မေးခွန်း-(၁၅)။ အလ္လာရှင်မြတ် အမိန့်တော်ခံယူခြင်း၊ ခရစ်တော်၌ အိပ်ပျော်ခြင်းတို့သည် ဘုရားသခင်၏ အလိုတော်အတိုင်း သေရခြင်းဖြစ်ရကား လူသားတို့အား သတ်ဖြတ်နေသူသည် ဖန်ဆင်းရှင် ထာဝရဘုရားပင် ဖြစ်နေသည်ဟု ဆိုပါက ကျေးဇူးတင် ချီးမွမ်းသင့်ပါသလား။ မေတ္တာတော်အနန္တဂရုဏာရှင် ဖြစ်ပါလျှက် လူသားတို့ကို အစကတည်းက မအို၊မနာ၊ မသေသည့် ကောင်းကင်နိုင်ငံတော်ကို ဘာကြောင့်မပို့ဘဲ ဒုက္ခခံစား စေပါသနည်း။ အနာဂတ်ကိုကြိုတင်မသိ၍ ဖြစ်ပါသလား၊ မေတ္တာရှင်ဆိုသည့်စကားနှင့် ကိုက်ညီအောင် ဖြေကြားပါ။

Published on September 18, 2025 by Admin

အလ္လာရှင်မြတ် ဝေါဟာရ၏နောက်ခံ

ကမ္ဘာဦး၌ ဘာသာစကားသည် တစ်မျိုးတည်းသာ ရှိခဲ့ပါသည်။ သို့သော် ဘီစီ ၁၉၀၀ ဝန်းကျင်ခန့် ရောက်လာသည့်အခါ လူသားတို့သည် ဘုရားဘုံ၌ နေသောထာဝရဘုရားထံ သွားနိုင်ရန်နှင့် မိမိတို့နာမည် ကျော်စောရန် ဗာဗုလုန်အရပ်၌ ဗာဗုလုန်ရဲတိုက် (Tower of Babel)ကို တည်ဆောက်ခဲ့ရာမှ ထာဝရဘုရားသည် တစ်မျိုးတည်းသော ဘာသာစကားကို ကွဲပြားအောင် ပြုလုပ်ခဲ့ပါသည်။ ထိုချိန်မှစတင်ကာ ဘာသာစကားမျိုးစုံ ရှိလာခဲ့ခြင်း ဖြစ်ပါသည် (ကမ္ဘာဦးကျမ်း ၁၁း၁-၈)။ အာရေဗီ(Arab)စကားသည် ဘာသာစကားမျိုးစုံထဲမှ တစ်မျိုးဖြစ်ပါသည်။ 

အာရေဗီ(Arab) ဘာသာစကားအားဖြင့် ထာဝရဘုရားကို Allahဟု ခေါ်ပါသည်။မဂဓ(Magada)ဘာသာ၊ ပါဠိ(Pali)စာပေအားဖြင့် ဘုရားကို ဗုဒ္ဓ (Buddha)၊ ထာဝရဘုရားကို ပါဠိအခေါ် ဋ္ဌာဝယဗုဒ္ဓ၊ နိစ္စဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ ဟုခေါ်ကြောင်း သိရပါသည်။ ဘုရားကို မွန်လို ကျိုက်၊ ရခိုင်လို ဖရား၊ ဗမာလို ဘုရား၊ အင်္ဂလိပ်လို GOD၊ ကရင်လို ကဆာယွား၊ ရှမ်းလို ဇာဟု မိမိတို့လူမျိုးဘာသာအလိုက်ခေါ်နေကြောင်း သိရပါသည်။

ထေရဝါဒဗုဒ္ဓဘာသာဝင်များသည် မာဂဓလူမျိုးများအသုံးပြုခဲ့သော ပါဠိစာကို အဓိကသုံး၍၊ အစ္စလာမ် ဘာသာဝင်များသည်လည်း အာရေဗီဘာသာကို အဓိကသုံးနေကြပါသည်။ ခရစ်ယာန်များကမူ ထာဝရဘုရားအကြောင်း မူလ မှတ်တမ်းတင်ထားခဲ့သော ဟီဗရူး(Hebrew) ဘာသာနှင့်ဂရိ(Greek) ဘာသာကို အဓိက မသုံးဘဲ၊ မိမိတို့လူမျိုး၏ ဘာသာစကားဖြင့် ဘာသာပြန်ထားသည့် ကျမ်းစာများကိုသာ အဓိက သုံးနေကြပါသည်။ ဟီဗရူး(Hebrew)ဘာသာနှင့် ဂရိ(Greek) ဘာသာတို့ကိုမူ အဆင့်မြင့် ကျမ်းစာကျောင်းများ၌သာ သင်နေကြပါသည်။

အလ္လာရှင်မြတ် အမိန့်တော်ခံယူခြင်း ဝေါဟာရ၏နောက်ခံ

“အလ္လာရှင်မြတ်အမိန့်တော်ခံယူခြင်း” ဆိုသည့်ဝေါဟာရကို အစ္စလာမ်ဘာသာဝင်များက သုံးနှုန်း နေကြပါသည်။ အစ္စလာမ်ဘာသာဝင်များသည် တမန်တော်မူဟာမက်၏စကားကို အဓိကယုံကြည်နေသူများ ဖြစ်ပါသည်။ တမန်တော် မူဟာမက်သည် ၆၃၂ အေဒီတွင် သေခဲ့ပါသည်။ အစ္စလာမ်ဘာသာသည် အာရပ်အနွယ်ဝင်များတွင် စတင် ထွန်းကားခဲ့သည်။ အာရပ်အနွယ်ဝင်များသည် အာဗြဟံနှင့်ဇနီးစာရာတို့ ဇနီးမောင်နှံ၏ အစေခံမ(ကျွန်မ) အီဂျစ်သူ ဟာဂရ (Hagar)နှင့် ရခဲ့သောသား ဣရှမေလ(Ishmael)မှ ဆင်းသက်လာခဲ့သူများ ဖြစ်ပါသည်။ အာဗြဟံသည် ထာဝရဘုရား ရွေးကောက်ခဲ့သော ကမ္ဘာ့သမိုင်းဝင်ပုဂ္ဂိုလ် ဖြစ်၍၊ ထာဝရဘုရားနှင့် တိုက်ရိုက်စကားပြောခွင့် ရခဲ့သူလည်း ဖြစ်ပါသည်။ ထိုကြောင့် အာဗြဟံနှင့်ကျွန်မ ဟာဂရတို့မှရခဲ့သောသား ဣရှမေလသည် ထာဝရဘုရားကို သိခဲ့ပါသည်။ ထာဝရဘုရားက သူ့ကို လူမျိုးကြီး ဖြစ်စေမည်၊ ကောင်းကြီးပေးမည်ဟု ဂတိပေးထားခဲ့သည်ကို ကမ္ဘာဦးကျမ်း ၁၇း၂၀-၂၂၌ ဖေါ်ပြထားခဲ့ပါသည်။ ဣရှမေလသည် ညီအစ်ကိုများနှင့် သဟဇာတ မရှိသူဖြစ်မည့်အကြောင်းကို ကမ္ဘာဦးကျမ်း ၁၆း၁၂ ၌ ဖေါ်ပြထားခဲ့ပါသည်။

ထာဝရဘုရားသည် အာဗြဟံနှင့်စာရာအား သားကို ပေးရန် ဂတိတော် ရှိခဲ့ပါသည်။ တရားဝင်မယား စာရာ(Sara)မှ မွေးခဲ့သောဣဇာတ် (Isaac)သည် ထာဝရဘုရားက အာဗြဟံ(Abraham)ကို ဂတိပေးခဲ့သောသူ ဖြစ်ပါသည်။  သားဣရှမေလသည် အာဗြဟံနှင့်ကျွန်မ ဟာဂရမှ ရခဲ့သောသား ဖြစ်ပါသည်။ သူသည် အာဗြဟံအား ဘုရားသခင်က ဂတိပေးထားခဲ့သူ မဟုတ်သော်လည်း ကောင်းချီးနှင့် လူမျိုးကြီးဖြစ်ရသောအခွင့် တို့ကို ပေးခဲ့ပါသည် (ကမ္ဘာဦးကျမ်း ၁၇း၂၀၊၂၁း၁၈)။ 

အစ္စလာမ်ဘာသာဝင်များသုံးသော ကုရ်အာန်(Quran)ကျမ်းကို အာရေဗီဘာသာအားဖြင့် မှတ်တမ်းတင်ထားခဲ့ပါသည်။ အချုပ်ဆိုရလျှင် အာရပ်လူမျိုးများ၏ဖခင်အချုပ် “ဣရှမေလ(Ishmael)”သည် ထာဝရဘုရားအကြောင်းကို ဖခင် အာဗြဟံထံမှ ကြားသိခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် လူသားများ သေရခြင်းသည် အလိုအလျောက် သေရခြင်းမဟုတ်ဘဲ ထာဝရဘုရား၏အမိန့်တော်ကြောင့် သေရခြင်း ဖြစ်ကြောင်းသိသူများ ဖြစ်ပါသည်။ ထိုကြောင့် လူသားများသေရခြင်းသည် အလ္လာရှင်မြတ်ခေါ်ခြင်းကို သုံးနုုန်းနေသည်ဟု နားလည်ရပါသည်။

ခရစ်တော်၌အိပ်ပျော်ခြင်းဝေါဟာရ၏နောက်ခံ

ခရစ်တော်ကို ကိုးကွယ်သူများအား ခရစ်ယာန်ဟု ခေါ်ကြပါသည်(တမန်တော် ၁၁း၂၆)။ ခရစ်ယာန်များသည် ခရစ်တော်၌ အိပ်ပျော်ခြင်းဆိုသည့်ဝေါဟာရကို သုံးနှုန်းနေကြပါသည်။ ကမ္ဘာဦး လူသားနှစ်ဦးမှ ဆင်းသက်လာခဲ့သည့် လူသားတိုင်း ကိုယ်ခန္ဓာနှင့်အသက်ခွဲခွာခြင်းကို “ပထမသေခြင်း”ဟု ခေါ်သည်(ကမ္ဘာဦး ၃း၁၉)။  သေခြင်း၏တဖက်ကမ်းမှာ အတွင်းလူ (အစ္ဇျတ္တ)နာမ်ဝိညာဉ်ကို ကန့်ငရဲမီးအိုင်ထဲသို့ ပစ်ချခံရခြင်းကို “ဒုတိယသေခြင်း” ဟု ခေါ်ပါသည်။

ဤကမ္ဘာလောက၌ အသက်ရှင်နေစဉ် ဘုရားဘုံမှ လူ့ကမ္ဘာသို့ကြွဆင်းခဲ့သည့်ယေရှုခရစ်တော်ကို ယုံကြည်ကိုးကွယ်လျှင် ဒုတိယသေခြင်းနှင့်ကင်းလွတ်မည်ဟု ယေရှုခရစ်တော်ကိုယ်တိုင် အာမခံပေးထားခဲ့ပါသည်(ဗျာဒိတ် ၂၁း၈၊ ရှင်ယောဟန် ၅း၂၄၊ ၁၄း၆)။ ယေရှုခရစ်တော်ကို ဘုရားသခင်၏သားတော်၊ မိမိ၏ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ပြီး၊ ခရစ်တော်နှင့်အတူ အသေသတ်ခံခြင်းနှင့် ခရစ်တော်နှင့်အတူရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်သည့် ရေထဲ၌ တစ်ကိုယ်လုံး နှစ်စက္ကန့်ခန့် နှစ်ယူပြီး ပြန်၍ထရပါသည်။ ထိုသို့ပြုလုပ်ခြင်းကို “နှစ်ခြင်းခံခြင်း”ဟု ခေါ်ပါသည်။ ထိုနောက် ခရစ်တော်၏ပဋိညာဉ်တရားသစ်ဟုခေါ်သည့် မုန့်နှင့်စပျစ်ရည်ကို စားသောက်ရပါသည်။ မုန့်သည် လက်ဝါးကပ်တိုင်ပေါ်၌ ခန္ဓပရိစာဂပြုခဲ့သော ခရစ်တော်၏ကိုယ်ခန္ဓာကို ကိုယ်စားပြု၍၊ စပျစ်ရည်သည် လက်ဝါးကပ်တိုင်၌ လူသားများ၏ အပြစ်များကိုဆေးကြောရန်အတွက် သွန်းခဲ့သော ခရစ်တော်၏အသွေးကို ကိုယ်စားပြုပါသည်။ ယေရှုခရစ်တော်ကို ကာယကံ၊ဝစီကံ၊ မနောကံအားဖြင့် သဒ္ဓါတရားရှိသောသူများအတွက် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ခရစ်တော်ကိုယ်တိုင် ပြင်ဆင်ပေးနေပါသည်(ရှင်မဿဲ ၂၄း၃၁၊ ယောဟန် ၁၄း၁-၄၊ ကောရိန္သု ပထမစောင် ၁၅၊ ဗျာဒိတ် ၂၁)။ 

အိပ်ပျော်သောသူသည် နိုးထရမည့်အချိန်ရှိသည့်အတွက် ခရစ်တော်ကို ယုံကြည်လက်ခံသောသူများသည် ပထမသေခြင်းကို “ခရစ်တော်၌ အိပ်ပျော်ခြင်း” ဟု သုံးနှုန်းနေခြင်း ဖြစ်ပါသည်။ ခရစ်တော်ကို ယုံကြည်ခြင်းသည် အကြောင်းတရား၊ ဘုရားဘုံသို့ တိုက်ရိုက် ဝင်ရောက်ခွင့် ရရှိခြင်းသည် အကျိုးတရား ဖြစ်ပါသည်။ ခရစ်တော်ကို ကိုးကွယ်သူများသည် အပြစ်လွတ်ခြင်းခံရ၍ ဘုရားသားများအဖြစ် သတ်မှတ်ခြင်းခံရပါသည်(ယောဟန် ၅း၂၅-၂၆၊၁၁း၂၅)။ ထို့ကြောင့် ဘုရားဘုံသို့ ဝင်စားခွင့် ဗီဇာ (Visa) အလိုအလျောက်ရရှိသွားခြင်း ဖြစ်ပါသည်။

ခရစ်တော်ကို ယုံကြည်လက်ခံသူများ၏ သေခြင်းသည် ထာဝရသေခြင်း မဟုတ်ဘဲ၊ ခရစ်တော်သည် ဗျာဒိတ်တော်အတိုင်း လက်ဝါးကပ်တိုင်ပေါ်မှာ အသေသတ်ခံပြီး၊ သုံးရက်မြောက်သည့်နေ့မှာ သေခြင်းမှ ရှင်ပြန်ထမြောက်၍ ဘုရားဘုံသို့ ပြန်ကြွသွားခဲ့သည့်နည်းတူ ခရစ်တော်ကို ကိုးကွယ်သူများသည်လည်း သေပြီးနောက် ရှင်ပြန်ထမြောက်ပြီး ဘုရားဘုံသို့သွားရန် အာမခံချက် ဂတိတော် ရရှိခဲ့ပါသည်(ရှင်ယောဟန် ၃း၁၆-၁၉၊ ၁၄း၆)။ 

ထာဝရဘုရားသည် အနာဂတ်ကို ကြိုတင်၍သိခြင်း

(သုတ္တံ ၁၆း၉၊ ၁၉း၂၁၊ဆာလံ ၃၃း၁၃-၁၅၊ဗျာဒိတ် ၂၂း၁၃)

ထာဝရဘုရားသည် ကောင်းကင်ဘုံနှင့်မြေကြီးဘုံ၊ ငရဲဘုံကို ပြုလုပ်သူ၊ ပိုင်ဆိုင်သူ၊အုပ်စိုးသူ ဖြစ်ပါသည် (ရှင်မဿဲ ၂၈း၁၈)။ ၎င်းတို့အထဲ၌ ရှိနေသော နတ်များ၊ လူများ၊ တိရစ္ဆာန်များသည် ထာဝရဘုရား၏လက်ရာများသာ ဖြစ်ပါသည်။ ထာဝရဘုရားသည် ဉာဏ်တော်အနန္တရှိ၍ အလုံးစုံကိုသိသူ၊ အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ်ကို သိသူ၊ သဘာဝကို အုပ်စိုးချုပ်ကိုင်သူ ဖြစ်ပါသည်။ ထာဝရဘုရားသည် အနာဂတ်ကို ကြိုတင်သိသည့်ဘုရားဖြစ်ကြောင်း သက်သေအချို့ကို တင်ပြလိုပါသည်။

သက်သေ-၁။ ကမ္ဘာဦးလူသားနှစ်ဦး၏အနာဂတ်ကို ကြိုတင်သိ၍ ကောင်း၊ မကောင်း သိကျွမ်းရာ အပင်၏ အသီးကို မစားနှင့်၊ စားသည့်နေ့တွင် သေလိမ့်မည်ဟု မိန့်မှာထားခဲ့ပါသည်။ ထိုအမိန့်ကို ဆန့်ကျင်၍ စားမိခဲ့သောကြောင့် ကမ္ဘာဦးလူသားနှစ်ဦးသည် မသေရာဘဝမှ သေရသည့်ဘဝသို့၊ သုခဘုံဘဝမှ ဒုက္ခဘုံဘဝသို့ ကျရောက်သွားခဲ့ရပါသည် (ကမ္ဘာဦးကျမ်း ၃း၁၉)။

သက်သေ-၂။ ရှေးခေတ်လူသားများသည် ထာဝရဘုရားရှိရာ ကောင်းကင်ဘုံသို့သွားနိုင်ရန်အတွက် ဗာဗုလုန်မြို့၌ ဗာဗုလုန်ရဲတိုက်ကြီးကို တည်ဆောက်ခဲ့ကြပါသည်။ ထိုသို့တည်ဆောက်ခြင်းကို ထာဝရဘုရားက သူ့လူများမှတစ်ဆင့် တားမြစ်ခဲ့ပါသည်။ သို့သော်လည်း လူသားတို့သည် ထာဝရဘုရား၏အမိန့်တော်ကို ဂရုမစိုက်ဘဲ၊ လူထုခေါင်းဆောင်များက လူသားများ ကမ္ဘာအနှံ့အပြားသို့ မကွဲပြားစေရန်နှင့် သူတို့၏ နာမည်ကျော်စောလိုမှုကြောင့် မိုးထိရဲတိုက်ကို ဆက်လက်တည်ဆောက်ခဲ့ပါသည်။ ထို့ကြောင့် ထာဝရဘုရားသည် တစ်မျိုးတည်းသော ဘာသာစကားကို တစ်ဦးနှင့်တစ်ဦး နားမလည်အောင် ကွဲပြားစေခဲ့ပါသည် (ကမ္ဘာဦးကျမ်း အခန်းကြီး-၁၁)။ ထိုနောက်ပိုင်းတွင် ဤကမ္ဘာ၌ လူ့ဘာသာစကားမျိုးစုံ ရှိလာခဲ့ပါသည်။ စကားကွဲသွားခဲ့၍ လူအမျိုးမျိုး စတင်ရှိလာခဲ့ခြင်း ဖြစ်ပါသည် (ကမ္ဘာဦးကျမ်း ၁၁)။

သက်သေ-၃။ နောဧခေတ်တွင် လူသားများသည် စားလျှက်၊ သေရည်သေရက်သောက်လျှက်၊ မှားယွင်းသော မေထုန်သံဝါသပြုလျှက် ထာဝရဘုရားရွံရှာသော အမှုကိုပြုခဲ့ပါသည်။ ထို့ကြောင့် ထာဝရဘုရားကို ကြောက်ရွံ့ရိုသေသော နောဧမှတစ်ဆင့် ကမ္ဘာလူသားများကို ဒုစရိုက်လုပ်ငန်းများမှ နောင်တရရန် သတိပေးခဲ့ပါသည်။ နောင်တမရပါက ကမ္ဘာကြီးကို ရေလွမ်းမိုးစေခြင်းအားဖြင့် သုတ်သင်ရှင်းလင်းပစ်မည်ဟုလည်း ကြိုတင်သတိပေးခဲ့ပါသည်။ သို့သော် လူသားများသည် နောင်တမရဘဲ ဘုရားမဟုတ်သည့် နတ်များ၊ လူများ၊ အရာဝတ္ထုပစ္စည်းများကို ကိုးကွယ်ခြင်း၊ မှားယွင်းသော မေထုန်သံဝါသပြုခြင်း၊ အရက်သေစာသောက်စားခြင်းဖြင့် လောက၏ပျော်ပါးမှုများကို ဆက်လက် ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် လူသားများသည် ထာဝရဘုရား၏လူ နောဧကို သမိုင်းရှုထောင့်မှ ဝေဖန်သူက ဝေဖန်၊ ပထဝီဝင်ရှုထောင့်မှ ဝေဖန်သူက ဝေဖန်၊ သိပ္ပံပညာ ရှုထောင့်မှဝေဖန်သူကဝေဖန်ပြီး ကဲ့ရဲ့ အပြစ်တင်ခဲ့ကြပါသည်။ ထို့ကြောင့် နောင်တမရသည့်အပြင် ထာဝရဘုရားကို ဆန့်ကျင်သည့် လူသားများအားလုံးနှင့်သတ္တဝါအားလုံးကို ကမ္ဘာဖျက်မိုးရွာစေပြီး သုတ်သင်ခဲ့ပါသည်။ ဗြဟ္မာကြီး လေးပါးဟုခေါ်သည့် နောဧ၊ရှေမ၊ဟာမ၊ယာဖက်နှင့်သူတို့၏မိန်းမများ စုစုပေါင်း(၈)ဦးသာ ကယ်တင်ခြင်းခံ ခဲ့ပါသည်(ကမ္ဘာဦး ၉း၁၈)။ 

သက်သေ-၄။ ထာဝရဘုရားသည် လူသားများ၏အနာဂတ်ကို ကြိုတင်သိ၍ “ဤသူသည် ငါမြတ်နိုးရာ ငါ၏ချစ်သားပေတည်း၊ သူ၏စကားကို နားထောင်လော့ဟု ကောင်းကင်မှ မိန့်မှာခဲ့ပါသည်(ရှင်မဿဲ ၁၇း၅)။ ယေရှုမိန့်မှာခဲ့သည်မှာ- “ငါသည်လမ်းခရီးဖြစ်၏။ အသက်လည်း ဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ”ဟု အမိန့် ထုတ်ထားခဲ့ပါသည် (ရှင်ယောဟန် ၁၄း၆)။ ဘုရားဘုံမှ လူ့ဘုံသို့ ကြွဆင်းလာခဲ့သည့် ဟီဗရူးအခေါ် မေရှိယ (ပါဠိအခေါ် အရိမေတ္တယျ) ကယ်တင်ရှင် ခရစ်တော်ကို အမှီမပြုပါက မည်သည့်ပုဂ္ဂိုလ်ပင်ဖြစ်ပါစေ၊ မည်သည့် ဘာသာဝင်ပင် ဖြစ်ပါစေ ဘုရားဘုံသို့ သွားခွင့်မရှိကြောင်း စီရင်ချက်အမိန့်ထုတ်ပြန်ခဲ့ပါသည်။

သက်သေ-၅။ ထာဝရဘုရားသည် အနာဂတ်ကိုကြိုတင်သိ၍ ဤကမ္ဘာကြီးနှင့်မိုးကောင်းကင်ကို မီးရှို့ဖျက်ဆီးပစ်မည်ဖြစ်၍ ဤလောကကို မခင်တွယ်ရန် ကြိုတင်သတိပေးခဲ့ပါသည် (၂ပေ ၃းရ)။ တမလွန်ဘဝမှာ ဘုရားဘုံရောက်ချင်သူတိုင်း ဘာသာတရားတစ်ခုခုကို ခိုလှုံကိုးကွယ်ခြင်းမှ ရုန်းထွက်ပြီး သေခြင်းအပါအဝင်၊ မာရ်ငါးပါးကို တစ်ပါးမကျန်အောင်ခဲ့သော အစဉ်အသက်ရှင်သည့် ခရစ်တော်၊ ပါဠိအခေါ် အရိမေတ္တယျ၊ နိစ္စဗုဒ္ဓထံ ပြေးဝင်ခိုလှုံရန် လိုအပ်ကြောင်း အထူးသတိပေးခဲ့ပါသည်။ 

သက်သေ-၆။ ထာဝရဘုရားသည် အနာဂတ်ကို ကြိုတင်သိသည့်အတွက် နတ်များကို မကိုးစားရန်၊ နတ်များနှင့်ကင်းကင်းရှင်းရှင်းနေရန် အထူးသတိပေးထားခဲ့ပါသည်။ နတ်များ၏ဘဝသည် ထာဝရဘုရား၏လက်ထဲ၌သာ ရှိပါသည်။ ထာဝရဘုရားသည် ကောင်းကင်သားလူစီဖာကို ဘုရားဘုံမှနှင်ချခဲ့၍ “နတ်ဆိုသည့် နာမည်ရလာခဲ့ခြင်း” ဖြစ်ပါသည်။ နတ်များသည် လေဟာပြင်မှာ ပျံဝဲနေပြီး လူများကို ငရဲသွားဖေါ်ရအောင် နည်းမျိုးစုံဖြင့် လှည့်စား၊ ရိုက်စား၊ ခြောက်စား၊ ဖြားယောင်းသွေးဆောင်နေပါသည် (ဟေရှာယအနာဂတ္တိကျမ်း ၁၄း၁၂)။ ဂိမ်းကြိုက်သူကိုဂိမ်း၊ မူးယစ်ဆေးဝါးကြိုက်သူကို မူးယစ်ဆေးဝါး၊ အရက်ကြိုက်သူကိုအရက်၊ ရာထူးကြိုက်သူကို ရာထူး၊ ငွေကြိုက်သူကို ငွေ၊ ကာမကိလေသာကြိုက်သူကို ကာမကိလေသာ၊ ကျော်ကြားချင်သည့်သူကို ကျော်ကြားခြင်းဖြင့် ဆွဲဆောင်ကာ သူ့လက်အောက်သို့ သွတ်သွင်းလျှက် ရှိပါသည်။ နောက်ဆုံး၌ နတ်များကို ကန့်နှင့်လောင်သောငရဲမီးအိုင်ထဲသို့ ပစ်ချရန် စီစဉ်ပြီးသား ဖြစ်ပါသည် (ရှင်မဿဲ ၂၅း၄၁-၄၅၊ ဗျာဒိတ် ၂၀း၁၀)။ နတ်များ၏အဓိက လက်နက်သည် လိမ်ညာခြင်း၊ သေရည် သေအရက်နှင့်မူးယဇ်ဆေးဝါးများ သုံးဆောင်ရန် ဖြစ်ပါသည်။ ထို့ကြောင့် နတ်များနှင့်အတူ ငရဲထဲသို့ပစ်ချခြင်း မခံလိုသူများ နတ်များနှင့်ကင်းအောင်နေရန် လိုသည်။

နတ်ကို ကိုးကွယ်ပြီး၊ တမလွန်ဘဝမှာ နတ်ပြည်ရောက်ချင်သည့်သူများအတွက် ထာဝရဘုရား၏ သတိပေးချက်မှာ “မာရ်နတ်ကိုလည်းသားရဲနှင့် မိစ္ဆာပရောဖက်ရှိရာ၊ ကန့်နှင့် ရောနှောသော မီးအိုင်ထဲသို့ ပစ်ချမည်” ဆိုသည့်အမိန့်ရှိခဲ့သည် (ဗျာဒိတ်ကျမ်း ၂၀း၁၀)။ နတ်ကို ကိုးစားသူများ၊ တမလွန်ဘဝမှာ နတ်ပြည် ရောက်ချင်သောသူများ ယခုနောင်တရ၍ ထာဝရဘုရားကိုသာ ကိုးကွယ်ရန် ဖြစ်ပါသည်။ နတ်များကို ကိုးကွယ်မည့်အစား ထာဝရဘုရား၊ပါဠိအခေါ် ထာဝရဗုဒ္ဓ၊နိစ္စဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ ဗုဒ္ဓရာဇာကို ကိုးကွယ်ရန် လိုအပ်ပါသည်။ ထာဝရဘုရားက ငါမှတစ်ပါး အခြားသော ဘုရားများကို မကိုးကွယ်ရဟု မိန့်မှာခဲ့သည်။ “ဘုရားမှအပ ကိုးကွယ်ရာမရှိ၊” ပါဠိကျမ်းစာတွင် “ဗုဒ္ဓေါ မေ သရဏံ အဥာံနန္တ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ဟုသွန်သင်နေပါသည်(ထွက်မြောက်ရာကျမ်း ၂၀း၃၊ ရှင်ယောဟန် ၁၄း၆)။ 

ဤမျှလောက်ရှင်းပြခြင်းအားဖြင့် ထာဝရဘုရားသည် အရာရာတိုင်းကိုပြုလုပ်သူ၊ထိန်းချုပ်သူ၊ အနာဂတ်ကို ကြိုတင်သိသူ ဉာဏ်တော်အနန္တရှိသည့်ဘုရားဖြစ်ကြောင်း သိနိုင်မည်ဟု ထင်မိပါသည်။ 

ဖန်ဆင်းရှင် ထာဝရဘုရားသည် လူသတ်သမား ဖြစ်ပါသလား။

ထာဝရဘုရားသည် ကမ္ဘာဦးလူသားနှစ်ဦးကို ထာဝရအသက်ရှင်နိုင်အောင် ဖန်ဆင်းခဲ့ပါသည်။ ထိုထာဝရ အသက်ကို မဆုံးရှုံးစေချင်၍ ဧဒင်ဥယျာဉ်၏ အလယ်မှာရှိသည့် ကောင်း၊မကောင်း သိကျွမ်းရာ အပင်၏ အသီးကို မစားရ ဆိုသည့် ဥပဒေပုဒ်မ(ပညတ်တရား)ကို ပေးထားခဲ့ခြင်း ဖြစ်ပါသည်။ သို့သော်လည်း သူတို့နှစ်ဦးသည် မာရ်နတ်၏လှည့်စားမှုကြောင့် ထိုပုဒ်မကို ကျူးလွန်ဖေါက်ဖျက်ခဲ့ပါသည်။ ထိုသို့ ကျူးလွန်ခဲ့ခြင်း အကြောင်းတရားကြောင့် မြေမှုန့်မှယူခဲ့သည့် လူ့ကိုယ်ခန္ဓာကို မြေကြီးသို့ ပြန်ထားရန် (သေရန်) အမိန့်ထုတ်ခဲ့ခြင်းသည် အကျိုးတရား ဖြစ်လာခဲ့ပါသည်။ ကမ္ဘာဦးလူသားနှစ်ဦးသည် သေဒဏ်ထိုက်သည့် အပြစ်ကိုကျူးလွန်ခဲ့၍ သူတို့နှစ်ဦးသည် မသေသည့်ဘဝမှ သေရမည့်ဘဝသို့ ကျရောက်သွားခဲ့ခြင်း ဖြစ်ပါသည်။ ထာဝရဘုရားသည် လူသားများ၏ဇီဝအသက်ကို နုတ်ယူပိုင်ခွင့်အာဏာ ရှိပါသည်။ အကြောင်းမှာ ထာဝရဘုရားသည် ကမ္ဘာဦးလူသားနှစ်ဦး၏ကိုယ်ခန္ဓာကို မြေမှုန့်ထဲက ထုတ်ယူခဲ့ပြီး၊ ၎င်းကိုယ်ခန္ဓာထဲသို့ ထာဝရဘုရား၏ ဇီဝအသက်ကိုမှုတ်သွင်းအနေဂဇာတင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ကမ္ဘာဦးလူသားနှစ်ဦး၏ ဇီဝအသက်နှင့် ၎င်းတို့၏ သားစဉ်မြေးဆက်များဖြစ်သည့် ကမ္ဘာ့လူသားအားလုံး၏ ဇီဝအသက်ကိုလည်း ထာဝရဘုရားပိုင်ပါသည်(ယေရေမိ ၁၈း၆၊ ယောဘ ၁၂း၁၀၊ တရားဟောရာ ၃၀း၁၅၊ ၃၂း၄၊ ၃၉၊ ရှင်ယောဟန် ၁၄း၆)။

ကမ္ဘာဦးလူသားနှစ်ဦးကို ကျိန်ခဲ့သည့် သေခြင်းသည် သူတို့၏သားစဉ်မြေးဆက်များ၊ တနည်းအားဖြင့် မိဘနှစ်ပါးမှ ဆင်းသက်လာခဲ့သည့် လူသားများအားလုံး ခံနေရခြင်း ဖြစ်ပါသည် (ကမ္ဘာဦး ၃း၁၉)။ ထာဝရဘုရား၏အမိန့်ကို လက်မခံသည့် ကမ္ဘာ့လူသားအားလုံးကို နောဧခေတ်မှာ ကမ္ဘာဖျက်မိုးကို ရက်ပေါင်း(၄၀)ရွာသွန်းစေခဲ့ပြီး ကမ္ဘာလူသားများ အားလုံးနှင့် တိရစ္ဆာန်များအားလုံးကို စီရင်၍ သုတ်သင်ဖယ်ရှားခဲ့ပါသည် (ကမ္ဘာဦးကျမ်း အခန်းကြီး ၈နှင့်၉)။

ပိုမိုနားလည်အောင်ပြောပြရလျှင်ထာဝရဘုရားကို မကိုးကွယ်သည့် လူသားတစ်ဦးသည် အလုပ် မလုပ်တော့သည့် စမတ်ဖုံး (Smart Phone) တစ်လုံးနှင့်ထပ်တူဖြစ်ပါသည်။ စမတ်ဖုံးသည် အလုပ် မလုပ်တော့လျှင် စမတ်ဖုံး ပိုင်ရှင်သည် ထိုဖုံးကို ဖျက်ဆီးရန် အခွင့်အာဏာရှိသကဲ့သို့၊ ထာဝရဘုရားသည်လည်း သူ့၏အမိန့်ကို မနာခံသည့် လူသားတိုင်း၏အသက်ကို နုတ်ယူပိုင်ခွင့်၊ ဖျက်ဆီးပိုင်ခွင့် အာဏာ သူ့ဆီမှာ အပြည့်အဝ ရှိကြောင်း သိရန်လိုပါသည်။ 

ဖန်ဆင်းရှင် ထာဝရဘုရားကို ကျေးဇူးတင် ချီးမွမ်းသင့်ပါသလား။

လူသားမှန်လျှင် ဖန်ဆင်းရှင်ထာဝရဘုရားကို ကျေးဇူးတင်ရမည့်အကြောင်းများစွာ ရှိပါသည်။ မေးခွန်း (၁၁)နှင့် (၁၂)တို့၏အဖြေများတွင်လည်း ကျေးဇူးတင်ရသည့်အကြောင်းရင်းများကို ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။ လူသားများအထဲမှာ ကျေးဇူးရှင်ကို ကျေးဇူးတင်တတ်သည့်သူနှင့် ကျေးဇူးကန်းသည့်သူဟူ၍ လူနှစ်မျိုးရှိပါသည်။ ကမ္ဘာပေါ်မှာ သန်းပေါင်းများစွာသော လူသားတို့ သောက်သုံးနေသည့်ရေကို ထာဝရဘုရား ပိုင်သည်။ လူသားများရှူရှိုက်နေသည့်လေ၊ လူသားများ အသုံးပြုနေသည့်မြေကြီး၊ လူသားများ အသုံးပြုနေသည့်အရာအားလုံးသည် ပိုင်ရှင် ရှိပါသည်။ ထိုပိုင်ရှင်များ၏ အချုပ်သည် ထာဝရဘုရား ဖြစ်ပါသည်။ ထာဝရဘုရားသည် သခင်တကာတို့၏သခင် ဖြစ်ပါသည်။ ဥပမာ။ နိုင်ငံတစ်နိုင်ငံတွင် တစ်ဦးစီပိုင်သည့်အရာ၊ မိသားစုပိုင်သည့်အရာ၊ ရပ်ကွက်ပိုင်၊ ကျေးရွာပိုင်၊ မြို့နယ်ပိုင်၊ ခရိုင်ပိုင်၊ တိုင်းပိုင်၊ ပြည်နယ်ပိုင်ဟူ၍ ရှိပါသည်။ ထိုပိုင်ဆိုင်မှုများ၏ ပိုင်ရှင်အချုပ်သည် နိုင်ငံတော်အစိုးရ ဖြစ်ပါသည်။ ထာဝရဘုရားသည် အစိုးရတစ်ရပ်ကို ထားခဲ့ပြီး ဘုရားကိုယ်စား စီမံခန့်ခွဲပိုင်ခွင့် ပေးထားပါသည်။ ထို့နည်းတူ စကြဝဠာထဲမှာ ရှိနေသည့်ရေ၊ လေ၊ မြေနှင့်သက်ရှိသက်မဲ့ ရှိရှိသမျှ အရာဝတ္ထုများ အားလုံး၏ပိုင်ရှင်အစစ်၊ ပိုင်ရှင်အချုပ်သည် ဖန်ဆင်းရှင် ထာဝရဘုရား ဖြစ်ပါသည်။  ပါဠိဘာသာ အခေါ်အရ မြေ၊ရေ၊ လေအားလုံးသည် ထာဝရဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ နိစ္စဗုဒ္ဓ၊ဗုဒ္ဓရာဇာပိုင် ဖြစ်ပါသည် (တရားဟော ၃၂း၄)။

အရာရာတိုင်း၏ပိုင်ရှင်အစစ်မှန်ကို သိသူများသည် ထာဝရဘုရားကို ကျေးဇူးတင်ပြီး၊ ပိုင်ရှင်အစစ်ကို မသိသူများသည် ငါလုပ်မှငါရသည်ဟု ထင်တတ်ကြပါသည်။ ထာဝရဘုရား၏ မြေမှာနေခွင့်ရခြင်း၊ ထာဝရဘုရား၏ရေကို သောက်ခွင့်ရခြင်း၊ ထာဝရဘုရား၏လေကို ရှုရှိုက်ခွင့်ရခြင်း၊ ထာဝရဘုရား ပြုလုပ်ထားခဲ့သည့်အရာများကို အခမဲ့အသုံးပြုခွင့်ရနေသောကြောင့် လူသားများသည် ထာဝရဘုရားကို ကျေးဇူးတင်ရခြင်း ဖြစ်ပါသည်(ဒေသနာ ၃း၁၃)။ ကျေးဇူးကန်းသည့်လူသား မဖြစ်ရန် တင်ပြလိုပါသည်။

အကယ်၍ လူသားများသည် ထာဝရဘုရားထံ ရေအသုံးပြုခ၊ အလင်းရောင်အသုံးပြုခ၊ လေအသုံးပြုခ၊ မြေကြီးအသုံးပြုခ၊ နေရာအသုံးပြုခ၊ အသားငါး၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များအတွက်၊ သစ်များ၊ဝါးများ၊ အဝတ်အစားများအတွက် နေ့တိုင်း၊ လတိုင်း၊ နှစ်တိုင်း ထာဝရဘုရားကို အခွန်ပေးဆောင်ရလျှင် လူများမည်မျှလောက် ဒုက္ခရောက်မည်နည်း။ ၎င်းအရာတို့ကို အခမဲ့နေခွင့်၊ အခမဲ့စားသောက်ခွင့်ရ၍ ထာဝရဘုရားကို ကျေးဇူးမကန်းသင့်ပေ။ “တလုတ်စားဖူး သူ့ကျေးဇူး” ဟူ၍ရှိပါသည် (သုတ္တံ ၃း၁၇၊ ၁၇း၁၃)။

ထို့ကြောင့် “ခရစ်တော်ကို ကိုးကွယ်သူများက ထာဝရဘုရား၏ ကျေးဇူးတော်ကိုသိ၍ ကျေးဇူးတော်ဟု သုံးနှုန်းနေကြခြင်း” ဖြစ်ပါသည်(ဆာလံ ၁၆း၂)။ ထာဝရဘုရားကို နောက်ထပ် ကျေးဇူးတင်ရန်ရှိသည့်အချက် အချို့ကိုဖေါ်ပြရလျှင်-

  1. ထာဝရဘုရားသည် လူသားများ၏အပြစ်ကိုလွတ်၍ အပ္ပါယ်ငရဲဟုခေါ်သော ဒုတိယသေခြင်းမှ ကယ်တင်ရန် သခင်ယေရှုကို ဤလောကသို့ စေလွတ်ပေးခဲ့ပါသည် (ရှင်ယောဟန် ၃း၁၆)။ 
  2. သခင်ယေရှုခရစ်တော်သည် အပ္ပါယ်ငရဲသို့ကျမည့် လူသားများအတွက် အပြစ်လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။ ထိုအမိန့်မှာ “သားတော် ယေရှုခရစ်တော်ကို ယုံကြည်သောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့၊ မယုံကြည်သောသူမူကား ယခုပင် အပြစ်စီရင်ခြင်းကိုခံရ၏” (ရှင်ယောဟန် ၃း၁၈)။ ထိုအမိန့်ကြောင့် သူ့ကို ကိုးကွယ်သူများသည် အပြစ်သားဘဝမှ ဘုရားသားအဖြစ် သတ်မှတ်ခြင်း ခံရပါသည် (ရှင်ယောဟန် ၁း၁၂)။
  3. သခင်ယေရှုခရစ်တော်ကြောင့် တစ်ပတ်မှာတစ်ရက်၊ တစ်နှစ်မှာ (၅၂)ရက် ခံစားခွင့် အပြည့်ဖြင့် အလုပ်နားခွင့် ရကြပါသည်။

ထို့ကြောင့် လူသားမှန်လျှင် ထာဝရဘုရားကိုကျေးဇူးတင်ပါသည်ဟု ပြောရပါမည်။ တိရစ္ဆာန်များသည် ထာဝရဘုရားကို ကျေဇူးတင်ပါသည်ဟု မပြောတတ်ပါ။ ထိုအကြောင်းများကြောင့် ခရစ်တော်ကို ကိုးကွယ်သူများသည် ထာဝရဘုရားကို ကျေးဇူးတင်ရခြင်း ဖြစ်ပါသည် (ဆာလံ ၁၆း၂)။

ထာဝရဘုရားသည် မေတ္တာတော်အနန္တရှိသောမေတ္တာရှင်ဖြစ်ခြင်း

ထာဝရဘုရားသခင်သည် မေတ္တာတော်အနန္တရှိသောမေတ္တာရှင်ဖြစ်ကြောင်း စွန့်ခြင်းငါးပါးနှင့် လက်ဝါး ကပ်တိုင်တို့က ကမ္ဘာလူသားများကို သက်သေထူနေပါသည်။ ထေရဝါဒဗုဒ္ဓဘာသာကျမ်းတွင် အကြီးမြတ်ဆုံး မေတ္တာရှင်ကို ရှာဖွေရန် စွန့်ခြင်းငါးပါးကို ပေးထားခဲ့ပါသည်။ ကမ္ဘာလူသားများ၏ အကျိုးအတွက် မိမိအသက်ကို ဇီဝိတ ပရိစာဂ ပြုခဲ့သောသူသည် အကြီးမြတ်ဆုံး မေတ္တာရှင် ဖြစ်ပါသည်။ စွန့်ခြင်းငါးပါးဖြင့် ယေရှုခရစ်တော်နှင့် ရှင်ဂေါတ မတို့ကို အောက်ပါအတိုင်းလေ့လာနိုင်ပါသည်။

စွန့်ခြင်းငါးပါးအဓိပ္ပါယ်ရှင်ဂေါတမယေရှုခရစ်တော်
 ဓနပရိစာဂကမ္ဘာလူသားများအတွက် ပစ္စည်းကိုစွန့်ခြင်းမိမိမသေရန်အတွက် နန်းတော်စည်းစိမ်ကို စွန့်ခဲ့သည်။ကမ္ဘာလူသားများကို အပြစ်ငရဲမှ ကယ်ရန် ဘုရားဘုံစည်းစိမ်ကို စွန့်ခဲ့သည်။ ရှင်ယောဟန် ၆း၃၈)၊
 ပုတ္တပရိစာဂကမ္ဘာလူသားများအတွက် သားသမီးကိုစွန့်ခြင်းမိမိမသေရန်အတွက် သားရာဟုလာကို စွန့်ခဲ့သည်။ ကမ္ဘာလူသားများကို အပြစ်ငရဲမှကယ်ရန် ကောင်းကင်သားများကို စွန့်ခဲ့သည်။ ရှင်ယောဟန် ၃း၁၆)၊
 ဘရိယ ပရိစာဂကမ္ဘာလူသားများအတွက် မယားကိုစွန့်ခြင်းမိမိမသေရန်အတွက် မယား ယသော်ဓရာကို စွန့်ရဲသည်။ ဘုရားဘုံ၌ ကျားနှင့်မ မရှိပေ။
 အင်္ဂပရိစာဂကမ္ဘာလူသားများအတွက် ကိုယ်လက်အင်္ဂါကိုစွန့်ခြင်း မိမိမသေရန်အတွက်အနေအထိုင် နှင့် အစားအသောက် အဆင်းရဲ ခံခဲ့သည်။ကမ္ဘာလူသားများကို အပြစ်ငရဲမှ ကယ်ရန် လက်ဝါးကပ်တိုင်မှာ မိမိ၏ကိုယ်ကို စွန့်ခဲ့သည်။ ရှင်ယောဟန် ၂၀း၂၆-၂၇
 ဇီဝိတပရိစာဂကမ္ဘာလူသားများအတွက် အသက်ကိုစွန့်ခြင်းမိမိ၏အသက်ကိုစွန့်ခဲ့ခြင်း မရှိပေ။ကမ္ဘာလူသားများကို အပြစ်ငရဲမှကယ်ရန် လက်ဝါးကပ်တိုင်၌ မိမိ၏အသက်ကို စွန့်ခဲ့သည်။ ရှင်ယောဟန် ၁၅း၁၃)

ဤလောကမှာ လောကဘုရားများ၊ ပါဠိအခေါ် အနိစ္စဗုဒ္ဓများ၊ သင်္ခါရဗုဒ္ဓများသည် ဂင်္ဂါဝါဠုသဲစုမက များပြားနေပါသည်။ ထိုဘုရားများရှိရာ ဤဒုက္ခဘုံသို့ ဘုရားဘုံမှဆင်းကြွလာခဲ့သည့် မေတ္တာရှင်ဘုရားကို လိုက်ရှာရန်အတွက် သိဒ္ဓတ္ထဂေါတမသည် “စွန့်ခြင်းငါးပါးကို” ပေးထားခဲ့ကြောင်း သိရပါသည်။ အများအကျိုးအတွက် ဓန၊ ပုတ္တ၊ ဘရိယ၊ အင်္ဂ၊ ဇီဝိတတစ်ခုခုကို စွန့်ခဲ့ပါက စစ်မှန်သည့် မေတ္တာရှိကြောင်းကို ဖေါ်ပြပါသည်။ စွန့်ခြင်းငါးပါးမှ နံပါတ်(၅)ဖြစ်သည့် ဇီဝိတပရိစာဂသည် မေတ္တာအရှိဆုံးသူ၏အရည်အချင်း ဖြစ်ပါသည်။ ကမ္ဘာလူသားများ၏ အကျိုးအတွက် ဇီဝိတပရိစာဂ ပြုခဲ့သူကို လိုက်ရှာသည့်အခါ သခင်ယေရှုခရစ်တော် တစ်ပါးတည်းသာရှိကြောင်း သိရပါသည်။ သခင်ယေရှုခရစ်သည် အကြီးမားဆုံးမေတ္တာရှင်ဖြစ်ကြောင်းကို လေ့လာသည့်အခါ-

  1. ယေရှုခရစ်တော်သည် ဘုရားဘုံမှလူ့ကမ္ဘာကို ကြွဆင်းလာခဲ့သည့်သူ ကယ်တင်ရှင် ဖြစ်ကြောင်း ထာဝရဘုရား၏တမန်တော် ဂါဗြေလ(Gabriel)က လောကီသားများကို အသိပေးထားခဲ့ပါသည် (ရှင်မဿဲ ၁း၁၈-၂၁၊ ရှင်လုကာ ၁း၂၆-၂၇)။
  2. ယေရှုခရစ်တော်သည် မေတ္တာရှင်ဘုရားဖြစ်ကြောင်း လက်ဝါးကပ်တိုင်မှာ မိမိ၏အသက်ကို ဇီဝိတ ပရိစာဂ ပြုခဲ့ခြင်းဖြင့် လောကီသားများကို မည်မျှချစ်ကြောင်း  သက်သေထူခဲ့ပါသည်(ရှင်ယောဟန် ၃း၁၆)။ ယေရှုခရစ်တော်သည် လက်ဝါးကပ်တိုင်၌ သူအသတ်ခံမည့်အကြောင်း ဗျာဒိတ်ပြုခဲ့သည်မှာ- မောရှေသည်တော၌ မြွေကိုမြှောက်ထားသကဲ့သို့ လူသား(ယေရှုခရစ်)သည်မြှောက်ထားခြင်းကို ခံရမည် (ရှင်ယောဟန် ၃း၁၄)။ အသေသတ်ခံမည်။ သို့သော် သုံးရက်မြောက်သည့်နေ့တွင် ဗျာဒိတ်တော်အတိုင်း သင်္ချိုင်းမှရှင်ပြန်ထမြောက်လာမည် (ရှင်မဿဲ ၂၇း၆၃)။ ယေရှုခရစ်တော်သည် လူမျိုးတိုင်း ကိုးကွယ်ရမည့် အရိမေတ္တယျဘုရားဖြစ်ကြောင်း လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံပြီး၊ သုံးရက်မြောက်သည့်နေ့မှာ ဗျာဒိတ်တော်အတိုင်း သေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်ခဲ့ခြင်းဖြင့် သက်သေ ထူခဲ့ပါသည်။ ”အရိ”၏အဓိပ္ပါယ်မှာ “ရန်သူ”ဟု အဓိပ္ပါယ်ရှိသည်။ ရန်သူဟူသည် လူတိုင်းကို သတ်ဖြတ်နေသည့် “သေခြင်း”ကို ခေါ်ကြောင်း ကောရိန္သုပထမစောင် ၁၅း၂၆-၂၇တွင် ဖေါ်ပြထားပါသည်။ သေခြင်းကို ရင်ဆိုင်နေရသည့် ကမ္ဘာလူသားများသည် သေပြီးနောက် ကန့်နှင့်လောင်သော ငရဲပြည်သို့ ပစ်ချခြင်းခံရန် ရှိသည့်အတွက် ကမ္ဘာလူသားများ တမလွန်ဘဝမှာ အပ္ပါယ်ငရဲသို့ မကျရလေအောင် မိမိ၏အသက်ကို လက်ဝါးကပ်တိုင်မှာ ဇီဝိတပရိစာဂပြုခဲ့ခြင်းအားဖြင့် ယေရှုခရစ်တော်သည် အကြီးမြတ်ဆုံးမေတ္တာရှင်ဘုရားဖြစ်ကြောင်းကို ပြသခဲ့ပါသည် (ရှင်ယောဟန် ၄း၂ဝ-၂၆ကို ဖတ်ပါ)။ 

လူသားတို့ကို မအို၊ မနာ၊ မသေသည့် ကောင်းကင်နိုင်ငံတော်ကို ဘာကြောင့်မပို့ဘဲ ဒုက္ခ ခံစား စေပါသနည်း။

နိဗ္ဗာန်ဘုံ(သုခဘုံ)မှာနေခွင့်ရခဲ့သော ကမ္ဘာဦးလူသားနှစ်ဦး

ထာဝရဘုရားသည် ကမ္ဘာဦးလူသားနှစ်ဦးကို မအို၊မနာ၊မသေသည့်ဘဝ၊ အလုပ်လုပ်စရာ မလိုအပ်သောဘဝ၊ အဝတ်ဝတ်စရာ မလိုအပ်သည့်ဘဝ၊ အိမ်ဆောက်စရာ မလိုအပ်သည့်ဘဝကို ပေးခဲ့ပါသည်။ ဧဒင်ဥယျာဉ်၌ အိုနာသေခြင်း ကင်းသော ပါဠိအခေါ် နိဗ္ဗာန်ဘုံ၊ သုခဘုံကို ပေးခဲ့ပါသည် (ကမ္ဘာဦးကျမ်း အခန်းကြီး ၂နှင့်၃)။ 

ဒုက္ခခံစားလာရခြင်း

ဒုက္ခခံစားလာခဲ့ရခြင်းသည် အကျိုးတရားဖြစ်ပါသည်။ အကြောင်းတရားမှာ ကမ္ဘာဦး လူသား နှစ်ဦးသည် သူတို့အား လူဖြစ်အောင်ပြုလုပ်ခဲ့သူ၊ လူယောကျ်ား၊ လူမိန်းမဟူ၍ နာမည်ပေးခဲ့သူ ထာဝရဘုရား၏ ပညတ်တရားကို ချိုးဖေါက်ခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ပညတ်တရားကို ချိုးဖေါက်ခဲ့ခြင်းသည် “အပြစ်” ဖြစ်ပါသည်။ ထိုအပြစ်၏အဖိုးအခသည် သေခြင်းကို ရင်ဆိုင်လာခဲ့ခြင်း ဖြစ်ပါသည် (ရောမသြဝါဒ ၃း၂၃)။ သေခြင်းတရားရှိလာခဲ့၍  ဆင်းရဲဒုက္ခများလည်း စတင် ရှိလာခဲ့ပါသည်။ ယနေ့လူသားများသည် ကမ္ဘာဦးလူသားနှစ်ဦးမှ ဆင်းသက်လာခဲ့သူများ ဖြစ်သောကြောင့် ဆင်းရဲဒုက္ခကို ခံစားလာခဲ့ရခြင်း ဖြစ်ပါသည်။ ဤကမ္ဘာကြီးကို မီးရှို့ဖျက်ဆီးမည့်နေ့အထိ ဆင်းရဲဒုက္ခကို လူသားများခံစားရမည် ဖြစ်သည်။ 

တမလွန်ဘဝရောက်မှ ရသောနောင်တ

ကမ္ဘာဦးလူသားနှစ်ဦးဖြစ်သည့် အာဒံနှင့်ဧဝတို့၏မိုက်မဲမှုကြောင့် လူသားများအားလုံးသည် ပထမသေခြင်းကို ရင်ဆိုင်ကြရပါသည်။ လူသားများဆက်လက်မိုက်မဲပြီး ဘုရားဘုံမှလူ့ဘုံသို့ စေလွတ်ခဲ့သူ ဟီဗရူးလို မေရှိယ၊ ဂရိလို ယေရှုခရစ်တော်၊ ပါဠိအခေါ် အရိမေတ္တယျ၏ အမိန့်တော်ကို မနာခံခဲ့ပါက ဒုတိယသေခြင်းဟုခေါ်သော ကန့်နှင့်ရောသော အစဉ်လောင်ကျွမ်းနေသည့် မီးအိုင်ထဲသို့ ပစ်ချခြင်းခံရန် ယေရှုခရစ်တော်ဘုရားက စီရင်ချက်ချခဲ့ပြီး ဖြစ်သည် (ရှင်ယောဟန် ၁၄း၆၊ ဗျာဒိတ် ၂၀း၁၀၊ ၂၁း၈)။

လူအပေါင်းတို့သည် ပထမအာဒံအားဖြင့် သေခြင်းသို့ ရောက်သည်နည်းတူ၊ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် ထာဝရအသက်ရှင်ခြင်းသို့ ရောက်ရကြလိမ့်မည်ဟု အမိန့်ထုတ်ခဲ့ပါသည် (၁ကောရိန္သု ၁၅း၂၂)။ သေပြီးနောက် နာမ်ဝိညာဉ်ဘဝရောက်မှ (ငရဲဘုံရောက်မှ) နောင်တရခြင်းကို ထာဝရဘုရားသည် လက်ခံခြင်း မရှိတော့ကြောင်း အထူးသိရန် လိုအပ်ပါသည်(လုကာ ၁၆း၂၂-၃၁)။ ထို့ကြောင့် လူ့ဘဝမှာ ထာဝရဘုရားနှင့်သူ၏တရားများကို နာခံရခြင်း ဖြစ်ပါသည်။ 

နတ်ဘုံ၊ ငရဲဘုံတို့သည် နာမ်ဝိညာဉ်ဘုံများဖြစ်၍ ထိုနတ်ဘုံနှင့်ငရဲဘုံများမှ ဘုရားဘုံသို့သွားခွင့် လုံးဝ မရှိတော့ကြောင်း ယခုသိရန်လိုအပ်ပါသည်။ ထိုဘုံများသို့ ရောက်သွားခဲ့ပါက ကန့်နှင့်အစဉ် လောင်ကျွမ်းသော ငရဲမီးအိုင်၌ ထာဝရနှိပ်စက်ညှင်းပန်းခြင်း ခံရမည်ဟု မှတ်ပါလေ (ဗျာဒိတ် ၂၁း၈)။ 

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>