ဖန်ဆင်းရှင်ဘုရားသည် အနန္တတန်ခိုးရှင်ဖြစ်ခြင်း
ထာဝရဘုရား၏တန်ခိုးတော်အနန္တရှိကြောင်းကို သေချာစွာ ရှင်းပြလိုပါသည်။ ထာဝရဘုရား သည် အနှိုင်းမဲ့ဘုရား ဖြစ်သောကြောင့် ပါဠိဘာသာအခေါ် နိစ္စဗုဒ္ဓ၊ ထာဝရဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ ဗုဒ္ဓရာဇာ ဟုခေါ်သည်။ ထာဝရဘုရားသည် အဖြစ်တော်အနန္တ(နေရာတိုင်း၌ရှိသောဘုရား၊ အရာအားလုံးကို ဖြစ်စေသောဘုရား)၊ တန်ခိုးတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ မေတ္တာတော်အနန္တ၊ သစ္စာတော်အနန္တ၊ သန့်ရှင်းခြင်းအနန္တ ရှိသောဘုရား ဖြစ်ပါသည်။ ဤကမ္ဘာမြေကြီးသည် လူသားများ နေထိုင်ရာလူ့ဘုံဖြစ်သကဲ့သို့၊ ဘုရားဘုံသည် ဖန်ဆင်းရှင်ဘုရား၏စိုးစံရာဘုံနေရာဖြစ်ပြီး အမြင့်ဆုံးကောင်းကင်ဘုံ၌ ရှိနေပါသည်။
ထာဝရဘုရားသည် သူ့ကိုယ်စားကောင်းကင်တမန်များနှင့်လူသားများကိုအသုံးပြုခြင်း
ကမ္ဘာဦးလူသားနှစ်ဦးခေတ်မှာ လူသားများသည် ထာဝရဘုရားကို တိုက်ရိုက်စကားပြောခွင့်နှင့် မျက်နှာချင်းဆိုင်တွေ့မြင်ခွင့် ရရှိခဲ့ပါသည်။ ကမ္ဘာဦးလူသားနှစ်ဦး အပြစ်ထဲသို့ ကျရောက်သွားခဲ့သည့် နောက်ပိုင်း လူသားများသည် ထာဝရဘုရားကို တိုက်ရိုက်တွေ့ဆုံခွင့် မရရှိတော့ပေ။ သို့ဖြစ်၍ ထာဝရဘုရားသည် လူကိုစကားပြောရန်နှင့် အလုပ်တစ်ခုခု စေခိုင်းလိုသောအခါ သူ၏ ကောင်းကင်တမန်များကို စေလွှတ်၍ သတင်းစကားပါးခြင်းကို ပြုလုပ်လေ့ရှိခဲ့ပါသည်။
သက်သေပြရသော်-
- ကမ္ဘာဖျက်မိုးရွာစေခြင်းအားဖြင့် ထာဝရဘုရားကို ဆန့်ကျင်သည့် လူသားများကို သုတ်သင် ရှင်းလင်းမည်ဖြစ်ကြောင်း ပြောပြရန် နောဧအား အသုံးပြုခဲ့ပါသည်(ကမ္ဘာဦး ၆နှင့်၇)။
- ကောင်းကင်တမန်နှစ်ဦးသည် သာမန်ဧည့်သည်လူသားအသွင်ဖြင့် ထာဝရဘုရား၏လူ အာဗြဟံ၏တူဖြစ်သော လောတမိသားစု နေအိမ်ထံ ရောက်လာခဲ့ပါသည် (ကမ္ဘာဦး ၁၉း၁-၁၇)။
- ထာဝရဘုရားသည် ဘုရားဘုံမှ လူ့ဘုံသို့ လူသားအသွင်ဆောင်ကာ မေရှိယ၊ ဂရိလို ခရစ်တော်၏နာမည်ဖြင့် ကြွလာခဲ့ပါသည် (ဟေရှာယအနာဂတ္တိကျမ်း ၉း၆၊ ရှင်ယောဟန် ၄း၂၅-၂၆)။
- ထာဝရဘုရားသည် လူ့ဇာတိခံရန် အပျိုကညာ မယ်တော်မာရိကို အသုံးပြုခဲ့ပါသည် (ဟေရှာယ အနာဂတ္တိ ကျမ်း ၇း၁၄၊ ၉း၆၊ ရှင်မဿဲ ၁း၁၆-၂၁)။
- ဂျူးလူမျိုးများကို အီဂျစ်ပြည်မှ ခါနန်ပြည်သို့ခေါ်ဆောင်ရန် ထာဝရဘုရားသည် ထာဝရဘုရားက မောရှေအား အသုံးပြုခဲ့သည် (ထွက်မြောက်ရာကျမ်း ၃း၄-၁၅)။
ကမ္ဘာ၏အလယ်ဗဟိုပိုင်းရှိ၊ ယုဒပြည်၊ ယာကုပ်မျိုးနွယ်၊ ဗက်လင်ဟင်မြို့မှ ရှင်ဘုရင် တစ်ပါးသည် ပေါ်ထွန်းလာမည့်အကြောင်း ဗျာဒိတ်ပေးခဲ့ပါသည်(ရှင်မဿဲ ၂း၆)။ ထိုဖြစ်စဉ်ကို အကောင်အထည်ဖေါ်ရန် ထာဝရဘုရားသည် သူကိုယ်တိုင်လာခဲ့ခြင်း မဟုတ်ဘဲ၊ သူ၏ ကောင်းကင်တမန်ကို လူသားတစ်ဦးအသွင်ဖြင့် ဣဇာက်၏သား ယာကုပ်ထံ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း နားလည်ရပါသည် (ရှင်လုကာ ၁း၁၆)။ ထိုသို့ကောင်းကင်တမန်တစ်ပါးကို လူ့သားအသွင်ဆောင်ကာ စေလွှတ်ခဲ့ခြင်းသည် ဘုရားဘုံမှဒုက္ခဘုံသို့ဆင်းသက်၍ ယာကုပ်နှင့် အရှုံးအနိုင်နပန်းလုံးပြီး တန်ခိုးပြိုင်သည့်ပွဲ မဟုတ်ခဲ့ကြောင်း နားလည်ရပါသည်။ ထာဝရဘုရား၏ ဂတိတော်အတိုင်း အာဗြဟံမှ ဆင်းသက်သော ယာကုပ်အမျိုးအနွယ်ကို ကောင်းချီးပေးလို၍ ဖြစ်ကြောင်း ထင်ရှားပါသည် (ကမ္ဘာဦး ၃၂)။
လူသားအသွင်ဖြင့်လာသည့် ကောင်းကင်တမန်နှင့်ယာကုပ်တို့ နပန်းလုံးခဲ့သည့်ညကို လေ့လာသည့်အခါ- ယာကုပ်သည် သူ့အစ်ကို ဧသောက သူ့အား သတ်မည်ကို အလွန်ကြောက်နေခဲ့သည့်အချိန်၊ သူ့အစ်ကိုဧသောက သူ၏အပြစ်ကိုခွင့်လွှတ်ပေးရန် သူ၏ရှေ့တွင် ပို့လွှတ်လိုက်သော လက်ဆောင်ဘဏ္ဏာများဖြစ်သည့် ဆိတ်မ ၂၀၀၊ ဆိတ်ထီး ၂၀၊ သိုးမ ၂၀၀၊ သိုးထီး ၂၀၊ ကုလားအုပ်မ ၃၀၊ နွားမ ၄၀၊ နွားထီး ၁၀၊ မြည်းမ ၂၀၊ မြည်းကလေး၁၀ကို သူ့အစ်ကို ဧသောလက်မခံမည်ကို အလွန်စိုးရိမ်နေသည့်အချိန်၊ မှောင်မိုက်ညမှာ အလွန်ခြောက်ချားစွာတော၌ တစ်ယောက်တည်းအိပ်နေသည့် ညတစ်ည ဖြစ်ခဲ့ပါသည်။ ယာကုပ်ဖေါ်ပြသည့်အတိုင်း လူတစ်ဦးနှင့်နှပန်းလုံးနေခဲ့သည်ဟု မှတ်တမ်းတင်ခဲ့ပါသည်။ သူနှင့်နပန်းလုံးနေသည့်လူသည် သူ့အစ်ကိုကြီးလည်းမဟုတ်၊ သူ့အစ်ကိုကြီး၏အစေခံများအထဲက တစ်ဦးဦးလည်း မဟုတ်နိုင်ကြောင်း သူရိပ်မိခဲ့သည်။ အကြောင်းမှာ သူနှင့်နပန်းလုံးနေသောသူသည် သူ့ကို ရန်မပြုသောကြောင့် ထိုသူသည် ထာဝရဘုရား၏စေတမန်တစ်ပါးဖြစ်မည်ဟု ယာကုပ် သေချာသိသောအခါ သူ့ကိုကောင်းချီးပေးရန် မရမက တောင်းဆိုခဲ့သည်မှာ အလွန်ထင်ရှားပါသည်။
ထို့ကြောင့် ယာကုပ်သည် ထာဝရဘုရား၏စေတမန်ထံမှ ကောင်းချီးမပေးမချင်း ထာဝရဘုရား၏စေတမန်ကို မလွှတ်တမ်း ဆုပ်ကိုင်ခဲ့ပါသည်။ ထိုစေတမန်သည် ထာဝရဘုရား ညွှန်ကြားထားခဲ့သည့်အတိုင်း ယာကုပ်၏နာမည်ကို အစ္စရေးဟူ၍ မှည့်ခေါ်ခဲ့ပါသည်။ သူ့အစ်ကိုကြီးဧသော၏ရန်ကိုလည်း ငြိမ်းပေးခဲ့ပါသည်။ ထာဝရဘုရား၏ဂတိတော်ကို အစ္စရေးနှင့် သူ၏မျိုးဆက်များ အစဉ်သတိရစေရန် ယာကုပ်၏ပေါင်ဆစ်ပြုတ်အောင် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နားလည်ရပါသည်။ ထိုကြောင့်အစ္စရေးလူမျိုးများသည် ပေါင်သားကို ယခုချိန်ထိ မစားကြပေ။
ထာဝရဘုရား၏စေတမန်သည် ယာကုပ်အား အစ္စရေးဆိုသည့် နာမည်အသစ်ကို ပေးခဲ့သည်။ ထိုနာမည်သစ်ကို ပေါင်ဆစ်ပြုတ်အောင် အထိုးခံခဲ့ရသည့်ယာကုပ်က ဝမ်းမြောက်စွာ လက်ခံခဲ့ပါသည်။ ယာကုပ်၏ပေါင်ဆစ်ကို ပြုတ်အောင်ထိုးရုံသာမက၊ သူ၏နာမည်ကိုပါ ပြောင်းပေးလိုက်ခြင်းကို ယာကုပ်က ကောင်းချီးမင်္ဂလာအဖြစ် မှတ်ယူခဲ့သည်။ ထိုသို့မှတ်ယူခဲ့ခြင်းကို ဒေါက်တာ လာဆစ်ဒူကာက ယာကုပ်သည် ထာဝရဘုရားကိုနိုင်သည်ဟု မှားယွင်းစွာခံယူနေကြောင်း ထင်ရှားလှပါသည်။
မှောင်မိုက်သည့်ညမှာ ယာကုပ်ကို လူတစ်ဦးက လာပြီးလုံးထွေးခဲ့သည့် ဖြစ်ရပ်သည် ယာကုပ်ကို သတ်ချင်၍ မဟုတ်ဘဲ၊ ယာကုပ်ကို ကောင်းချီးပေးချင်ခဲ့၍ ဖြစ်ကြောင်း သက်သေအချို့ကို တင်ပြရလျှင်-ကမ္ဘာပေါ်၌ ဘုရားပွင့်သည့်အမျိုးများအထဲမှ အစ္စရေးလူမျိုးသည် အထူးခြားဆုံး ဖြစ်ခြင်းမှာ ကောင်းကင်တမန်က ယာကုပ်ကို ကောင်းချီးပေးခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအား အလွန်ထူးခြားသည့် ဉာဏ်ပညာများကို ကောင်းချီးအဖြစ် ပေးထားခဲ့ပါသည် (ဒံယေလအနာဂ္ဂတိကျမ်း ၁း၁၇)။ ကမ္ဘာပေါ်မှာ ခေတ်စားနေသည့် အနုမြူဗုံး၊ အနုမြူလက်နက်၊ ဇီဝလက်နက်၊ ဓါတုလက်နက်၊ အင်တာနက်၊ အီးမေးလ်၊ ဖေ့စ်ဘုတ်၊ စီးပွားရေးပညာ၊ အာကာသပညာများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထောက်လှမ်းရေးနည်းပညာများကို သူတို့က ကမ္ဘာကြီးကို မျှဝေနေ ကြပါသည်။ ရုရှား၊ ဥရောပ၊ အမေရိက၊ အာဖရိက၊ အာရှမှာအစွမ်းထက်သည့် ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်များသည် အစ္စရေး(ဂျူး)နှင့် ဂျူးသွေးနှောနေသူများမှ ဆင်းသက်လာခဲ့သူများသာ ဖြစ်ပါသည်။ ကမ္ဘာ့စီးပွားရေးသည်လည်း သူတို့၏ လက်ထဲ၌သာ ရှိနေပါသည်။ ထိုသို့ ဖြစ်ထွန်း နေခြင်းမှာ ထာဝရဘုရားသည် ယာကုပ်ကို ကောင်းချီးပေးခဲ့၍ဖြစ်ကြောင်း နားလည်ရပါသည်။
အကယ်၍ ယာကုပ်သည် အနန္တတန်ခိုးရှင် ထာဝရဘုရားကို အနိုင်ယူခဲ့မည်ဆိုပါက- ယာကုပ်သည် သူ့ထံ ရှုံးသွားခဲ့သည့် လူထံမှ ကောင်းချီးများကို တောင်းခံစရာအကြောင်း မရှိပေ။ သူ့နာမည်ယာကုပ်ကို ဣသရေလ (အစ္စရေး)နာမည်အဖြစ်သို့ ပြောင်းလဲပေးမှုကိုလည်း ယာကုပ်သည် လက်ခံယူမည် မဟုတ်ပေ။ သူ့ကို ပေါင်ဆစ်ပြုတ်အောင်ပြုလုပ်ခဲ့သည့်သူ၏ စကားကိုလည်းနာခံမည် မဟုတ်ပေ။ ယာကုပ်၏ပေါင်ဆစ်ကို ပြုတ်အောင်ပြုခဲ့သည့်သူကို ယာကုပ်သည် ရန်မမူဘဲ ဝမ်းမြောက်စွာ လက်ခံခဲ့ခြင်းသည် ဒေါက်တာလာဆစ်ဒူကာ နားလည်သကဲ့သို့ ထာဝရဘုရား ရှုံးနိမ့်ခြင်း မဟုတ်ကြောင်း သက်သေများပင် ဖြစ်ပါသည်။ အမှန်မှာ ထာဝရဘုရား စေလွှတ်ခဲ့သော ကောင်းကင်တမန်ထံမှ ကောင်းချီးမင်္ဂလာ မရရအောင် တောင်းယူခဲ့ခြင်းကို ညွှန်းနေသည့်အချက် ဖြစ်ပါသည်။