အပြစ်သားကိုကယ်တင်ခြင်းသည် အဆိပ်ပင်ရေလောင်းခြင်းသာဖြစ်ပါသလား။
ကယ်တင်ခြင်းဆိုသည်မှာ ဒုက္ခရောက်သူကို သုခသို့ရောက်အောင်ပို့ဆောင်ခြင်းကို ခေါ်ပါသည်။ ဥပမာ- အစာရေစာပြတ်လတ်၍ သေမည့်သူများကို အစာရေစာပေးခြင်း၊ သောက်ရေမရှိ၍ သေမည့်သူများကို သောက်ရေပေးခြင်း၊ ရေနှစ်သူများကို ရေထဲမှဆယ်ယူခြင်း၊ မကျန်းမာသောသူတို့ကို ကူညီမစခြင်းသည် ကယ်တင်ခြင်းပင် ဖြစ်ပါသည်။
ထိုနည်းတူ အပြစ်ရှိ၍ ထာဝရအပ္ပါယ်ငရဲသို့သွားရမည့်သူများ(နံဝိညာဉ်များ)ကို သုခဘုံသို့ ရောက်အောင် ပို့ဆောင်ခြင်းကို ကယ်တင်ခြင်းဟု ခေါ်ပါသည်။ ထိုသို့ ကယ်တင်ခြင်းသည် အဆိပ်ပင် ရေလောင်းခြင်း မဟုတ်ကြောင်း သိရှိရန်လိုအပ်ပါသည်။
သိဒ္ဓတ္ထဂေါတမသည် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓေါ မေ သရဏံ အဉာံနတ္ထိ”ဟုသွန်သင်ခဲ့သည်။ အဓိပ္ပါယ်မှာ ဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုဘုရားသည် လူသားများကို အပြစ်သံသရာ စက်ဝန်းမှကယ်သူ၊ အပ္ပါယ်ငရဲမှ ကယ်သည့်ဘုရားကို ညွန်းနေသည်မှာ ထင်ရှားပါသည်။ လူသားများကို အပြစ်ငရဲမှ မကယ်တင်နိုင်သည့်လူများ၊ နတ်များ၊ တိရစ္ဆာန်များ၊ လူလက်ဖြင့်လုပ်သည့်အရာများ၊ သဘာဝတွင်ရှိသော အရာများကို မကိုးကွယ်ရန် သွန်သင်နေခြင်း ဖြစ်ပါသည်။ သို့သော် အချို့သောသူများသည် ဘုရားစစ်ကို ကိုးကွယ်ရန် သွန်သင်ရမည့်အစား၊ တရားကို ကိုးကွယ်ရန်နှင့် ကောင်းမှုကုသိုလ်ပြုလုပ်ရန် သွန်သင်မြဲ သွန်သင် နေကြပါသည်။ ထိုငါးပါးသီလ၊ရှစ်ပါးသီလ၊ဆယ်ပါးသီလတရားများကို ကျင့်ကြံခြင်းအားဖြင့် နိဗ္ဗာန်ဘုံသို့ ရောက်နိုင်သကဲ့သို့ သွန်သင်နေကြပါသည်။ သို့သော် “တရားကျင့်လေ၊ငရဲကျလေ” ဖြစ်ကြောင်း သိရန်လိုပါသည်။ ထို့ကြောင့် နိဗ္ဗာန်သို့ရောက်ရန် တရားကျင့်ရမည်ဟု ယုံကြည်၍ အခြားသူများကို သွန်သင်ခြင်းသည်သာ အဆိပ်ပင်ကို ရေလောင်းခြင်းနှင့်တူပါသည်။
သိဒ္ဓတ္ထဂေါတမသည် “ကုသလံ၊အကုသလံ၊ဇဟံ”ဟု သွန်သင်ခဲ့သည်။ အဓိပ္ပါယ်မှာ နိဗ္ဗာန်သို့ကုသိုလ်ပြုခြင်းအားဖြင့်လည်း မရောက်နိုင်၊ အကုသိုလ်ပြုခြင်းအားဖြင့်လည်း မရောက်နိုင်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။
သို့သော် လူအချို့သည်အလှူဒါန၊ ကောင်းမှုကုသိုလ်ပြုလျှင် ကောင်းရာဘုံ၊ ပါဠိအခေါ် နိဗ္ဗာန်ဘုံ၊ သုခဘုံသို့ ရောက်နိုင်သည်ဟု ယုံကြည်၍ အခြားသူများကို သွန်သင်နေကြပါသည်။ ထိုသို့ပြုခြင်းသည်လည်း အဆိပ်ပင်ကို ရေလောင်းခြင်းနှင့်တူပါသည်။ သုခဘုံရောက်ရန် ကောင်းမှုကုသိုလ်ကို အားကိုးသောသူများသည် ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိသာ ဆောင်ပုဒ်ကို သိရန်လိုပါသည်။ကုသိုလ်တစ်ပဲဖိုးပြုလုပ်တိုင်း၊ ငရဲက တစ်ပိသာ လုပ်မိပြီးသားဖြစ်ပါသည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ အာသောကမင်းကြီး လှူဒါန်းခဲ့သောရေတွင်းပေါင်း ၈၄၀၀၀၊ ရေကန်ပေါင်း ၈၄၀၀၀၊ ကျောင်းပေါင်း ၈၄၀၀၀၏အကျိုးသည် နောက်ဆုံး တိရစ္ဆန်ဖြစ်သည့် စပါးကျီမြွေ ဖြစ်သွားခဲ့ခြင်း ဖြစ်ပါသည်။ အချုပ်ဆိုသော် ဘုရားစစ်ကို မကိုးကွယ်ဘဲ ကောင်းမှုကုသိုလ်ပြုခြင်းကို အားကိုးမိပါက အပါယ်ငရဲသို့ကျမည်ဟု သတိပေးနေပါသည်။
ဒေါက်တာလာဆစ်ဒူကာခင်္ဗျား၊ ထာဝရဘုရားရှေ့မှာ သင်ကိုယ်တိုင်နှင့် ကျွန်တော်အပါအဝင်၊ လူသားအားလုံး အပြစ်သားများဖြစ်ကြောင်း သိစေလိုပါသည်။ အပြစ်ဆိုသည်မှာ အစိုးရတစ်ရပ်၏ ဥပဒေပုဒ်မတစ်ခုခုကို ချိုးဖေါက်ခြင်းကို ခေါ်၍၊ အပြစ်သားဆိုသည်မှာ ဥပဒေပုဒ်မတစ်ခုခုကို ချိုးဖေါက်သူကို ဆိုလိုပါသည်။ လူသားတိုင်း၌ ရှိနေသည့် အပြစ်နှစ်မျိုးကို ပြောပြလိုပါသည်။ ပထမအပြစ်မှာ ကမ္ဘာဦးလူသားနှစ်ဦးက ထာဝရဘုရား၏ပညတ်ကို ချိုးဖေါက်ခဲ့ခြင်းကြောင့် ရရှိလာခဲ့သည့်ဝဋ်ကြွေးအပြစ်နှင့် ဒုတိယအပြစ်မှာ မိမိကိုယ်တိုင် ကံသုံးပါးအားဖြင့် ကျူးလွန်သည့် အပြစ်ကြွေးတို့ ဖြစ်ပါသည်။ အပြစ်ရှိသောမိဘနှစ်ပါးမှ မွေးဖွားလာသောသူများသည် သူတို့ကိုယ်တိုင် အပြစ်လုပ်သည်ဖြစ်စေ၊ အပြစ်မလုပ်သည်ဖြစ်စေ၊ တရားကျင့်သည် ဖြစ်စေ၊ မကျင့်သည်ဖြစ်စေ၊ ကောင်းမှုကုသိုလ် ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ “အပြစ်သား” ဖြစ်ပါသည်။ အပြစ်သားများ ဖြစ်သောကြောင့် အပြစ်လုပ်တတ် ကြပါသည်။
သက်သေအားဖြင့် အပြစ်အကြောင်း လုံးဝမသိ၊ နားမလည်သေးသည့် ကလေးငယ်တစ်ဦးကို အမျက်ဒေါသထွက်ရန်နှင့် မကောင်းမှုပြုရန် မည်သူမျှ မသင်ပေးထားသော်လည်း သူ့အလိုလို အမျက်ထွက်တတ်သည်၊ မကောင်းမှုတို့ကို ပြုလုပ်တတ်ခြင်းသည် အမိဝမ်းထဲမှ အပြစ်ဗီဇပါလာသောကြောင့် အပြစ်လုပ်တတ်ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ဒေါက်တာ လာဆစ်ဒူကာနှင့် လူသားတိုင်းသည် ထာဝရဘုရားရှေ့မှာ အပြစ်သားများဖြစ်ကြောင်း သက်သေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
သက်သေပြချက်-(၁)
ထာဝရဘုရားသည် လူကိုဖန်ဆင်းသောအခါ သူနှင့်ပုံသဏ္ဌာန် တစ်ညီတည်း ဖန်ဆင်းခဲ့သောကြောင့် လူသည် ဘုရားဘုန်းအသားရေရှိ၍ ရှက်ကြောက်စရာမရှိသောကြောင့် အဝတ်ချုပ်ပြီးဝတ်ရန် မလိုအပ်ခဲ့ပေ။ သို့သော်လည်း ဘုရားပေးသောပညတ်ချက်ကို ချိုးဖေါက်မိရာမှ အပြစ်ထဲ၌ကျရှုံးကာ ဘုရားဘုန်း အသားရေကိုလည်း ဆုံးရှုံးခဲ့ရသောကြောင့် ရှက်ကြောက်ခြင်း စတင်ပေါ်ပေါက်လာပြီး အဝတ်ဝတ်ရန် လိုအပ်လာခဲ့ပါသည်။ ထို့ကြောင့် ယနေ့ကမ္ဘာလူသားများ အဝတ်ဝတ်နေရခြင်းသည် အလှအတွက် ဝတ်ဆင်နေခြင်း မဟုတ်ဘဲ၊ အရှက်ဖုံးရန် ဝတ်ဆင်နေရခြင်း ဖြစ်ပါသည်။ ဒေါက်တာ လာဆစ်ဒူကာခင်္ဗျား၊ သင်ကိုယ်တိုင် အဝတ်ဝတ်နေသူဖြစ်ပါက သင်သည် ထာဝရဘုရားရှေ့မှာ အပြစ်သားတစ်ဦး ဖြစ်ကြောင်း သက်သေ ဖြစ်ပါသည်။ ထိုအပြစ်ကြောင့် ငရဲသို့ ပစ်ချခြင်းခံရန် ရှိခြင်း ဖြစ်ပါသည်။
သက်သေပြချက်-(၂)
- လူသားများသည် မိမိအသက်ကိုပိုင်သည့် ထာဝရဘုရားသခင်ကို မကိုးကွယ်သည့်အပြစ်၊ ဥပုသ်မစောင့်နိုင်ဘဲ၊ ဥပုသ်စောင့်နိုင်သယောင် ဟန်ဆောင်နေသည့်အပြစ်၊ ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလများကို မစောင့်ထိန်းနိုင်၊ မကျင့်ကြံနိုင်သော်လည်း တရားများကို ကျင့်နိုင်သယောင် ဟန်ဆောင်နေသည့်အပြစ်၊ သိလျှက်သားနှင့်အမှားများကို ထပ်ခါတစ်လဲလဲ ပြုလုပ်နေသည့်အပြစ်များ ရှိပါသည်။
- လူသားများသည် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ဆယ်ပါးသီလတရားများတွင် “သူ့အသက် မသတ်ရဟု” ပညတ်ထားသော်လည်း ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးနှင့်အခြား အသားတစ်မျိုးမျိုးကို စားသုံးနေလျှင်၊ တရားကိုကိုးကွယ်သည့်လူဖြစ်လျှက် ဘာသာရေးတရားဥပဒေပုဒ်မများကို သိသိကြီးနှင့် တမင်သက်သက် ချိုးဖေါက်သူများဖြစ်၍ ကြီးလေးသောအပြစ် ရှိပါသည်။ ကိုယ်တိုင် မသတ်ဘူးဟု ငြင်းဆိုနေသော်လည်း သတ္တဝါများကို စားသုံးနေ၍ သတ်ဖြတ်သူများကိုအားပေးမှု၊ အကျိုးတူ ပူးပေါင်းနေသူများဖြစ်သောကြောင့် ဤဥပဒေပုဒ်မက သင့်ကို သနားညှာတာ၍ လွတ်မြောက်ရသောအခွင့်ကို ပေးမည်မဟုတ်ပေ။ “ကိုယ်လုပ်ကိုယ်ခံ၊ မည်သူမပြု၊ မိမိမှု” ဖြစ်ပါလိမ့်မည်။ ထိုသီလများကို ကျင့်ခြင်း၊ မကျင့်ခြင်းသည် အပ္ပါယ်ငရဲသို့ကျခြင်း၊ မကျခြင်းနှင့် မဆိုင်ပါဟုပြောလျှင်၊ အဘယ်အကျိုးကို မျှော်ကိုး၍ ငွေကုန်၊ အချိန်ကုန်၊ လူပန်းပြီး ထိုသီလတရားများကို ကျင့်ကြံရန် လိုနေပါသနည်းဟု မေးရန် ရှိပါသည်။ ဘုရားစစ်၊ ပါဠိအခေါ် ဗုဒ္ဓစစ်ကို မကိုးကွယ်ဘဲ တရားကျင့်သည်ဖြစ်စေ၊ အလှူဒါန၊ကောင်းမှုကုသိုလ်ပြုသည်ဖြစ်စေ နောက်ဆုံးမှာ အာသောက (Ashoka) မင်းကြီးသွားခဲ့သည့် အပ္ပါယ်လမ်းအတိုင်းသာ သွားရန် ရှိနေပါသည်။ နမူနာ တစ်ခုကို ပြောပြလိုပါသည်။
- တရားသူကြီး။ သင်သည်တရားများကို ကိုးကွယ်သူလော၊
- သင်။ ဟုတ်ကဲ့၊
- တရားသူကြီး။ တရားများ၏အနှစ်ချုပ် ငါးပါးသီလကို လုံအောင်
ကျင့်ပါသလား၊
- သင်။ လုံအောင်ကျင့်ပါတယ်၊
- တရားသူကြီး။ ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါး၊ ပုဇွန် စတဲ့ အသား
တစ်မျိုးမျိုးကို စားသလား။ အရက်သေစာ သောက်ခဲ့သလား၊
- သင်။ စားခဲ့ပါတယ်၊ သောက်ခဲ့ပါတယ်။
- တရားသူကြီး။ သင်သည် တရားကို ကိုးကွယ်သူဖြစ်လျှက်ပင်
တရားများအားလုံး၏ အခြေခံအကျဆုံးဖြစ်သည့် ငါးပါးသီလကို လုံအောင်ကျင့်ရမှန်း သိလျှက်ပင် (၁)။ ကျင့်နိုင်သည်ဟု လိမ်ညာသည့်အပြစ်၊ (၂)။ ငါးပါးသီလကို သိလျှက် တမင်သက်သက် ချိုးဖေါက်အပြစ်ရှိနေပါသည်။ဒါကြောင့် သင်သည်—အကြီးလေး အပြစ်ဒဏ်ကိုခံစေဟု စီရင်ဆုံးဖြတ်နိုင်သည် မဟုတ်လော။
- သင်္ကန်းဝတ်ပြီး၊ ရဟန်းဘောင်၊ သာသနာ့ဘောင်ဝင်သောသူများသည် ဝိနည်း (၂၂၇) ခုကို စောင့်ထိန်းရမည်။ ၎င်းတို့ကို မစောင့်ထိန်းနိုင်၊ မကျင့်နိုင်ဘဲလျှက် သင်္ကန်းကို ဆက်လက် ခြုံနေပါက ရဟန်းယောင်ဆောင်သည့် သာသနာဖျက်ပုဂ္ဂိုလ်သာလျှင် ဖြစ်နေမည် မဟုတ်လော။ သင်္ကန်းခြုံလျှက် ဝိနည်း(၂၂၇)ခုကို မကျင့်နိုင်ဘဲ၊ ကျင့်နိုင်သယောင်ယောင်၊ စောင့်ရှောက်နိုင် သယောင်ယောင်ပြုမူပါက ဟန်ဆောင်သည့်အပြစ် ရှိနေသည် မဟုတ်လော။ သိလျှက်နှင့် ဥပဒေကို တမင်သက်သက် ချိုးဖေါက်သူသည် အလွန်ကြီးလေးသောအပြစ် ရှိသည် မဟုတ်လော (ယာကုပ် ၂း၂၄-၂၆)။
- “ဗုဒ္ဓေါ မေ သရဏံ အဉာံနတ္ထိ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ဟု လမ်းညွှန်နေသာ်လည်း ဘုရားအစစ်ကို မရှာ၊ ဘုရားစစ်ကို မကိုးကွယ်ဘဲ နတ်များ၊ အိုနာသေမဲ့လူပုဂ္ဂိုလ်များ၊ တိရစ္ဆာန်များ၊ သဘာဝမှာ ရှိနေသည့်အရာများ၊ အိုနာသေမည့်လူသားများ၏လက်ဖြင့် ပြုလုပ်သည့်အရာဝတ္ထုပစ္စည်းများကို ဘုရားကဲ့သို့ ကိုးကွယ်သူသည် အပြစ်ရှိသည် မဟုတ်လော။
- “ဗုဒ္ဓေါ မေ သရဏံ အဉာံနတ္ထိ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”ဟု လမ်းညွှန်နေသော်လည်း ကောင်းမှုကုသိုလ်၊ အလှူဒါနများကို အားကိုးခြင်းနှင့်ကိုးကွယ်ခြင်းသည် အပြစ်ရှိကြောင်း သက်သေဖြစ်ပါသည် (ဆာလံ ၁၃၅း၁၅-၁၈)။
လူသားတစ်ဦးသည် ဘုရားစစ်ကို ကိုးကွယ်ရမည်ဟု အသိတရားနှင့်နောင်တမရဘဲ မိမိထင်ရာကို ဘုရားအဖြစ်ဆက်ပြီး ကိုးကွယ်နေလျှင် သေခြင်း၏တစ်ဖက်ကမ်းမှာ ကောင်းရာဘုံ၊ ပါဠိအခေါ် နိဗ္ဗာန်ဘုံ၊သုခဘုံ ရောက်နိုင်ရန် မျှော်လင့်ချက် လုံးဝ ကင်းမဲ့နေပါသည်။ အပ္ပါယ်ငရဲဘုံသို့လားရန် ရာနှုန်းပြည့် (၁၀၀%) သေချာနေကြောင်း သိနိုင်ပါသည်။ ဤမျှလောက် ကြီးလေးသောအပြစ်ရှိနေသည့် ဒေါက်တာ လာဆစ်ဒူကာနှင့် ကျွန်တော်အပါအဝင် လူသားများကို ထာဝရဘုရားက ခွင့်လွတ်၍ အပ္ပါယ်ငရဲမှ ကယ်တင်ရန် ယေရှုခရစ်တော်ကို စေလွှတ်ပေးခဲ့ခြင်းကို ဘုရားသခင်သည် အဂတိလိုက်စားသူဟု ပြောမည်လော(ဆာလံ ၁၄၅း၈-၉)။ အပြစ်၏အခသည် သေခြင်းဖြစ်သည် (ရောမသြဝါဒ ၆း၂၃)။ လူသည် တစ်နေ့သင်္ချိုင်းမြေသို့ သွားရန်ရှိလျှင် အပြစ်သားတစ်ဦးဖြစ်ကြောင်းသိ၍ နောင်တရရန် လိုအပ်ပါသည်။ အပြစ်ရှိခြင်းသည် အကြောင်းတရား၊ သေ၍သင်္ချိုင်းမြေသို့ သွားရခြင်းသည် အကျိုးတရားဖြစ်ကြောင်း သိရန် လိုအပ်ပါသည်။ တရားကျင့်ကြံခြင်း၊ ဥပုသ်စောင့်ခြင်း၊ ကောင်းမှုကုသိုလ်အလှူဒါနပြုခြင်းအားဖြင့် အပြစ်ကင်းစင်သူ၊ ဖြောင့်မတ်သန့်ရှင်းသူဖြစ်လာမည်ဟု ယုံကြည်နေခြင်းသည် “ဗုဒ္ဓေါ မေ သရဏံ အဉာံနတ္ထိ၊ ဓမ္မော မေ သရဏံ အဉာံနတ္ထိ” ဆိုသည့် သွန်သင်ချက်နှင့် လုံးဝဆန့်ကျင်နေပါသည်။
ဒေါက်တာလာဆစ်ဒူကာ၏ဥပမာဖြစ်သည့် သင့်အပေါ် စော်ကားချင်တိုင်း စော်ကားသည့် လူယုတ်မာသည် အပြစ်မှလွတ်မြောက်အောင် ဘုရားသခင်ထံ ချည်းကပ်ဆုတောင်း၍ ဘုရားသခင်သည် ထိုလူယုတ်မာအပြစ်သားကို ခွင့်လွတ်ကယ်တင်ခဲ့ပါလျှင် သင်ဘယ်လို ခံစားရမည်နည်း။ (ဘုရားသခင်သည် အဂတိလိုက်စားသလို ဖြစ်မနေဘူးလား)။ အဓိပ္ပါယ်ရှိပါသလား ရှင်းပြပါဆိုသည့် မေးခွန်းကို ရှင်းပြလိုပါသည်။
ယေရှုခရစ်တော်ကို ယုံကြည်သူများသည် လူဆိုးများအတွက် စိတ်ပူစရာမလိုအပ်ဘဲ၊ သူတို့ကို ဘုရားသခင်ထံ အပ်နှံရပါသည်။ ဘုရားသခင်သည် ထိုသူများကို အပြစ်မှ နောင်တရစေရန် ပြုလုပ် နိုင်ပါသည်။ အပြစ်မှနောင်တရ၍ ခရစ်တော်ကို ကိုးကွယ်လျှင် ထာဝရဘုရားသည် ထိုသူ၏အပြစ်ကို ခွင့်လွတ်ပေးမည် ဖြစ်ပါသည်။
လူသားအချင်းချင်း စော်ကားချင်တိုင်း စော်ကားသည့် လူယုတ်မာများကို အပြစ်ပေးရန် ထာဝရဘုရားသည် သူ့ကိုယ်စား အစိုးရတစ်ရပ်ကို ဤကမ္ဘာပေါ်၌ ခန့်ထားခဲ့ပါသည်(ရောမသြဝါဒ ၁၃း၁-၆)။ လူမှုပြဿနာများကို ဖြေရှင်းရန်မှာ အစိုးရ၏တာဝန် ဖြစ်ပါသည်။ ထာဝရဘုရားက အပြစ်စီရင်ရမည့် အပိုင်းလည်း သီးသန့်ရှိနေပါသည်။ အာဏာပိုင်အစိုးရအဖွဲ့သည် သူတို့ကျင့်သုံးသည့် ဥပဒေအရ လူကောင်းများကို ချီးမြှင့်ရန်နှင့်ဒုစရိုက်သမားများအား အပြစ်ပေးရန် ဖြစ်ပါသည်။ ထာဝရဘုရားသည် သူ့ကိုဆန့်ကျင်သည့်အစိုးရများကိုလည်း အပြစ်စီရင်သောဘုရား ဖြစ်ကြောင်း တင်ပြလိုပါသည်။
ကယ်တင်ရှင်လိုအပ်ကြောင်း သက်သေ
လူအချို့သည် “ကယ်တင်ရှင် မလိုအပ်ပါဘူး၊ ကိုယ်လုပ်မှ ကိုယ်ရတာ၊ ဘုရားပေးတာမှ မဟုတ်တာ” ဟု ခံယူနေကြပါသည်။ သို့သော် “ကယ်တင်ရှင်” ဆိုသည့် ဝေါဟာရစကားလုံး ရှိနေခြင်းသည်ပင် ကယ်တင်ရှင် ရှိကြောင်းနှင့် ကယ်တင်ရှင်လိုအပ်ကြောင်းသက်သေပင် ဖြစ်ပါသည်။ ဇာတိကိုယ်ခန္ဓာအတွက် ကယ်တင်ရှင် လိုအပ်ကြောင်း သက်သေအချို့ကို တင်ပြရလျှင်-
- ဖျားနားသူများအတွက် ဆေးရုံ၊ ဆေးခန်း၊ ဆရာဝန်များရှိနေခြင်း၊
- ဒုက္ခရောက်နေသူများအတွက် ကြက်ခြေနီတပ်ဖွဲ့ရှိနေခြင်း၊
- စစ်တပ်ထဲမှာ ထောက်ပံ့ရေးတပ်ဖွဲ့ရှိနေခြင်း၊
- အမှုကိစ္စဖြေရှင်းရန်အတွက် အကူအညီလိုသူများအား ရဲစခန်းများ၌ “ကူညီပါရစေ” ဆိုသည့် ဝေါဟာရရှိနေခြင်း စသည်တို့ ဖြစ်ပါသည်။
ကံသုံးပါးကို အမြဲလုံအောင်မထိန်းနိုင်၍ ငရဲသွားရန် သေချာနေသူများအတွက် ငရဲမှကယ်တင်မည့် ကယ်တင်ရှင်ဘုရားအထူး လိုအပ်နေပါသည်။
သိဒ္ဓတ္တဂေါတမတောထွက်ခဲ့သည့်ရည်ရွယ်ချက်သည် “မအိုရာ၊မနာရာ၊မသေရာ မြတ်နိဗ္ဗာန်သို့ ရောက်ရှိမည့် နည်းလမ်းကို ရှာကြံပြီးတော့ သတ္တဝါအများကို ကယ်ချွတ်ဖို့ဘဲ” ဟု မြတ်ဗုဒ္ဓစာအုပ်မှာ ဒေါက်တာ မင်းတင်မွန်က ၂၀၀၃၊ဧပြီ၊ တတိယကြိမ်၊ စာမျက်နာ ၆၁တွင် ဖေါ်ပြခဲ့ပါသည်။ သိဒ္ဓတ္တဂေါတမ ရှာခဲ့သော မြတ်နိဗ္ဗာန်သို့ ရောက်ရှိမည့်နည်းလမ်းသည် သမ္မာတရားလမ်းဖြစ်သည်ဟု နားလည်ရပါသည်။ သိဒ္ဓတ္တဂေါတမသည် လူအများကို အပ္ပါယ်ငရဲမှ ကယ်တင်နိုင်သူ ကယ်တင်ရှင် ဖြစ်လိုခဲ့သည်။ ယေရှုခရစ်တော် သည် လူသားများကို ကယ်တင်သောအရှင်ဖြစ်သည်(ရှင်မဿဲ ၁း၂၁)။ ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရားလည်း ဖြစ်၏၊ အသက်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် မည်သူမျှ ခမည်းတော်ထံသို့ မရောက်ရဟု ရှင်ယောဟန် ၁၄း၆တွင် အမိန့်ထုတ်ခဲ့ပါသည်။ ယေရှု၏အဓိပ္ပါယ်မှာ ကယ်တင်ရှင် ဖြစ်ပါသည်။ ထို့ကြောင့် အနိစ္စ၊ဒုက္ခ၊အနတ္တနှင့် မလွတ်ကင်းနိုင်သူများအတွက် ကယ်တင်ရှင်လိုအပ်ကြောင်း တင်ပြလိုက်ရပါသည်။
အပြစ်သားများအတွက် ခရစ်တော်၏ အပြစ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နှင့် ထာဝရသေဒဏ်အမိန့်
အပြစ်သားများအားလုံးအတွက် ခရစ်တော်ထုတ်ပြန်ခဲ့သော အပြစ်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နှင့် ထာဝရသေဒဏ်အမိန့်မှာ- “သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ၊ မယုံကြည်သော သူမူကား၊ ဘုရားသခင်၌ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင်အပြစ်စီရင်ခြင်းကို ခံရ၏”(ရှင်ယောဟန် ၃း၁၈)။ ထိုအပြစ်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အားဖြင့် ခရစ်တော်ကို ယုံကြည်သူတိုင်းသည် အပြစ်လွတ်ခြင်းကို ချက်ချင်း ခံစားရပါသည်။ ထိုသူသည် အပြစ်သားဘဝမှ ဘုရားသားအဖြစ် သတ်မှတ်ခြင်း ခံရပါသည်(ရှင်ယောဟန် ၁း၁၂)။ ဘုရားသားအဖြစ် သတ်မှတ်ခြင်း ခံရသည့်အတွက် ဒုက္ခဘုံမှဘုရားဘုံသို့ တိုက်ရိုက်သွားခွင့် ရရှိသွားခဲ့ခြင်း ဖြစ်ပါသည်။ မိမိ၏ကြိုးစားမှုဖြစ်သည့် တရားကျင့်ကြံခြင်းနှင့် ကောင်းမှုကုသိုလ်ပြုခြင်းအားဖြင့် သန့်ရှင်းသူ၊ ဖြောင့်မတ်သူနှင့် ဘုရားသားအဖြစ်သတ်မှတ်ခြင်း မခံရပေ။ ယေရှုခရစ်တော်ကို မယုံကြည်သောသူများသည် ယခုပင် ဒုတိယသေခြင်း တည်းဟူသော ကန့်နှင့်လောင်သော ငရဲမီးအိုင်ထဲသို့ပစ်ချရန် အပြစ်ဒဏ်စီရင်ချက် ချပြီး ဖြစ်ပါသည် (ရှင်ယောဟန် ၃း၁၈)။ ထိုသူသည် အပ္ပါယ်ငရဲမှာဆုံးမည့် အမြန်လမ်းမပေါ်မှာ သွားနေသောသူ ဖြစ်ပါသည်။
သင်ကိုယ်တိုင် ဆူးချွန်ကို တက်နှင်းပြီး ဖြစ်ပေါ်လာသည့် နာကျင်မှုဒဏ်ကို ဘုရားသခင် ခံစားပါသလား။ သင်ကိုယ်တိုင် ခံစားရပါသလား။ အဓိပ္ပါယ်ရှိအောင် ဖြေကြားပါ။
ဤမေးခွန်း၏လိုရင်းအဖြေကို ရှင်းပြလိုပါသည်။ ထာဝရဘုရားဖန်ဆင်းခဲ့သည့် ကမ္ဘာဦး လူသားနှစ်ဦးသည် ထာဝရဘုရား၏ပညတ်တရားကို ချိုးဖေါက်ခဲ့ခြင်းသည် အပြစ်ဖြစ်သည်။ ထိုအပြစ်၏ အဖိုးအခသည် သေခြင်း ဖြစ်ပါသည်။ ထိုသေခြင်းတရား စတင်ရှိလာခဲ့မှုကြောင့် ဆင်းရဲခြင်း၊ ပါဠိအခေါ် “ဒုက္ခ”လည်း စတင် ရှိလာခဲ့ပါသည်။ ဒုက္ခထဲမှာ ဆူးပင်၊ ဆူးချွန်များလည်း စတင်ရှိလာခဲ့ပါသည် (ကမ္ဘာဦးကျမ်း ၃း၁၈)။ ဤဆင်းရဲခြင်းသည် ကမ္ဘာဦးလူသားနှစ်ဦးကို ကျိန်လိုက်သည့် ကျိန်စာသင့်ခြင်း ဖြစ်ပါသည်။
ဆူးပင်ကိုကြည့်ရန် လူတိုင်း၌ မျက်စိရှိပါသည်။ ဆူးပင်ကို မတော်တဆ တက်နှင်းမိပါက ဖြစ်ပေါ်လာသည့် နာကျင်မှုဒဏ်ကို မိမိကိုယ်တိုင်ခံရန် ရှိသည်။ သို့သော် ထိုဆူးပင်မှရသည့် ဒဏ်ရာများ၊ ဝေဒနာများကို ကုသရန် ဆေးကို ထာဝရဘုရားသည် သစ်ပင်များ၊ မြက်ပင်များ၊ ပန်းပင်များ၊ သစ်ဥ၊ သစ်ဖုများနှင့် တိရစ္ဆာန်များ၌ ထားခဲ့ပါသည်။
ထာဝရဘုရားသည် နာမ်ဝိညာဉ်ဘုရားဖြစ်သည့်အတွက်၊ လူတိုင်း၏စိတ်နှလုံးထဲမှာ နာကျင်ခံစားသမျှကို ထာဝရဘုရား ချက်ချင်းသိပါသည် (ရှင်မဿဲ ၉း၄)။ ထိုကြောင့် ထာဝရဘုရားသည် သူ့ကိုအားကိုးသောသူများကို ကူညီမစနေပါသည်။