မေးခွန်း-(၁၇)။ ဖန်ဆင်းရှင်သည် ဤကမ္ဘာကို ခြောက်ရက်နှင့်ဖန်ဆင်း၍ တစ်ရက်နားခဲ့ပါလျှင် နေနှင့်လကို လည်ပတ်နေသည့် ဂြိုလ်ကြီးကိုးလုံးဆိုလျှင် ရက်ပေါင်း ခုနှစ်ဆယ် ဖန်ဆင်းရမည်။ နဂါးငွေ့တန်းကြယ်စုကြီးတစ်ခုကို ရက်ပေါင်း ကုဋေခုနှစ်သိန်း (၇ဝဝ ဝဝဝ+ ၁ဝဝဝဝဝဝ) ဖန်ဆင်းရလျှင် ယခုအချိန်ထိ ဖန်ဆင်းမှုသည် ပြီးဆုံးအုံးမည် မဟုတ်သေးပါ။ သနားစရာကောင်းသည့် ဖန်ဆင်းရှင်အား မည်သို့ ကူညီရလျှင် ကောင်းမည်နည်း။

Published on September 18, 2025 by Admin

မေးခွန်း-(၁၇) ၏အဖြေ

ဒေါက်တာလာဆစ်ဒူကာကိုယ်တိုင်သည် ဖန်ဆင်းရှင်ထာဝရဘုရားထားခဲ့သည့် ခုနှစ်ရက် တစ်ပတ်တွင် အသက်ရှင်နေထိုင်ပြီး၊ တစ်ပတ်မှာတစ်ရက်နားခွင့်ပေးနေသည့် ထာဝရဘုရားကို ပြန်၍ မေးခွန်းထုတ်နေခြင်းသည် ကိုယ်မွေးတဲ့မျောက် သခင်ကိုပြန်ခြိမ်းခြောက်သည့် သဘောသာ ဖြစ်ပါသည်။ ထာဝရဘုရားဖန်ဆင်းခဲ့ခြင်းကို မယုံပါက ခုနှစ်ရက်တစ်ပတ်မှာ မနေထိုင်ဘဲ၊ မိမိအတွက် ကိုယ်ပိုင်နေ့ရက်များ၊ဥပမာ- (၉)ရက်တစ်ပတ်၊ (၁၀)ရက်တစ်ပတ် စသည်ဖြင့်သတ်မှတ်ပြီး နေနိုင်ပါသလား။ ဒေါက်တာ လာဆစ်ဒူကာ ကဲ့သို့သော လူသားများအတွက် သိဒ္ဓတ္ထဂေါတမကိုယ်တိုင် အစိန္တေယ(၄)ပါးကို ပေးခဲ့ကြောင်းကို သတိရပါလေ။ ရူပအစိန္တေယ၊ က္ကဒ္ဓိအစိန္တေယ၊ဉာဏအစိန္တေယ၊ ဝါစအစိန္တေယတို့ဖြင့် နိစ္စဗုဒ္ဓ၊ ဋ္ဌာဝယဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ ဗုဒ္ဓရာဇာကို မကြံစည်အပ်၊မနှိုင်းယှဉ်အပ်ပေ။

သနားစရာကောင်းသည့် ဖန်ဆင်းရှင်အား မည်သို့ ကူညီရလျှင် ကောင်းမည်နည်းဆိုသည့် မေးခွန်း၏အဖြေ

ဤမေးခွန်းအရ ဒေါက်တာလာဆစ်ဒူကာသည် ဖန်ဆင်းရှင်ထာဝရဘုရားထက်ပင် ပို၍သိသည်၊ ပို၍တတ်စွမ်းနိုင်သည်ဟု ရည်ညွှန်းနေပါသည်။ ထာဝရဘုရား၏သမ္မာကျမ်းစာမှ ကမ္ဘာဦးအခန်းကြီး(၁)၊ အငယ်(၁)မှာ အစအဦး၌ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းခဲ့သည်ဟု မှတ်တမ်းတင်ထားခဲ့ပါသည်။

ကောင်းကင်ကို ဖန်ဆင်းသည်ဟု ဆိုရာတွင် ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်တန်ဆာများအားလုံး ပါဝင်နေပါသည်။  ကောင်းကင်တွင်အရေးကြီးဆုံးမှာ နေ့ကို အလင်းပေးသည့် “နေ”နှင့် ညကို အလင်းပေးသည့် “လ” တို့ ဖြစ်ပါသည်။ ၎င်းတို့ကို စတုတ္ထနေ့တွင် ဖန်ဆင်းခဲ့ကြောင်း ပါရှိသည်။ အခြားဂြိုလ်များသည် နေနှင့်လတို့၏ အဖွဲ့အစည်းများသာ ဖြစ်ကြောင်း နားလည်ရပါသည်။

မြေကြီးကိုဖန်ဆင်းသည်ဟု ဆိုရာတွင် မြေကြီး၌ရှိသမျှသောရေ၊လေ၊အပူဓါတ်များ(ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော)တို့အပြင်၊ မြေကြီးပေါ်၌ရှိနေသော သတ္တဝါများနှင့် သစ်ပင်၊ မြက်ပင်များအားလုံး ပါဝင်ကြပါသည်။ ထာဝရဘုရားသည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသည်ဟု ဆိုရာတွင် စကြဝဠာကိုရည်ညွှန်းနေခြင်း ဖြစ်ပါသည်။ စကြဝဠာရှိ အရာအားလုံးကို တစ်မျိုးပြီး တစ်မျိုးဖန်ဆင်း၍ (၆) ရက်မြောက်သည့်နေ့တွင် ဖန်ဆင်းခဲ့သမျှ အရာအားလုံးကို အုပ်စိုးရန် နောက်ဆုံး၌ ကမ္ဘာဦးလူသားနှစ်ဦးကို ဖန်ဆင်းခဲ့ခြင်းသည် ဖန်ဆင်းခြင်းပြည့်စုံမှု၊ ကောင်းမွန်မှုကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။ လူသားများက ထိုအစီစဉ်အတိုင်းလိုက်နာပြီး အသက်ရှင် ရပ်တည်နေကြသည် မဟုတ်ပါသလား။ 

ဒေါက်တာ လာဆစ်ဒူကာ ပို၍နားလည်အောင်ရှင်းပြရသော်-အိမ်တစ်လုံးဆောက်ခဲ့သည်ဟု ဆိုရာတွင် အိမ်တစ်လုံး ဖြစ်ရန် လိုအပ်သော တိုင်များ၊ တန်းများ၊ ထောက်၊ယောက်၊ကိုင်း၊ အမိုး၊ ပြတင်းပေါက်၊ တံခါး၊ ကြမ်းခင်း အားလုံး ပါဝင်ပြီး ဖြစ်ပါသည်။ ထိုနည်းတူ ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းသည်ဟုဆိုရာတွင် ကောင်းကင်နှင့် မြေကြီးတို့၏ အဖွဲ့အစည်းများဖြစ်သည့် နေ၊ လ၊ ကြယ်နှင့်ဂြိုလ်များအားလုံးကို ကြာသပသေးနေ့တွင် ဖန်ဆင်းခဲ့ကြောင်း ကမ္ဘာဦး၁း၁၄-၁၉ တွင် မှတ်တမ်းတင်ထားခဲ့ပါသည်။

အမေရိကန် အာကာသ လေ့လာရေးအဖွဲ့နာဆာ(NASA)နှင့်အခြားအဖွဲ့များကလည်း အာကာသတွင် ဂြိုလ်များ ထပ်မံတွေ့ရှိနေရကြောင်း သတင်းစာ၊ ဂျာနယ်နှင့် သိပ္ပံမဂ္ဂဇင်းများတွင် တွေ့ရပါသည်။ ထို့ကြောင့် ဂြိုလ်ကြီးကိုးလုံးသာ ရှိနေသည်ဟုခံယူနေခြင်းသည် မှားယွင်းသောအယူ၊ ပါဠိဘာသာလို မိစ္ဆာဒိဋ္ဌိအယူ ဖြစ်နေပါသည်။ ထာဝရဘုရား၏သမ္မာကျမ်းစာက ကမ္ဘာကြီးသည် “လုံးဝန်းသောသဏ္ဌာန်ရှိသည်” ဟု ဖေါ်ပြရာတွင်၊ ဘုရားမဲ့သိပ္ပံပညာရှင်များသည် ကမ္ဘာကြီးက “ပြားသည်” ဟု ၁၉၆၀ ပြည့်နှစ်ဝန်းကျင်အထိ ငြင်းခဲ့ပါသည်။ ထိုသူများသည် နောက်ဆုံး၌ အရှက်ကွဲခဲ့ရသကဲ့သို့၊ ဂြိုလ်ကြီး(၉)လုံးအကြောင်းကိုသာ ပြောနေလျှင် ဒေါက်တာ လာဆစ်ဒူကာနှင့် အပေါင်းအပါများ မရှုမလှ အရှက်ကွဲရမည်သာ ဖြစ်ကြောင်း သိစေလိုပါသည်။ လူသားများက ထာဝရဘုရားဖန်ဆင်းထားသည့် အရာများကို လေ့လာသူများသာဖြစ်၍ သူတို့ လေ့လာမိသလောက်သာ ပြောနေခြင်း ဖြစ်ပါသည်။ သိပ္ပံပညာရှင်များ၊ အာကာသပညာရှင်များ မသိသေးသောအရာများသည် မရေမတွက်နိုင်အောင် များပြားလျှက် ရှိနေပါသေးသည်။ ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူ၏စိတ်နှလုံးသည် အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင် ဘုရားသခင် စီရင်တော်မူသောအမှုကို အစမှအဆုံးတိုင်အောင် လူသည် စစ်၍မကုန်နိုင်ဟု သမ္မာကျမ်းစာတွင် ဖေါ်ပြထားပါသည် (ဒေသနာကျမ်း ၃း၁၁)။ လူ့နာမ်ဝိညာဉ်ပုဂ္ဂိုလ်အတွက် သိပ္ပံပညာရှင်များကို အားကိုးမှီခို၍ မရကြောင်း သိရန်လိုပါသည်။

ဒေါက်တာလာဆစ်ဒူကာခင်္ဗျား၊ ဖန်ဆင်းရှင်သည် သနားစရာကောင်းသူမဟုတ်ပါ။ မိမိအကြောင်း၊ လူသားအကြောင်း၊ တိရစ္ဆာန်များအကြောင်း၊ အာကာသအကြောင်း၊ သဘာဝအကြောင်း၊ ဂြိုလ်များအကြောင်း၊ ထာဝရဘုရားအကြောင်း၊ နေ့ရက်များအကြောင်း ဘာတစ်ခုမျှမသိဘဲ၊ သိယောင်ဆောင်၊ တတ်ယောင်ဆောင်သည့် သူသာလျှင် အလွန်သနားစရာ ကောင်းလှပါသည်။ 

ဒေါက်တာလာဆစ်ဒူကာသည် ဖန်ဆင်းရှင်ထာဝရဘုရား၊ ပါဠိဘာသာအခေါ် နိစ္စဗုဒ္ဓ၊ ထာဝရဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ဗုဒ္ဓရာဇာကို ကူညီရလောက်အောင် အစွမ်းအစရှိနေကြောင်း ပြောဆိုနေသည့်အတွက် အောက်ပါ မေးခွန်းများကို ရှင်းပြပေးပါ။

  1. ဖန်ဆင်းရှင် ထာဝရဘုရားသည် ဒုက္ခဘုံ၊ သုခဘုံ၊ ငရဲဘုံကို ပိုင်သအုပ်စိုးသည်။ ဒေါက်တာ လာဆစ်ဒူကာ၊ သင်သည် မည်သည့်ဘုံကို ပိုင်သအုပ်စိုးရန် အခွင့်အာဏာရှိ ပါသနည်း(ရှင်မဿဲ ၂၅း၄၁-၄၆၊ ဗျာဒိတ် ၁း၁၈)။
  2. ဖန်ဆင်းရှင် ထာဝရဘုရားသည် နတ်နှင့်မိစ္ဆာပရောဖက်များကို ကန့်နှင့်အစဉ် လောင်ကျွမ်းသည့် မီးအိုင်ထဲသို့ ပစ်ချမည့်အခွင့်အာဏာ ရှိပါသည်။ ဒေါက်တာ လာဆစ်ဒူကာ၌ ထိုအခွင့်အာဏာ ရှိပါသလား (ဗျာဒိတ် ၂၁း၈)။
  3. ဖန်ဆင်းရှင် ခရစ်တော်ဘုရားသည် ကောင်းကင်သတ္တဝါအားလုံး၊ မြေကြီး သတ္တဝါအားလုံး၊ မြေကြီးအောက်၌ ရှိသည့်သတ္တဝါအားလုံး ဒူးထောက်ကိုးကွယ်ပြီး “သခင်”ဖြစ်ပါသည်ဟု ဝန်ခံရမည့်ဘုရား ဖြစ်ပါသည်။ သတ္တဝါအားလုံး၏သခင်သည် ခရစ်တော်ြဖစ်ပါသည်။ ဒေါက်တာလာဆစ်ဒူကာ၊ သင်သည် သတ္တဝါအားလုံး၏သခင် ဖြစ်ပါသလား (ဖိလိပ္ပိ ၂း၁၀)၊
  4. ထာဝရဘုရားသည် နတ်များကို ပိုင်သအုပ်စိုးသူ ဖြစ်ပါသည်။ ဒေါက်တာလာဆစ်ဒူကာ၊ သင်သည် နတ်များကို ပိုင်သအုပ်စိုးသူ ဖြစ်ပါသလား (ရှင်မဿဲ ၄း၁၀၊ ဗျာဒိတ် ၂၀း၁၀-၁၅) ။
  5. ထာဝရဘုရားသည် လူတစ်ဦး၏အတွင်းလူ၊ ပါဠိဘာသာလို နာမ်ဝိညာဥ်၊ အစ္ဇျတ္တကို ပေးခဲ့သည်။ ဒေါက်တာလာဆစ်ဒူကာ၊ သင်သည် လူများ၏နာမ်ဝိညာဉ်များကို ပေးခဲ့သူနှင့်အုပ်စိုးသူလော။ သက်သေနှင့်တကွ ရှင်းပြပေးပါ(ကမ္ဘာဦး ၂းရ၊ ရှင်ယောဟန် ၁၄း၆)။
  6. ထာဝရဘုရားသည် သူ့ကိုကိုးကွယ်သောသူများအတွက် ပရတိသုခဘုံကို ပြင်ဆင် ပေးပါသည်။ သူ့ကို မကိုးကွယ်သောသူများနှင့်နတ်များအတွက် ကန့်နှင့်အစဉ် လောင်ကျွမ်းနေသော ငရဲမီးအိုင်ကို ပြင်ဆင်ထားပါသည်။ ဒေါက်တာလာဆစ်ဒူကာ၊ သင်သည် လူသားများ၏ အနာဂတ်အတွက် မည်သည့်အရာကို ပြင်ဆင် ပေးနေပါသနည်း (ရှင်မဿဲ ၂၅း၄၁-၄၆၊ ရှင်ယောဟန် ၁၄း၁-၄)။ 
  7. ထာဝရဘုရားသည် ကမ္ဘာဦးလူသားနှစ်ဦးကို မြေမှုန့်ကိုယူခဲ့ပြီး ရုပ်တုကိုထုလုပ်ကာ၊ ရုပ်တု၏နှာခေါင်းမှ သူ၏ဇီဝကို မှုတ်သွင်း အနေဂဇာတင်ခဲ့၍ ထိုရုပ်တုဆင်းတုသည် အသက်ရှင်သောလူဖြစ်လာခဲ့သည်။ ထိုလူသားနှစ်ဦးသည် လူသားအားလုံး၏မိခင်နှင့် ဖခင်အချုပ် ဖြစ်ပါသည်။ ဒေါက်တာလာဆစ်ဒူကာ၊ သင်သည် ကမ္ဘာဦးလူသားနှစ်ဦးနှင့် မည်သို့ ပတ်သက် နေပါသနည်း။ သင်သည် ဘယ်နေရာမှလူဖြစ်လာခဲ့ပါသနည်း။ (ကမ္ဘာဦး ၂း၇၊ ဒေသနာကျမ်း ၁၂း၇)။
  8. ထာဝရဘုရား (ခေါ်) ယေရှုခရစ်တော်သည် သေသောသူများကိုလည်းကောင်း၊ အသက်ရှင်သော သူတို့ကိုလည်းကောင်း စစ်ကြောစီရင်ပိုင်သောအခွင့်အာဏာရှိသည်။ သင်သည် ထိုသို့သော အခွင့်အာဏာ ရှိပါသနည်း။ သက်သေပြပါ(ရှင်မဿဲ ၅း၂၃၊ ၂၈း၁၈၊ ရှင်မဿဲ ၁၄း၆)။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>