မေးခွန်း-၁၈။ ထာဝရဘုရားသည် ဤကမ္ဘာ၌ ရေစုဝေးရာကို ပင်လယ်၊ ကုန်းကို မြေဟူသော အမည်သာပါ၍ ကျန် ကုန်းမြေများဖြစ်သည့်တိုက်ကြီး၊ ခြောက်တိုက်အကြောင်းနှင့် စကြာဝဠာ အနန္တတွင် မရေတွက်နိုင်သည့် ဂြိုလ်အမျိုးမျိုး၊ ကမ္ဘာအမျိုးမျိုးရှိကြောင်း၊ မည်သည့်နေရာမှ မပါရှိပါ။ ရှိကဖေါ်ပြပါ။ သိပ္ပံစမ်းသပ်မှုများ၌ တွေ့ရှိနေရသည်ကို အဘယ်သို့ ဖြေရှင်းမည်နည်း။ သိပ္ပံပညာတိုးတက်လာသည့်နောက်ရာစုနှစ်တွင် သင်တို့၏ ဖန်ဆင်းရှင်ဝါဒ မည်သို့ရပ်တည် မည်နည်း။ ထို့ကြောင့် သိပ္ပံပညာက မှားသည်ဟု ပြောမှာလား။ ဖန်ဆင်းရှင်ဝါဒက မှားသည်ဟု ပြောမှာလား။

Published on September 18, 2025 by Admin

မေးခွန်း-(၁၈)၏အဖြေ

ဒေါက်တာလာဆစ်ဒူကာ၊ သင်မေးသည့်မေးခွန်သည် မည်သည့်အရာနှင့် တူနေသနည်းဟုဆိုလျှင် လူတစ်ဦးက တိုက်အိမ်တစ်လုံး ဆောက်ခဲ့ပြီးပြီဟုဆိုသည့်အခါ အခြားလူတစ်ဦးက သူဆောက်ခဲ့သည့် တိုက်အိမ်တွင် တိုင်၊ ခေါင်မိုး၊ တံခါးပေါက် ပါသလား၊ မပါဘူးလားဟု မေးခွန်း ထုတ်နေသကဲ့သို့ ဖြစ်နေပါသည်။ ဒေါက်တာ လာဆစ်ဒူကာကို မေးလိုပါသည်။ တိုက်ကြီး ခြောက်တိုက်မှာ မြေကြီးရှိပါသလား၊ တိုက်ကြီးခြောက်တိုက်မှာ မြေကြီးရှိခဲ့ပါက ထိုတိုက်ကြီး ခြောက်တိုက်ကို ထာဝရဘုရား ဖန်ဆင်းခဲ့ကြောင်း သက်သေခိုင်လုံပါသည်။ အကြောင်းရင်းမှာ မြေကြီးကို ထာဝရဘုရား ဖန်ဆင်းခဲ့၍ ဖြစ်ပါသည် (ကမ္ဘာဦးကျမ်း ၁း၁)။

ယေရှုပြုတော်မူသော အခြားအရာများစွာရှိသေး၏။ ထိုအမှုအရာရှိသမျှတို့ကို သီးခြားရေးမည်ဆိုခဲ့လျှင် မြေကြီးမဆန့်နိုင်အောင် များပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏ (ယောဟန် ၂၁း၂၅)။

ဂြိုလ်အမျိုးမျိုး

ထာဝရဘုရား၏သမ္မာကျမ်းစာသည် ထာဝရဘုရားဖန်ဆင်းထားခဲ့သည့် အရာတစ်ခုစီကို အသေးစိတ်မှတ်တမ်း တင်ထားခဲ့သည့် စာအုပ်မဟုတ်ကြောင်း ဒေါက်တာလာဆစ်ဒူကာ သိရန်လိုပါသည်။  ထာဝရဘုရားသည် ကောင်းကင်ကို ဖန်ဆင်းသည်ဟု ဆိုရာတွင် နေနှင့်နေအဖွဲ့အစည်းများလည်း ပါဝင်ပါသည်။ နေအဖွဲ့အစည်းများဆိုရာတွင် ကြယ်များ၊ ဂြိုလ်များ အားလုံး ပါဝင်ကြပါသည်။

ကြယ်များ(Stars)သည် နေအဖွဲ့အစည်း(Solar System)၌ပါဝင်ပြီး(ကမ္ဘာဦးကျမ်း ၁း၁၆) ကမ္ဘာမြေကြီးနှင့် အလွန်ဝေးသည့်နေရာ၌ တည်ရှိနေပါသည်။ ဂြိုလ်များ(Planets)သည် ထာဝရဘုရား ဖန်ဆင်းထားခဲ့သော ကောင်းကင်တန်ဆာများသာ ဖြစ်ကြပါသည်။ နေမင်းကြီး၊ လမင်းကြီး၊ ကမ္ဘာမြေကြီးတို့သည် ဂြိုလ်များ ဖြစ်ပါသည် (ကမ္ဘာဦးကျမ်း ၁း၁၄-၁၇)။ ကမ္ဘာမြေကြီးတွင် ကျမ်းစာ၌ ဖေါ်ပြမထားသည့် မြေကြီးတန်ဆာများစွာရှိသကဲ့သို့၊ ကောင်းကင်တွင်လည်း ကျမ်းစာ၌ အသေးစိတ် ဖေါ်ပြမထားသည့် ကောင်းကင်တန်ဆာ များစွာရှိနေပါသည်။ နေ၊ လ၊ ကြယ်၊ ဂြိုလ်များ၏တိကျ၍ ညီမျှသောဆွဲအားဖြင့် ကမ္ဘာကြီးအပါအဝင် ဂြိုလ်တစ်လုံးနှင့်တစ်လုံး မတိုက်ခိုက်မိအောင် လည်ပတ်နေသည်ကို သိပ္ပံပညာရှင်များက တင်ပြကြပါသည်။ ထိုသို့တိကျစွာ လည်ပတ်နေခြင်းမှာ ထာဝရဘုရား၏ တန်ခိုးတော်အနန္တနှင့်ဉာဏ်တော်အနန္တ ဖြစ်ကြောင်း သက်သေများ ဖြစ်ပါသည်။

ကမ္ဘာမြေကြီးသည် တစ်လုံးသာရှိခြင်း

ကမ္ဘာကြီးသည် လုံးဝန်းသော သဏ္ဌာန်ရှိပါသည် (ဟေရှာယ အနာဂတ္တိကျမ်း ၄၀း၂၂)။ ထာဝရဘုရားသည် နေ့ကိုအုပ်စိုးရန် နေမင်းကြီးတစ်လုံး၊ ညကိုအုပ်စိုးရန် လမင်းကြီးတစ်လုံး၊ လူသားများ နေထိုင်နိုင်သည့် ကမ္ဘာမြေကြီးတစ်လုံးကို အဓိကဖန်ဆင်းခဲ့ပါသည်(ကမ္ဘာဦး ၁း၁၊ ၁၅-၁၆)။ အခြားဂြိုလ်များသည် ၎င်းတို့၏အရံဂြိုလ်များသာ ဖြစ်သည်ဟု သိရပါသည်။ သိပ္ပံပညာရှင်များသည် လူသားများနေထိုင်နိုင်သည့် ကမ္ဘာများစွာရှိကြောင်း ယနေ့ထိ သက်သေ မပြနိုင်သေးပါ။ ဥပမာ။ လကမ္ဘာဟု ဟုခေါ်ဝေါ်သုံးနှုန်းနေသော်လည်း “လ”သည် လူသားများ နေထိုင်နိုင်ရန် ဖန်ဆင်းထားခဲ့ခြင်း မဟုတ်ပေ။ ညအမှောင်ထဲမှာ လူသားများကို အလင်းပေးရန်အတွက်သာ ဖန်ဆင်းထားခဲ့ပါသည်။

တိုက်ကြီးများဖြစ်ပေါ်လာခဲ့ခြင်းနှင့်နာမည်ပေးခဲ့သူများ

ထာဝရဘုရားဖန်ဆင်းခဲ့သော ကမ္ဘာကြီးသည် အပြစ်ကင်းစင်ခဲ့သည်။ ရာသီဥတုမျှတခဲ့သည်။ သေခြင်းမရှိခဲ့ပေ။ အိမ်ဆောက်စရာမလိုသည့်ကမ္ဘာ ဖြစ်ခဲ့ပါသည်။ သို့သော် ကမ္ဘာဦးလူသားနှစ်ဦးက ထာဝရဘုရားတားမြစ်ခဲ့သည့် ပညတ်တရားကို ချိုးဖေါက်ခဲ့သည့်အခါ မြေကြီးသည် ကျိန်ခြင်းကိုခံရ၍ အပြစ်ရှိသောကမ္ဘာ ဖြစ်သွားခဲ့သည်။ အပြစ်ရှိသောကမ္ဘာ၌ လူသားများသည် အပြစ်ဒုစရိုက်ကိုသာ လုပ်တတ်လာ၍ ထာဝရဘုရား၏ စကားတော်ကို ဆန့်ကျင်မြဲ ဆန့်ကျင်လာခဲ့ပါသည်။ ထို့ကြောင့် ထာဝရဘုရားသည် ရက်ပေါင်း(၄၀) ကမ္ဘာဖျက်မိုးရွာစေခဲ့ပြီး ကမ္ဘာကြီးကို  ရေလွှမ်းမိုးစေ၍ သတ္တဝါများကို သုတ်သင်ခဲ့ပါသည်။ 

နောဧသင်္ဘောကြီးသည် တူရကီနိုင်ငံနှင့်အာဇာဘိုင်ဂျန်နယ်စပ်ရှိ၊ အာရာရတ် (Mount Ararat)တောင်ပေါ် တစ်နေရာ၌ သောင်တင်ခဲ့ပါသည်။ မြေငလျှင်လှုပ်စေခြင်းဖြင့် ကုန်းမြေသည် အက်ကွဲရွေ့လျားသွားခဲ့ရာမှ တိုက်ကြီးများအဖြစ်တည်ရှိလာသည်ဟု ဘူမိဗေဒပညာရှင်များက ယူဆကြပါသည်။ လူသားများနှင့်သတ္တဝါများအားလုံးသည် ထိုအာရာရတ်ဒေသမှစတင်ကာ ရေကြည်ရာ မြက်နုရာရှာရင်း ကမ္ဘာအနှံ့သို့ ပြောင်းရွေ့လာခဲ့ခြင်းသာ ဖြစ်ကြောင်း သတ္တဗေဒ ပညာရှင်များက တင်ပြကြပါသည်။ လူမျိုးတိုင်းသည် ထိုဒေသမှ ဆင်းသက်လာခဲ့သူများသာ ဖြစ်ပါသည်။ 

ထာဝရဘုရားသည် ကမ္ဘာဦးလူသားနှစ်ဦးကို တိရစ္ဆာန်များနှင့် အရာရာတိုင်းအား အမည်နာမ ပေးပိုင်ခွင့်အာဏာကို အပ်နှင်းခဲ့ပါသည်။ ထို့ကြောင့် တိုက်ကြီးခြောက်တိုက်ကို လူသားများက နာမည်ပေးထားခဲ့ခြင်း ဖြစ်ပါသည်။ 

သိပ္ပံပညာနှင့်ဖန်ဆင်းရှင်ဝါဒ

သိပ္ပံပညာ။       ။ ဖန်ဆင်းရှင် ထာဝရဘုရားဖန်ဆင်းခဲ့သည့်လက်ရာများကို သဘာဝတွင် လက်တွေ့ကျကျ လေ့လာသည့်ပညာရပ်ကို သိပ္ပံပညာဟု ခေါ်ပါသည်။ အိုနာသေတတ်သည့် သိပ္ပံပညာရှင်များသည် လူသားများသာ ဖြစ်ပါသည်။ သူတို့ မသိသေးသည့်အရာများ၊ သူတို့ မကြုံဘူးသေးသည့်အရာများကို သူတို့သည် လက်ခံလေ့မရှိပေ။ သဘာဝ၌ သူတို့ လေ့လာတွေ့ရှိခဲ့သော အရာများသည် ဖန်ဆင်းရှင် ထာဝရဘုရား ဖန်ဆင်းခဲ့သော အရာများသာ ဖြစ်ပါသည်။ 

အိမ်ဆောက်သူရှိ၍ အိမ်များရှိသကဲ့သို့၊ ဖန်ဆင်းရှင်ရှိမှုကြောင့် ဖန်ဆင်းရှင်၏လက်ရာများ ဖြစ်သည့် လူ၊တိရစ္ဆာန်၊ စကြဝဠာ၊ ကမ္ဘာမြေကြီးနှင့် သမုဒ္ဒရာများ ရှိခြင်းဖြစ်ပါသည်။ 

သိပ္ပံပညာသည် ပျောက်ကွယ်သွားလိမ့်မည်၊ ဖန်ဆင်းရှင်ဝါဒသည် ထာဝရတည်မြဲမည်(ရှင်မဿဲ ၂၄း၃၅၊ ပေတရု သြဝါဒ ဒုတိယစောင် ၃း၇)။ ကောင်းကင်နှင့်မြေကြီး မရှိတော့သည့်အခါ သိပ္ပံပညာ လေ့လာမှုသည်လည်း ပျောက်ကွယ်သွားမည် ဖြစ်သည် (၁ ကောရိန္သု ၁၃း၈၊ ၁ တိမောတေ ၆း၂၀-၂၁)။ သိပ္ပံပညာကို အားကိုးခြင်းသည် “ဗုဒ္ဓေါ မေ သရဏံ အဉာံနတ္ထိ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဆိုသည့် သွန်သင်မှုမှ လမ်းလွှဲနေခြင်း ဖြစ်ပါသည်။ သမ္မာဒိဋ္ဌိလမ်းမှ မိစ္ဆာဒိဋ္ဌိလမ်းသို့ ဦးတည်သွားနေခြင်း ဖြစ်ပါသည်။ ဘုရားကိုအားမကိုးဘဲ သိပ္ပံပညာနှင့်သိပ္ပံပညာရှင်များကို အားကိုးရန် သွန်သင်သူများနှင့်ခံယူသူများသည် မိစ္ဆာဒိဋ္ဌိဖြစ်သည်ဟု သရဏဂုံသုံးပါးဖြင့် ရည်ညွန်းနေပါသည်​(ရှင်မဿဲ ၂၅း၄၁-၄၆၊ ဗျာဒိတ် ၂၁း၈)။

သက်တန့်ကို ထားခဲ့ခြင်း။         ။သက်တန့်သည် ကမ္ဘာကြီးကို ရေအားဖြင့် ဖျက်စီးခဲ့သည့် သက်သေဖြစ်ပြီး၊ ကောင်းကင်နှင့်ကမ္ဘာကြီးကို မီးအားဖြင့် ဖျက်စီးပစ်မည့် နိမိတ်လက္ခဏာသက်သေ လည်း ဖြစ်ပါသည်(၂ပေ ၃း၇)။ ကောင်းကင်နှင့်ကမ္ဘာမြေကြီး ပျက်စီးသွားမည့်နောက်ပိုင်းတွင် လေ့လာရမည့် သိပ္ပံပညာနှင့်သိပ္ပံပညာရှင်များရှိမည် မဟုတ်ပေ။ သိပ္ပံအတတ်သည် လုံးဝ ကွယ်ပျောက်သွားမည် ဖြစ်ပါသည်။ သို့သော် ဖန်ဆင်းရှင်ဝါဒ၊ ပါဠိဘာသာအခေါ် နိစ္စဗုဒ္ဓ၏ဝါဒ၊ ဋ္ဌာဝယဗုဒ္ဓ၏ဝါဒ၊ ဗုဒ္ဓရာဇာ၏ဝါဒ၊ သမ္မာသမ္ဗုဒ္ဓ၏ဝါဒသည် အစဉ်ထာဝရတည်မြဲမည် (ကောရိန္သုသြဝါဒ ပထမစောင် ၁၃း၈)။ 

ဘုရားမဲ့သိပ္ပံပညာရှင်များအရှက်ကွဲခဲ့ရသည့် သမိုင်းသက်သေနှစ်ခု

သိပ္ပံပညာရှင်များသည် ထာဝရဘုရားဖန်ဆင်းခဲ့သည့် လက်ရာများကို လေ့လာနေသည့် လူသားများသာ ဖြစ်ပါသည်။ သိပ္ပံပညာရှင်များကို ထာဝရဘုရားနှင့် တန်းတူသဘောထားမိပါက မှားမည်၊ ပါဠိဘာသာလို မိစ္ဆာဒိဋ္ဌိ ဖြစ်မည်။ သိပ္ပံပညာရှင်များ အရှက်ကွဲခဲ့ရသည့် သမိုင်းသက်သေနှစ်ခုကို တင်ပြလိုပါသည်။

သိပ္ပံပညာရှင်များအရှက်ကွဲခဲ့ရသည့်သက်သေ-၁။ ကမ္ဘာမြေကြီး၏ ပုံသဏ္ဌာန်သည် လုံးဝန်းသောပုံသဏ္ဌာန်ရှိကြောင်း ထာဝရဘုရား၏ သမ္မာကျမ်းစာတွင် ဖေါ်ပြထားခဲ့ပါသည် (ဟေရှာယအနာဂတ္တိကျမ်း ၄၀း၂၂)။ သို့သော် ဘုရားမဲ့ သိပ္ပံပညာရှင်များသည် ကမ္ဘာကြီးသည် ပြားနေကြောင်း တစိုက်မတ်မတ် ငြင်းခုံခဲ့ပါသည်။ သို့သော်လည်း ၁၉၆၉-ခုနှစ်၊ ဇူလိုင်(၂၀)မှာ အာပိုလို (Apollo)-၁၁တွင် Neil Armstrongသည် လကမ္ဘာသို့ ဆင်းသက်နိုင်ခဲ့ပါသည်။ လကမ္ဘာပေါ်မှ ကမ္ဘာကြီးကို ဓါတ်ပုံရိုက်ပို့ လိုက်သည့်အခါ ကမ္ဘာမြေကြီးသည် လုံးဝန်းသောပုံသဏ္ဌာန်ရှိကြောင်း သက်သေအထောက်အထား ရရှိခဲ့ပါသည်။ ထို့ကြောင့် ဘုရားမဲ့ သိပ္ပံပညာရှင်များနှင့်နောက်လိုက်များသည် ကမ္ဘာပေါ်တွင် အရှက်ကွဲခဲ့ရပါသည်။ 

သိပ္ပံပညာရှင်များအရှက်ကွဲခဲ့ရသည့်သက်သေ-၂။ သိပ္ပံပညာရှင်တစ်ဦးဖြစ်သည့် ချားလ်ဒါဝင်၊ အင်္ဂလိပ်လို Charles Darwinသည် The Origin of Species in Evolution and in Biology စာအုပ်များကို ၁၈၅၉ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။ ဆင့်ကဲဖြစ်စဉ်အရ လူသားများသည် မျောက်မှဆင်းသက်လာခဲ့သည်ဟု သူ၏စာအုပ်တွင် ရေးသားထုတ်ဝေခဲ့ပါသည်။ ချားလ်ဒါဝင်၏ စာအုပ်ကို အမှီပြုပြီး ဘုရားမဲ့ သိပ္ပံပညာရှင်များနှင့် နောက်လိုက်များသည် လူသည်မျောက်မှ ဆင်းသက်လာခဲ့ကြောင်း ကမ္ဘာကြီးကို ဝါဒဖြန့်ခဲ့ပါသည်။ ပညာရေးကျောင်းများအထိ သင်ကြားစေခဲ့ပါသည်။ သို့သော် ဒေါက်တာ ချားလ်ဒါဝင် မသေမီ သူ၏တင်ပြချက်များသည် မှားယွင်းသွားခဲ့ကြောင်း ဝန်ခံခဲ့ပါသည်။ ဤအချက်ကြောင့် လူသည်မျောက်မှ ဆင်းသက်လာခဲ့သည်၊ ဖန်ဆင်းရှင်ဘုရားဖန်ဆင်းခဲ့ခြင်း မဟုတ်ကြောင်း ပြောနေခဲ့သည့် ဘုရားမဲ့ သိပ္ပံပညာရှင်များနှင့် သူတို့၏နောက်လိုက်များသည် အရှက်ကွဲခဲ့ပြန်သည် (ဟေရှာယ ၂၉း၁၄၊ ဒေသနာ ၁း၁၈၊ ၁ကော ၁း၁၉)။

ဖန်ဆင်းရှင်ဝါဒသည် ဘုရားဝါဒ ဖြစ်သည်။ ပါဠိအခေါ် ဗုဒ္ဓဝါဒ ဖြစ်သည်။ သိပ္ပံပညာကို အားကိုးခြင်းသည် လူ့ဝါဒ ဖြစ်သည်။ 

(မှတ်ချက်။ ဗုဒ္ဓဝါဒသည် သိဒ္ဓတ္ထဂေါတမ၏ဝါဒကို ဆိုလိုခြင်း မဟုတ်ပေ ဘုရားဝါဒကို ဆိုလိုခြင်း ဖြစ်ပါသည်။ ရှင်ဂေါတမသည် မအိုလို၊ မနာလို၊ မသေလိုခဲ့ပေ။ အစဉ်အသက်ရှင်သော နိစ္စဗုဒ္ဓ လိုဖြစ်ချင်ခဲ့၍ နန်းတော်စည်းစိမ်ကို စွန့်ကာ တောထွက်၍ တရားကျင့်ခဲ့သည်၊ ဗုဒ္ဓထံဆုပန်ခဲ့သူ ဖြစ်သည်၊ သိဒ္ဓတ္ထဂေါတမ မရှိမီ နိစ္စဗုဒ္ဓရှိခဲ့ကြောင်း နှစ်ကျိပ်ရှစ်ဆူသမိုင်းက သက်သေထူပါသည်)။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>