မေးခွန်း-(၁)။ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းခင်က ထာဝရဘုရားသခင် ဘယ်မှာ နေခဲ့ပါသနည်း။ 

Published on September 16, 2025 by Admin

ဤမေးခွန်းသည် လူသားများ မေးသင့်သောမေးခွန်းတစ်ခု ဖြစ်သည်ဟု ထင်မိပါသည်။

ထိုကြောင့် အဖြေကို သိလိုသူများအတွက် ရှင်းပြပေးခြင်းသည် ကုသိုလ်ပြုခြင်း မင်္ဂလာတစ်ပါး ဖြစ်သည်ဟု ခံယူပါသည်။ ဖန်ဆင်းရှင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီး ဖန်ဆင်းပြီးမှ တည်ရှိလာသောဘုရား မဟုတ်ပေ။ ကောင်းကင်နှင့်မြေကြီးကိုလည်း သူနေထိုင်ဖို့ ဖန်ဆင်းခဲ့ခြင်း မဟုတ်ပေ။ လူသားများနှင့် သက်ရှိသတ္တဝါများ နေထိုင်ရန် ဖန်ဆင်းတော်မူခဲ့ခြင်းသာ ဖြစ်ပါသည်။ သူသည် အနန္တရှိတော်မူသောဘုရား၊ ကောင်းကင်နှင့်မြေကြီး မတည်ရှိမီကတည်းက တည်ရှိတော်မူသောဘုရားဖြစ်သည်။ သူ၏နေရာသည် အမြင့်ဆုံးသောကောင်းကင်ဘုံ ဖြစ်ပါသည်။ ထိုဘုံကို ဘုရားဘုံဟု ခေါ်ပါသည်။

ဤမေးခွန်းကို မေးမြန်းနေခြင်းသည် ဘုရားဘုံ၊ ဒုက္ခဘုံ၊ ငရဲဘုံရှိကြောင်းကို အမှန် မသိရှိ၍လည်း ဖြစ်နိုင်ပါသည်။  ထာဝရဘုရားသည် ဤကမ္ဘာမြေကြီးနှင့်စကြဝဠာထဲ၌ နေထိုင်သည်ဟု ယုံကြည်သောကြောင့် မေးသောမေးခွန်းလည်း ဖြစ်နိုင်သည်ဟု ယူဆရပါသည်။ ဖန်ဆင်းရှင်ဘုရားကို အယုံအကြည်မရှိ၍ ခရစ်တော်ကို ကိုးကွယ်နေသည့်သူများ ဖြေနိုင်မည်မဟုတ်ဟု ထင်မြင်ယူဆ၍ မေးမြန်းခြင်းလည်း ဖြစ်နိုင်သည်ဟု ယူဆရပါသည်။

ထိုကြောင့် ဘုံသုံးဘုံအကြောင်းကို ရှင်းပြမှ ဤမေးခွန်း၏အဖြေမှန်ကို ရရှိမည်ဟု ယုံကြည်မိပါသည်။ လူမျိုးတိုင်းနှင့် ဘာသာတရားတိုင်းက ဘုရားဘုံ၊ ပါဠိအခေါ် သုခဘုံ၊ နိဗ္ဗာန်ဘုံသည် ကမ္ဘာမြေကြီး၏ အထက်အရပ်၌ တည်ရှိနေပြီး၊ အပ္ပါယ်ငရဲဘုံ၊ ပါဠိအခေါ် မရဏာနိုင်ငံသည် ကမ္ဘာမြေကြီး၏ အောက်ဘက်အရပ်၌ တည်ရှိနေကြောင်း သွန်သင်ကြပါသည်။ ကမ္ဘာမြေကြီးကို လူ့ဘုံ၊ ပါဠိအခေါ် ဒုက္ခဘုံဟု ခေါ်ကြပါသည်။

ဘုရားဘုံ၊ လူ့ဘုံ၊ ငရဲဘုံ

ဘုရားဘုံ၊ ပါဠိအခေါ် သုခဘုံ၊ နိဗ္ဗာန်ဘုံသည်နေမင်းကြီး၏အထက်၊ အမြင့်ဆုံးကောင်းကင်ဘုံ၌ ရှိသည်ဟု နားလည်ရပါသည်။ ကောင်းကင်သည် အထပ်ထပ်ရှိနေပြီး နေ၊ လ၊ ကြယ်၊ ဂြိုလ်များလည်း ကောင်းကင်၏တန်ဆာများသာ ဖြစ်ပါသည်။ ကမ္ဘာကြီးသည် နေမင်းကြီးကို ၂၃၁/၂  ဒီဂရီဖြင့် လည်ပတ်နေကြောင်း သိရပါသည်။ ဘုရားဘုံသည် ထာဝရဘုရား၏ပလ္လင်တော်ဖြစ်ပြီး၊ ကမ္ဘာမြေကြီးသည် ထာဝရဘုရား၏ခြေတင်ရာခုံဖြစ်ကြောင်း သမ္မာကျမ်းစာမှ ဟေရှာယ အနာဂတ္တိကျမ်း ၆၆း၁၊ တမန် ၇း၄၉-၅ဝတွင် ဖေါ်ပြထားပါသည်။

ဘုရားဘုံ၌နေသော ထာဝရဘုရားကို ဘုရားစစ်၊ ဘုရားမှန်ဟု ခေါ်သည်။ ထိုဘုရားသည် အစဉ်အသက်ရှင်သောဘုရား၊ ပါဠိအခေါ်  နိစ္စဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ ဖြစ်ပါသည်။ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းမီ ထာဝရဘုရားသခင်သည် ဘုရားဘုံ၌ နေထိုင်ခဲ့သကဲ့သို့၊ ယခုလည်း ထိုဘုရားဘုံ၌သာ နေထိုင်ကြောင်း သိရပါသည်။ ဘုရားအစစ်သည် ဤကမ္ဘာမြေကြီးပေါ်၌ နေထိုင်ခြင်း မရှိပေ။

လူ့ဘုံ။ ယခုလက်ရှိ လူသားများနေထိုင်သောကမ္ဘာမြေကြီးသည် လူ့ဘုံ ဖြစ်ပါသည်။ ဤလူ့ဘုံ၌ နေထိုင်စဉ်၌သာ ဘုရားဘုံနှင့်ငရဲဘုံကို အုပ်စိုးသော ဘုရားကိုကိုးကွယ်ရမည် ဖြစ်ပါသည်။ ဤလူ့ဘုံ၌ လောကဘုရားများ၊ ပါဠိအခေါ် သင်္ခါရဗုဒ္ဓများ၊ အနိစ္စဗုဒ္ဓများသာ ရှိပါသည်။

ငရဲဘုံ။ ငရဲဘုံသည် မာရ်နတ်နှင့်သူ၏အပေါင်းအပါများအတွက် ယေရှုခရစ်တော် ပြင်ဆင်သောနေရာ ဖြစ်ပါသည် (ရှင်မဿဲ ၂၅း၄၁-၄၆)။

ကောင်းကင်နှင့်မြေကြီးသည် အကန့်အသတ်နှင့်သာ ထားရှိနေသောအရာများ ဖြစ်ပါသည် (ရှင်မဿဲ ၂၄း၃)။ ထာဝရဘုရားသည် ကောင်းကင်နှင့်မြေကြီးကို မီးနှင့်ရှို့ရန် ပြင်ဆင်ထားသည်ဟု ၂ပေတရု ၃း၇တွင် သတိပေးထားခဲ့ပါသည်။ ဘုရားဘုံသည်  မပျက်စီးနိုင်သော နိစ္စထာဝရ နိုင်ငံတော် ဖြစ်သည်။ ဤမျှလောက်ရှင်းပြခြင်းအားဖြင့် မေးခွန်း၏အဖြေအတွက် လုံလောက်သည်ဟု ထင်မိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>