသက်ရှင်သောဘုရားဖြစ်ကြောင်း သက်သေခံထားပါသည်(ဟေဗြဲ ၁၃း၈)။
- ဓမ္မဟောင်းကျမ်းများ၌ ထာဝရဘုရားသည် ဖန်ဆင်းရှင်ဖြစ်သကဲ့သို့၊ ဓမ္မသစ်ကျမ်းများ၌ ယေရှုခရစ်တော်သည် ဖန်ဆင်းရှင်ဖြစ်ကြောင်းနှင့်သူ့ကို ကိုးကွယ်သူများအား တမလွန်ဘဝအတွက် ကောင်းကင်သစ်နှင့်မြေကြီးသစ် (ပါဠိအခေါ် နိဗ္ဗာန်ဘုံ၊သုခဘုံ)ကို ပြင်ဆင်သူဖြစ်ကြောင်း သွန်သင်ခဲ့ပါသည်(ရှင်ယောဟန် ၁း၁-၄၊၁၄၊ ၁၄း၁-၆)။
- ဓမ္မဟောင်းကျမ်းများက ထာဝရဘုရားသည် ကောင်းကင်ဘုံ၌နေကြောင်း သွန်သင်သကဲ့သို့၊ ယေရှုခရစ်တော်သည်လည်း မိမိလာရာ ကောင်းကင်ဘုံသို့ ပြန်သွားခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ပါသည်(တမန်တော် ၁း၉-၁၀)။
- ဓမ္မဟောင်းကျမ်းများ၌ ထာဝရဘုရားသည် ကောင်းကင်၊မြေကြီးနှင့်ငရဲကို ပြုလုပ်သူဖြစ်ကြောင်း ဖေါ်ပြထားသကဲ့သို့၊ ဓမ္မသစ်ကျမ်းများ၌ ယေရှုခရစ်တော်သည် ထိုအရာအားလုံးကို ပြုလုပ်သူနှင့်တရားစီရင်ပိုင်ခွင့်ရှိသူ ဖြစ်ကြောင်း ဖေါ်ပြထားခဲ့ပါသည် (ကမ္ဘာဦး ၁နှင့်၂၊ ရှင်မဿဲ ၂၈း၁၈၊ ဖိလိပ္ပိ ၂း၁၀၊ ဗျာဒိတ် ၂၀း၁၀-၁၅)။
- ဓမ္မဟောင်းကျမ်းများ၌ ထာဝရဘုရားသည် နတ်များ၊ လူများကို အုပ်စိုးသကဲ့သို့၊ ဓမ္မသစ်ကျမ်းများ၌ ယေရှုခရစ်တော်သည်လည်း ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါများ၊ နတ်များကိုလည်း ပိုင်သအုပ်စိုးသူ ဖြစ်ကြောင်း သွန်သင်ပါသည် (ဖိလိပ္ပိ ၂း၂၀)။
ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းများ ဆန့်ကျင်သည်ဟု ယူဆနေသူများသည်-ထာဝရဘုရား၏စီရင်ပိုင်ခွင့်၊ တန်ခိုးတော်နှင့်ထာဝရဘုရား၏ပိုင်ဆိုင်မှုအခွင့်အာဏာကိုနားမလည်၍ လူသားများ၏အတွေးအခေါ်နှင့် လူ့မျက်စိအားဖြင့် မြင်ရသည့်အပိုင်းကိုသာ စဉ်းစားတတ်ခြင်း၊ ဝင်္ကဝုတ္တိအလင်္ကာဖြင့်ရေးသားထားချက်များ၊ ဗျာဒိတ်ပြုချက်များနှင့် ကျမ်းစာ၏ဆိုလိုရင်း အနှစ်သာရကို နားမလည်ခြင်းကြောင့် ဖြစ်ပါသည်။ ဥပမာအားဖြင့် သက်သေပြရလျှင် ဦးချို(၇)ချောင်းသည် နိုင်ငံ(၇)နိုင်ငံ သို့မဟုတ် ခေါင်းဆောင်(၇)ဦးကို ရည်ညွှန်းနေခြင်း ဖြစ်ပါသည် (ဗျာဒိတ် ၁၇း၁၂)။ တိရစ္ဆာန် ဦးချို(၇)ချောင်းဟု ထင်မှတ်ခြင်းကြောင့် ဆန့်ကျင်သည်ဟုထင်နေခြင်း ဖြစ်ပါသည်။