မေးခွန်း-(၂၁)။ ဆိုး၍မိုက်၍ မလိမ်မာသည့်လူယုတ်မာများကို အဘယ်ကြောင့် ဖန်ဆင်းထား ပါသနည်း။ သူဟာသူ ဆိုးမိုက်လာရသည်ဆိုပါက အနန္တတန်ခိုးတော်ဖြင့် ပြန်လည် ရုတ်သိမ်း သင့်ပါသည်။ အဘယ်ကြောင့် သူဖန်ဆင်းသည့်လူများကို သူမထိန်းနိုင်သနည်း။ ထာဝရဘုရား၏ တန်ခိုးတော်က မည်သို့နည်း။

Published on September 18, 2025 by Admin

ဆိုးမိုက်၍မလိမ်မာသည့် လူယုတ်မာများကို အဘယ်ကြောင့် ဖန်ဆင်းထားပါသနည်း။

ထာဝရဘုရားသည် မလိမ်မာသည့် လူမိုက်များကို ဖန်းဆင်းထားခဲ့ခြင်း မရှိပါ။ လူသားများ၏ ဖခင်အချုပ် အာဒံနှင့် မိခင် အချုပ် ဧဝ ကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းခဲ့သောကြောင့် အပြစ်မရှိသူများ၊ ဖြောင့်မတ်သူများ၊ စင်ကြယ်သူများသာ ဖြစ်ခဲ့ပါသည်။ ထိုကဲ့သို့ စင်ကြယ်သော မိခင်နှင့် ဖခင်မှ ဖွားမြင်လာမည့်သူများသည်လည်း စင်ကြည်သူများ ဖြစ်ရန်သာ ဘုရားသခင် အလိုတော် ရှိခဲ့ပါသည်။

သို့သော် ကမ္ဘာဦး လူသားနှစ်ဦးဖြစ်သည့် အာဒံနှင့် ဧဝသည် ဘုရားသခင် ပညတ်ထားသည့် တစ်ခုတည်းသော ပညတ်တရားကို မာန်နတ်၏လှည့်စားမှုကြောင့် မစောင့်ထိန်းနိုင်ပဲ ချိုးဖောက် ခဲ့ကြပါသည်။ ထိုအချိန်မှစ၍ လူသားများသည် သန့်ရှင်းစင်ကြယ်သော သူတော်စင်ဘဝမှ အပြစ်သားဘဝ၊ သုခဘုံဘဝမှဒုက္ခဘုံဘဝသို့ ကျဆင်းသွားခဲ့ရပြီး အို၊ နာ၊ သေခြင်းတရားကို ရင်ဆိုင် တွေ့ကြုံလာရခြင်း ဖြစ်ပါသည်။ ဒေါက်တာလာဆစ်ဒူကာ၊ သင်သည် သေခြင်းတရားနှင့်မကင်းခဲ့လျှင် ကမ္ဘာဦးလူသားနှစ်ဦးထံမှ ဆင်းသက်လာခဲ့ကြောင်း မြေကြီးလက်ခတ်မလွှဲ သေချာနေပါသည်။

အပြစ်ထဲသို့ကျသွားခဲ့သော လူသားများ၏ ဖခင်အချုပ်အာဒံနှင့် မိခင်အချုပ်ဧဝတို့မှ ပွားများလာသော လူသားမျိုးနွယ်စုအားလုံးသည်လည်း အပြစ်သားများ ဖြစ်လာခဲ့ပါသည်။ ထိုအပြစ်၏အကျိုးကာ ဆိုးမိုက်ခြင်းနှင့် အို၊ နာ၊ သေခြင်းတို့ ဖြစ်ပါသည်။ ထိုကဲ့သို့ မဖြစ်စေလို၍ ဘုရားသခင်သည် အာဒံနှင့်ဧဝတို့ကို အထူးပညတ်၍ သတိပေးခဲ့ခြင်း ဖြစ်ပါသည်။ 

ထို့ကြောင့် ယနေ့ကမ္ဘာပေါ်တွင် လူသားများဆိုးမိုက်နေခြင်းသည် ထာဝရဘုရား ဖန်ဆင်းထား၍ မဟုတ်ပဲ မာရ်နတ်၏ အကြံအစည်နှင့် လူသားများ၏ ဖခင်အချုပ် အာဒံနှင့် မိခင် အချုပ် ဧဝတို့၏ အမိန့်မနာခံမှုကြောင့်သာ ဖြစ်ကြောင်း နားလည်ရပါသည်။

သူ့ဟာသူ ဆိုးမိုက်လာရသည်ဆိုပါက အနန္တတန်းခိုးတော်ဖြင့် ပြန်လည်ရုပ်သိမ်းသင့်ပါသည်။ အဘယ်ကြောင့် လူများကို သူမထိန်းနိုင်သနည်း။ ထာဝရ ဘုရား၏ တန်ခိုးတော်ကား မည်သို့နည်း။

ထာဝဘုရားသည် တန်ခိုးတော် အနန္တ၊ ဉာဏ်တော် အနန္တ၊ အဖြစ်တော် အနန္တ၊ သစ္စာတော် အနန္တ၊ သန့်ရှင်ခြင်းအနန္တ၊ မေတ္တာတော်အနန္တ ရှိသောဘုရားဖြစ်၍ တုနှိုင်းဖွယ်မရှိ၊ အပြစ်နှင့်ကင်းစင်ပြီး၊ တရားသဖြင့် စီရင်တော်မှုသောဘုရားသခင် ဖြစ်ပါသည်။ အပြစ်ထဲသို့ကျသွားခဲ့သော လူသားများသည် ဘုရားသခင်မိန့်တော်မူသည့်အတိုင်း သေခြင်းကို ရင်ဆိုင်ကြုံတွေ့ရခြင်း ဖြစ်ပါသည်။ အို၊ နာ၊ သေခြင်းတရားကို ဘုရားသခင်မှအပ မည်သည့် တန်ခိုးရှင်၊ မည်သည့်ဘုရား၊ မည်သည့်ပုဂ္ဂိုလ်မှ မတားဆီးနိုင်ပေ။ ထိုဖြစ်ရပ်က ထာဝရဘုရားသည် တုနှိုင်းဖွယ်မရှိသော အနန္တတန်ခိုးရှင်ဘုရား ဖြစ်ကြောင်း သက်သေပင် ဖြစ်ပါသည်။ ထိုအိုနာသေခြင်းကို အကန့်အသတ်အားဖြင့်သာ ဤကမ္ဘာပေါ်မှာ ထားခဲ့ပါသည်။ နောက်ဆုံး၌ သေခြင်းကို ဖျက်ဆီးမည့်နေ့ရက်၊ လူသားများကို တရားစီရင်မည့်နေ့ရက် ရှိပါသည်( ၁ ကောရိန္သု ၁၅း၂၅-၂၇)။

လောကလူသားများသည် အပြစ်သားများဖြစ်လာခဲ့၍ ဘုရားသခင်ရှေ့တော်၌ ကံသုံးပါးဖြင့်လည်း ဆိုးမိုက်နေသူများသာဖြစ်လာသောကြောင့် ကိုယ်ခန္ဓာလည်း သေရမည်။ နာမ်ဝိညာဉ်ကိုယ်ခန္ဓာလည်း အပ္ပါယ်ငရဲသို့ ပစ်ချခြင်းခံရမည်။ အပ္ပါယ်ငရဲတွင် ထာဝရဆင်းရဲဒုက္ခကို အံကြိတ်၍ ထာဝရခံစားရမည် ဖြစ်ပါသည်။ ထို့ကြောင့် ထာဝရဘုရားသည် မေတ္တာတော် အနန္တရှိတော်မူသောဘုရား ဖြစ်သည့်အတိုင်း လူသားများကို အပြစ်ငရဲမှ ကယ်တင်ရန် ယေရှုခရစ်တော်ကို ဤလောကသို့ စေလွတ်ခဲ့ပြီး ဘုရားစစ်ဖြစ်ကြောင်း ပြသရန် လက်ဝါကပ်တိုင်ပေါ်တွင် မိမိ၏အသက်ဇီဝကို ဇီဝိတပရိစာဂ ပြုခဲ့ပါသည်။ ဗျာဒိတ်တော်အတိုင်း သုံးရက်မြောက်သည့်နေ့ (ယခုတနင်္ဂနွေနေ့)တွင် သေခြင်းမစ္စုမာရ်ကို အောင်သောဘုရား ဖြစ်ကြောင်း ပြသခဲ့ပါသည်။ သေခြင်းမစ္စုမာရ်ကို အောင်ခဲ့သောယေရှုခရစ်တော်ကို ဘုရားစစ်နှင့်မိမိ၏ကယ်တင်ရှင် အဖြစ် ယုံကြည်လက်ခံသူတိုင်းသည် အပြစ်ငရဲမှလွတ်‌မြောက်စေရန် နှင့် မယုံကြည်သူများသည် အပ္ပါယ်ငရဲသို့ပစ်ချရန် အပြစ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့် ထာဝရသေဒဏ် စီရင်ချက်ချခဲ့ပြီး ဖြစ်ကြောင်း သိပါလေ (ရှင်ယောဟန် ၃း၁၆-၁၉၊ ၁၄း၆)။

အစိုးရတစ်ရပ်ကိုထားခဲ့ခြင်း (ရောမသြဝါဒ ၁၃း၁-၆)

ဤလောက၌ လူသားများ အသက်ရှင်နေစဉ်တွင် ဆိုးမိုက်သောသူများကို တရားစီရင်ရန် ဘုရားသခင်သည် အစိုးရတစ်ရပ်ကို ထားခဲ့ပါသည်။ အစိုးရသည် ဆိုးမိုက်သောသူများကို တရားသဖြင့် စီရင်ပိုင်ခွင့် အပြည့်အဝ ပေးထားခဲ့ပါသည်။ 

မိမိအသက်ရှင်နေချိန်တွင် ဘုရားမဟုတ်သောအရာများကို ကိုးကွယ်ခြင်းနှင့် မကောင်းသော ဒုစရိုက်များကို ပြုလုပ်ခြင်းမှ နောင်တရပြီး ယေရှုခရစ်တော်ကို ယုံကြည်၍ကိုးကွယ်ရန် လူသားများအား အထူးအခွင့်အရေး ပေးထားခဲ့ပါသည်။ ထိုအခွင့်အရေးကို ကျေးဇူးတော်(Grace) ဟု ခေါ်ပါသည်။ ယေရှုခရစ်တော်ကို ငြင်းပယ်မည်ဆိုခဲ့လျှင်  အပြင်ကိုယ်ခန္ဓာသေခြင်းကို မြေကြီးလက်ခတ်မလွှဲ ကြုံတွေ့ရသကဲ့သို့၊ အစ္ဇျတ္တ ခေါ် အတွင်းလူသည်လည်း ထာဝရငရဲမီးအိုင်သို့ ကျရောက်မည် ဖြစ်ကြောင်း သတိရှိရန်လိုသည်။

ထို့ကြောင့် ထာဝရဘုရားသည် သူဖန်ဆင်းထားသည့် လူသားများကို မထိန်းနိုင်ခြင်းမဟုတ်ပဲ သူ၏တန်ခိုးတော်နှင့် ချစ်ခြင်းမေတ္တာတော်ကို လူသားများနားလည်လာစေရန်နှင့် တစ်ယောက်မျှ မကြွင်း ကယ်တင်ခြင်းရစေရန် ဘုရားသခင်၏လူများကို ကမ္ဘာအရပ်ရပ်သို့ စေလွှတ်ပြီး ခရစ်တော်၏ကယ်တင်ခြင်းသတင်းကို လူသားများအား ကြေငြာလျှက် ရှိနေပါသည် (ရှင်မာကု ၁၆း၁၅-၁၆)။  ခရစ်တော်ဘုရား၏ကယ်တင်ခြင်းအကြောင်း ဟောပြောသက်သေခံခြင်းသည် ဘာသာဆွယ်ခြင်း မဟုတ်ကြောင်း သတိချပ်သင့်ပါသည်။ ခရစ်တော်၏ကယ်တင်ခြင်းအကြောင်း သက်သေခံနေသူများသည်လည်း ဘာသာဆွယ်ခြင်း၊ ခရစ်ယာန်ဘာသာသို့ဝင်ရန် ဟောပြောခြင်း၊ ခရစ်ယာန်ဂိုဏ်းဂဏတစ်ခုခုထဲသို့ သွတ်သွင်းခြင်း မပြုသင့်ပေ။ ကယ်တင်ရှင်ခရစ်တော်ထံသို့သာ လူသားများကို ပို့သင့်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>