မေးခွန်း-(၂ဝ)။ ယေရှုခရစ်၏မွေးနေ့၊မွေးရက်၊မွေးလ၊ မွေးသက္ကရာဇ်နှင့် မွေးသည့်မြို့နေရာဒေသ အတိအကျရှိလျှင် ဖြေပေးပါ။

Published on September 18, 2025 by Admin

ယေရှုခရစ်တော်ဘုရားသည် အစနှင့်အဆုံးဘုရား ဖြစ်ပါသည် (ဗျာဒိတ်ကျမ်း ၂၂း၁၃)။ ပါဠိဘာသာအခေါ်အရ သူသည် ဧကောဗုဒ္ဓေါ၊ ဧကောဓမ္မော၊ ဧကောသံဃောဘုရား ဖြစ်ပါသည်။ ထိုကြောင့် သူ၏မွေးနေ့သည် လူသားများ စဉ်းစားသကဲ့သို့ မဟုတ်ကြောင်း သိထားသင့်ပါသည်။ ဒေါက်တာလာဆစ်ဒူကာ၊ သင်၏ဘိုးဘွား၊ ဘီဘင်တို့၏မွေးနေ့၊ မွေးရက်၊ မွေးလ၊ မွေးသက္ကရာဇ်များကို သင်အတိအကျ သိပါသလား။ ထိုအရာများကိုပင် သင်မသိ၍ သင်၏ဘိုးဘွား၊ ဘီဘင်များ မရှိခဲ့ပါဟုဆိုလျှင် မှန်ပါသလား။ ထိုအရာများကို သင်မသိခြင်းသည် မှတ်တမ်းမတင်ထား၍သာ ဖြစ်ပါသည်။ သူတို့၏ မွေးသက္ကရာဇ်များကို သင်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သင်၏ဘိုးဘွား၊ ဘီဘင်များ အမှန်တကယ် ရှိခဲ့သည်မှာ သေချာလှပါသည်။ ခိုင်လုံသည့်သက်သေမှာ သင်ကိုယ်တိုင် ရှိနေခြင်းပင် ဖြစ်ပါသည်။

ဒေါက်တာလာဆစ်ဒူကာ၊ သင်၏မွေး၊နေ့၊မွေးရက်၊ မွေးလ၊မွေးသက္ကရာဇ်က ပို၍ အရေးကြီးသလော၊ သင်ကိုယ်တိုင်က မည်သူ ဖြစ်သည်၊ မည်သည့်အရာကို လုပ်နိုင်သည် ဆိုသည့် အချက်က ပိုအရေးကြီးသလား။ 

သမ္မာကျမ်းစာအုပ်သည် ထာဝရဘုရား၏ အတ္ထုပ္ပတ္တိကို မှတ်တမ်းတင်ထားသည့် စာအုပ် မဟုတ်ပေ။ ဖန်ဆင်းရှင်ထာဝရဘုရား ပြုခဲ့သည့် အကြောင်းအရာများ၊ ယခုလက်ရှိ ပြုလုပ်နေသည့်အကြောင်းအရာများနှင့် ပြုလုပ်ဦးမည့်အကြောင်းအရာများအထဲမှ အနည်းငယ်ကိုသာ မှတ်တမ်းတင်ထားခဲ့ခြင်း ဖြစ်ပါသည်။ ထာဝရဘုရား၏ သမ္မာကျမ်းစာတွင် ဖန်ဆင်းရှင် ထာဝရဘုရား အသုံးပြုခဲ့သောသူများစွာကို ဖေါ်ပြထားခဲ့သော်လည်း  ၎င်းတို့အထဲမှ မည်သူတစ်ဦးတစ်ယောက်၏ မွေးနေ့၊ မွေးရက်၊ မွေးလ၊ မွေးသက္ကရာဇ်ကိုမျှ ဖေါ်ပြမှတ်တမ်းတင်ထားခဲ့ခြင်း မရှိခဲ့ကြောင်း တွေ့ရပါသည်။ 

သက်သေ-(၁)။ ကမ္ဘာ့သမိုင်းတွင် အရေးကြီးဆုံးပုဂ္ဂိုလ်များဖြစ်သည့် ကမ္ဘာဦးလူသားနှစ်ဦး အာဒံနှင့်ဧဝ တို့ကို ကမ္ဘာဦး ဆဌမနေ့ရက်တွင် ဖန်ဆင်းခဲ့သည်ဟုသာ သိရပါသည်။ ခုနှစ်၊လ၊ နေ့ရက် အတိအကျ ဖေါ်ပြထားခဲ့ခြင်း မရှိပေ။ ထိုအရာများ မရှိ၍ လူကို မဖန်ဆင်းခဲ့ပါဟု မငြင်းနိုင်ပေ။ အဘယ်ကြောင့် ဆိုသော် သက်သေအဖြစ် (၇)ရက်တစ်ပါတ်ရှိနေပါသည်။

သက်သေ-(၂)။ ကမ္ဘာဖျက်မိုးသည် ရက်ပေါင်း(၄၀)ရွာသွန်းခဲ့ပြီး၊ ကမ္ဘာလူသားအားလုံးကို ရေအားဖြင့်သုတ်သင် ဖျက်ဆီးခဲ့သည့်အခါ နောဧ၊ ရှေမ၊ဟာမ၊ ယာဖက်နှင့်သူတို့၏မိန်းမများ၊ စုစုပေါင်း(၈)ဦးကိုသာ ထာဝရဘုရားသည် နောဧသင်္ဘောဖြင့် ကယ်တင်ခဲ့ပါသည်။ နောဧနှင့်သူ၏သားများ၊ သူတို့၏မိန်းမများ မွေးနေ့၊ မွေးရက်၊ မွေးလ၊ မွေးသက္ကရာဇ်တို့ကို ဖေါ်ပြထားခဲ့ခြင်း မရှိပေ။ 

သက်သေ-(၃)။ အစ္စရေးလူမျိုး၏ဘိုးဘေးဖြစ်သောအာဗြဟံ၊ အာရပ်လူမျိုးများ၏ဖခင်အချုပ် Ishmael၏ ဖခင်လည်း ဖြစ်သူ အာဗြဟံ၏မွေးနေ့၊ မွေးရက်၊ မွေးလ၊ မွေးသက္ကရာဇ်တို့ကို ဖေါ်ပြထားခဲ့ခြင်း မရှိပေ။ ထိုသို့ မှတ်တမ်းတင်ထားခဲ့ခြင်း မရှိသောကြောင့် ထိုသူများ မရှိခဲ့ဟု မငြင်းနိုင်ပေ။ ထိုလူပုဂ္ဂိုလ်များသည် အမှန်တကယ် ရှိခဲ့ကြောင်း သမိုင်းက သက်သေပြနေပါသည်။

လူအချို့သည် သခင်ယေရှုခရစ်၏ မွေးနေ့၊မွေးရက်၊မွေးလ၊ မွေးသက္ကရာဇ်ကို ကြည့်ပြီး သခင်ယေရှုခရစ်ကို ကဲ့ရဲ့ခြင်း၊ ရှုတ်ချခြင်းများကို အကျယ်တဝင့်ပြုလုပ်နေကြပါသည်။ သခင်ယေရှုခရစ်၏ မွေးနေ့၊မွေးရက်ကို သိခြင်းနှင့် မသိခြင်းသည် အဓိကအကြောင်းအရာ မဟုတ်ပေ။ သခင်ယေရှုခရစ်တော်သည် ဘုရားဘုံမှဒုက္ခဘုံသို့ ကြွဆင်းလာခဲ့သူ မှန်၊ မမှန်ဆိုသည့်အချက်နှင့် ဘုရားစစ်၊ မစစ်ဆိုသည့် အချက်များကို သိရှိရန်နှင့် ခရစ်တော်ဘုရားက လူသားများ၏အပြစ်များကို လွတ်ပေးသူဖြစ်ကြောင်း၊ အပါယ်ငရဲမှ ကယ်တင်သူဖြစ်ကြောင်း ဟုတ်၊ မဟုတ် သိရှိရန်သည် အဓိက ဖြစ်ပါသည်။ ထိုအချက်များကိုသာ ခရစ္စမတ်ကာလ၌ ဟောပြောသက်သေခံရန် အထူးလိုအပ်ပါသည်။ ခရစ်တော်ကို မသိသေးသူများလည်း ခရစ်တော်၏အကြောင်းကို သိအောင်ကြိုးစားသင့်ပါသည်။ ပါဠိဘာသာလိုတင်ပြရရင် ယေရှုခရစ်တော်သည် ဗုဒ္ဓစစ်၊ မစစ်ဆိုသည့် အချက်သည် အဓိက အရေးကြီးဆုံး ဖြစ်ပါသည်။

ယေရှုခရစ်တော်သည် အပျိုစင်ကညာတစ်ဦးမှ ယုဒပြည်၊ ဗက်လင်မြို့မှာ ဖွားမြင်လာမည်ဟု ဗျာဒိတ်ပြုခဲ့ပါသည် (ဟေရှာယ အနာဂတ္တိကျမ်း ၇း၁၄၊ ၉း၆)။ သူသည် လူသားများနှင့်အတူနေလာမည့် ထာဝရဘုရား ဖြစ်ပါသည်။ သူ့ကို ယုဒပြည်(Judah)၊ ဗက်လင်မြို့မှာဖွားမြင်မည်ဟု ဗျာဒိတ် ပြုခဲ့ပါသည်(မိက္ခာ၅း၂၊ လုကာ ၂း၇)။ ယေရှုခရစ်တော်ကို ဘီစီ(၄)ခုနှစ်မှာ ဖွားမြင်ခဲ့မည်ဟု ကျမ်းတတ်ပုဂ္ဂိုလ်များက ခန့်မှန်းကြပါသည်။ ဖွားမြင်ခဲ့သည့် နေ့ရက်မှာ ဒီဇင်ဘာလ (၁)ရက်မှ ဇန္နဝါရီလ(၁ဝ)ရက်အတွင်း၊ မွေးဖွားချိန်ကား ညသန်းခေါင်၊ သို့မဟုတ် မနက်ပိုင်း တစ်ချိန်ချိန် ဖြစ်မည်ဟု ခန့်မှန်းကြပါသည်။ ဒီဇင်ဘာလ(၂၅)ရက်ကို ခရစ္စမတ်နေ့အဖြစ် သတ်မှတ်ထားခဲ့ခြင်းသည် ကျမ်းတတ်ပုဂ္ဂိုလ်များက သတ်မှတ်ထားခဲ့ခြင်းသာ ဖြစ်ကြောင်း သိရပါသည်။

ဗက်လင်မြို့သည် ဗြိတိသျှတို့၏ ၁၉၂၀-၁၉၄၈ နယ်နမိတ်သတ်မှတ်ချက်အရ ပါလက်စတိုင်း နိုင်ငံတွင် တည်ရှိနေပါသည်။ ကျမ်းတတ်ပုဂ္ဂိုလ်များ၏သုံးသပ်ချက်အရ လူသားများသည် မွေးနေ့ကို အဓိကထားကျင်းပနိုင်၍၊ ဘုရားဘုံမှလူ့ဘုံ၊ ပါဠိအခေါ် နိဗ္ဗာန်ဘုံ၊သုခဘုံမှ ဒုက္ခဘုံသို့ ယေရှုခရစ်တော် ကြွဆင်းလာခဲ့ခြင်း၏ရည်ရွယ်ချက်ကို သာမညအဖြစ် သဘောထားမည်ကို ကြိုတင်သိရှိသည့်အတွက် မွေးရက်ကို လျှို့ဝှက်ထားခဲ့နိုင်သည်ဟု ယူဆကြပါသည်။ သူတို့ခန့်မှန်း ယူဆချက်သည် လက်တွေ့ဖြစ်ရပ်နှင့် ထပ်တူဖြစ်သည်ဟု သုံးသပ်ရပါသည်။ ယနေ့ လူသားများသည် ကယ်တင်ရှင် မေရှိယ၊ပါဠိအခေါ် အရိမေတ္တယျ ကြွလာခဲ့ခြင်း၏ရည်ရွယ်ချက်ကို သာမညထားပြီး၊ သခင်ယေရှု ခရစ်တော်၏မွေးနေ့၊ အင်္ဂလိပ်လို ခရစ္စမတ်ပွဲတော်ကို ပျော်ပွဲ၊ရွှင်ပွဲအဖြစ်လည်းကောင်း၊ စီးပွားရေးအမြတ်အစွန်း ရရှိရန်အတွက်လည်းကောင်း အဓိကထား ကျင်းပနေကြကြောင်း မြင်တွေ့နေရပါသည်။ 

ယေရှု၏အဓိပ္ပါယ်မှာ “ကယ်တင်ရှင်”ဟု အဓိပ္ပါယ်ရှိပါသည်။ ထိုယေရှုသည် ဟီဗရူးဘာသာ စကားဖြင့် မေရှိယ၊ ဂရိလို ခရစ်တော်ဖြစ်ကြောင်း မှတ်တမ်းတင်ထားခဲ့ပါသည် (ရှင်ယောဟန် ၄း၂၅-၂၆)။ ဆန်းခရစ် (Sanskrit)နှင့် ပါဠိ(Pali)ဘာသာစကားဖြင့် မေတ္တယျဟု အသံထွက်ပါသည်။ စာပေ ဘာသာပြန်သဘောအရ-ဟိန္ဒူလို Ashokaကို ဗမာလို အာသောက၊ ဟိန္ဒူလို Sasanaကို ဗမာလို သာသနာ၊ အင်္ဂလိပ်လို Judsonကို ဗမာလို ယုဒသန်ဟု ပြောင်းလဲသွားသကဲ့သို့ မေရှိယ၏နာမသည်လည်း နှစ်ပေါင်းထောင်ချီ ကြာလာသည့်အခါ အသံထွက်နှင့် စာလုံးပေါင်းသည် ကွာဟလာကြောင်း သိရပါသည်။ သို့သော် မေရှိယသည် အရိမေတ္တယျဖြစ်ကြောင်း လက်ဝါးကပ်တိုင်နှင့် တနင်္ဂနွေနေ့က သက်သေထူနေပါသည်။

What does Maitreya mean?

Maitreya (Sanskrit), Metteyya (Pali), is regarded as a future Buddha of this world in Buddhist eschatology. … According to Buddhist tradition, Maitreya is a bodhisattva who will appear on Earth in the future, achieve complete enlightenment, and teach the pure dharma. 

ဗုဒ္ဓ၏အဓိပ္ပါယ်မှာ “ဘုရား” ဖြစ်သည်။ မဂဓဘာသာဖြင့် “ဘုရား”ကို ဗုဒ္ဓဟု ခေါ်ပါသည်။ ထေရဝါဒဗုဒ္ဓဘာသာဝင်များကိုးကွယ်သော နှစ်ကျိပ်ရှစ်ဆူဘုရားများမှ သိဒ္ဓတ္ထဂေါတမသည် နောက်ဆုံးဘုရားဖြစ်ကြောင်း နှစ်ကျိပ်ရှစ်ဆူသမိုင်းအရ သိရပါသည်။  Arimartreyaသည် နှစ်ကျိပ်ရှစ်ဆူနှင့်တိုက်ရိုက်မပတ်သက်ဘဲ နောင်တွင် ပေါ်ထွန်းလာမည့် အကြီးမြတ်ဆုံးဘုရား ဖြစ်ကြောင်း သိရပါသည်။ လူသားအားလုံးကိုးကွယ်ရမည့်ဘုရား ဖြစ်သည်ဟု နားလည်ရပါသည်။ ဟိုလူမျိုးအတွက်ဘုရားတစ်ဆူ၊ ဒီလူမျိုးအတွက်ဘုရားတစ်ဆူ၊ ဟိုဘာသာအတွက်ဘုရားတစ်ဆူ၊ ဒီဘာသာအတွက်ဘုရားတစ်ဆူ မရှိကြောင်း၊ လူသားများအားလုံးအတွက် ဘုရားတစ်ဆူသာ ရှိကြောင်း နားလည်ရပါသည်။ ဘုရား၊ပါဠိအခေါ် ဗုဒ္ဓသည် နှစ်ကျိပ်ရှစ်ဆူ မရှိမီ၊ ကမ္ဘာဦးလူသားနှစ်ဦး မရှိမီကတည်းက ကမ္ဘာဦးဗုဒ္ဓ၊ဋ္ဌာဝယဗုဒ္ဓ၊ နိစ္စဗုဒ္ဓ အဖြစ်တည်ရှိခဲ့ကြောင်း သိရပါသည်။

ကမ္ဘာဦးလူသားနှစ်ဦးကို အသက်သွင်း အနေဂဇာတင်ခဲ့သည့်ထာဝရဘုရား၊ ပါဠိအခေါ် ထာဝရဗုဒ္ဓ၊ နိစ္စဗုဒ္ဓသည် ဘုရားဘုံမှလူ့ဘုံသို့ မေရှိယ(ယေရှု၊ခရစ်တော်၊မေတ္တယျ) နာမဖြင့် ကြွဆင်းလာခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ကြွလာခဲ့သည့်ရည်ရွယ်ချက်သည် လူမျိုးတိုင်းကိုးကွယ်ရမည့် ဘုရားစစ်၊ ဘုရားမှန်သည် ယေရှုခရစ်တော်ဖြစ်ကြောင်း၊ သူ့ကိုအမှီပြုမှ ဘုရားဘုံရောက်မည်ဟု သတင်းစကားပါးလာခဲ့ခြင်းဖြစ်သည်ဟု သိရပါသည်(ထွက်မြောက်ရာကျမ်း ၂၀း၃၊ ရှင်ယောဟန် ၁၄း၆)။ 

ထာဝရဘုရားနှင့် သူဖန်ဆင်းခဲ့သော လူသားများကို ဧဒင်ဥယျာဉ်ခေတ်၏နောက်ပိုင်းတွင် ပြန်လည်တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်(ရှင်မဿဲ ၁း၂၁)။ ယေရှုခရစ်တော်သည် လူသားအားလုံး ကိုးကွယ်ရမည့်ဘုရားဖြစ်ကြောင်းကို ဗမာ့သဘောင်၌ ရှေးဗမာလူကြီးများသွန်သင်ခဲ့သည့် “ဗောဓိကုက္ကိုလ် ညောင်ထိုထို လူပျိုဘုရားမရှိငြား၊ ကယ်မည့်ဘုရား အပျိုသား၊ ဗုဒ္ဓအများ ဖူးလတံ့”နှင့် ကိုက်ညီနေသည်ဟု နားလည်ရပါသည်။ ထေရဝါဒီများက ပယ်ထားသော ကျမ်းပယ်များတွင် ထိုမေရှိယ (မေတ္တယျဘုရား) သည် “လက်တော်ဒဏ်ချက်နှင့် နံဘေးတော်မှာ လှံချက်တော်ဒဏ်ရာရှိသောသူ” ဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့သည်ဟု သိရပါသည်(ရှင်ယောဟန် ၂၀း၂၇)။ မင်းတုန်းမင်းလက်ထက်၌ ဆဌမသင်္ဂါယနာ တင်ရာတွင် ယေရှုခရစ်တော်နှင့် တိုက်ရိုက်ပတ်သက်သော အနာဂတံစာအုပ်ကို ကျမ်းပယ်အဖြစ်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့ရာ၊ ထိုအချက်ကို သဘောမတူခဲ့သော ဗန်းမော်ဆရာတော်သည် ထောင်နန်းစံခဲ့ရကြောင်း သိရပါသည်။

ဘုရား၊ ပါဠိအခေါ် ဗုဒ္ဓကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါသည်။  ဖန်ဆင်းရှင် ထာဝရဘုရား၊ ပါဠိအခေါ် ထာဝရဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ နိစ္စဗုဒ္ဓနှင့် ဂင်္ဂါဝါဠုသဲစုမကများနေသည့် မတည်မြဲသော လောကဘုရားများ၊ ပါဠိအခေါ် အနိစ္စဗုဒ္ဓများ၊ သင်္ခါရဗုဒ္ဓများတို့ ဖြစ်ပါသည်။ လူသားတိုင်း သေသည့်နေ့မှာ ဘုရားဘုံသို့တိုက်ရိုက် ရောက်ချင်ပါက ထာဝရဘုရား (ခေါ်) ယေရှု ခရစ်တော်ကို အမှီပြု၍ကိုးကွယ်မှ ဘုရားဘုံရောက်မည်ဟု အမိန့်ထုတ်ပြန်ထားခဲ့ပါသည်(ရှင်ယောဟန် ၁၄း၆)။

မတည်မြဲသည့် လောကဘုရားများ၊ အိုနာသေမည့်လူသားဘုရားများကို ကိုးကွယ်လိုပါက မိမိစိတ်ကြိုက် ရွေးချယ်ကိုးကွယ်နိုင်ပါသည်(ဗျာဒိတ်ကျမ်း ၂၂း၁၁-၁၂)။ မတည်မြဲသည့် လောကဘုရားများကို ရွေးချယ်ကိုးကွယ်ခြင်းသည် ကြောက်မက်ဘွယ်ကောင်းသောနေရာသို့ သွားရန် ရွေးချယ်မှုဖြစ်ကြောင်း ဗျာဒိတ်ကျမ်း ၂၀း၁၀-၁၅၊ ၂၁း၈ တို့က သတိပေးနေပါသည်။

အချုပ်ဆိုရလျှင် ဘုရားဘုံမှ လူ့ဘုံ(ဒုက္ခဘုံ)သို့ ကြွလာခဲ့သော ယေရှုခရစ်တော်ဘုရား (ခေါ်) မေရှိယဘုရား၏မွေးနေ့ကို ပုထုစဉ် လူသားများ၏မွေးနေ့များနှင့် မနှိုင်းယှဉ်သင့်ပေ။ သူ၏မွေးနေ့ကို လူသားများ၏မွေးနေ့ကဲ့သို့ မှတ်တမ်းတင်ထားခဲ့ခြင်း မရှိသော်လည်း သူသည် ဘုရားစစ်၊ ပါဠိအခေါ် ဗုဒ္ဓစစ် (အရိမေတ္တယျဘုရား) ဖြစ်ကြောင်း လက်ဝါးကပ်တိုင်မှာ အသေသတ်ခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သက်သေထူခဲ့ပြီး ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>