မေးခွန်း-(၁ဝ)။ လူသားတို့ကို မေတ္တာ၊ ကရုဏာဖြင့် ဖန်ဆင်းခဲ့သည်ဆိုပါက မည်သူတစ်ဦး တစ်ယောက်မျှ မလိုချင်၊မတောင့်တသည့် အိုခြင်း၊နာခြင်း၊သေခြင်းဒုက္ခဆိုးကြီးများကို အဘယ်ကြောင့် ဖန်ဆင်းခဲ့ပါသနည်း။

Published on September 18, 2025 by Admin

မေးခွန်းနံပါတ် (၈)နှင့် မေးခွန်း(၁၀)အတွက် အကြောင်းတရားနှင့်အကျိူးတရား

အရာရာတိုင်းမှာ အကြောင်းတရားနှင့်အကျိုးတရား ရှိပါသည်။ ယခုခန္ဓာကိုယ်ရှိသူတိုင်း ဆင်းရဲဒုက္ခ အမျိုးမျိုးတွေ့ကြုံခံစားရခြင်းသည် “အကျိုးတရား” ဖြစ်ပါသည်။ အကြောင်းတရားမှာ ကမ္ဘာဦး လူသားနှစ်ဦးသည် ထာဝရဘုရား၏ပညတ်တော်ကို ချိုးဖေါက်ခဲ့ခြင်းကြောင့် “သေခြင်းတရား” ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ 

လူသားများသေခြင်းဘဝသို့ ကျရောက်ခဲ့ခြင်း၏အကြောင်းတရား

တစ်ချိန်တုန်းက ထာဝရဘုရားသခင်၏ အစေခံဖြစ်ခဲ့သော ကောင်းကင်တမန် “လူစီဖာ” ကို ဘုရားဘုံမှ နှင်ချ လိုက်သည့်အခါ သူသည် နတ်မင်းကြီးဘဝ၊ ပါဠိဘာသာအခေါ် “ဒေဝရာဇာ” ဘဝသို့ ရောက်သွား ခဲ့ရပါသည်။ ဒေဝရာဇာ လူစီဖာသည် သူနှင့်အတူ အခြားကောင်းကင်တမန်များစွာကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရပါသည်။ ဘုရားဘုံမှလူစီဖာကို နှင်ထုတ်ခဲ့ခြင်းသည် နတ်များစတင်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါသည် (ဟေရှာယ-၁၄)။ ဤအချက်သည် ကမ္ဘာဦး လူသားနှစ်ဦး မရှိမီ နတ်များရှိခဲ့ကြောင်း သက်သေ ဖြစ်ပါသည်။ နတ်များသည် ဖန်ဆင်းခံများသာ ဖြစ်ပါသည်။ လူသားများကိုးကွယ်ရမည့်သူများ မဟုတ်ပေ။

ထာဝရဘုရားသည် လူစီဖာ၏လုပ်ဆောင်မှုအကြောင်းကို ကြိုတင်သိသည့်အတွက် ကမ္ဘာဦး လူသားနှစ်ဦးကို ကြိုတင် သတိပေးခဲ့ပါသည်။ ဧဒင်ဥယျာဉ်အလယ်၌ရှိသည့် အသက်ပင်နှင့် ကျန်သည့် အပင်အားလုံးမှ အသီးများကို စားခွင့်ပေးခဲ့ပါသည်။ သို့သော်လည်း “ကောင်း၊ မကောင်း သိကျွမ်းရာအပင်၏ အသီးကိုကား မစားရ၊ စားသည့်နေ့တွင် သေရမည်”ဟု သတိပေးခဲ့ပါသည် (ကမ္ဘာဦး ၂း၁၆-၁၇)။

ထိုဖြစ်စဉ်ကို သိသည့် နတ်မင်းကြီးလူစီဖာသည် မြွေထဲ၌ဝင်ပြီး မြွေပုံသဏ္ဍာန် ဟန်ဆောင်ကာ ကမ္ဘာဦး လူသားနှစ်ဦးကို လှည့်ဖြားခဲ့ပါသည်။ မြွေဟန်ဆောင်သောမာရ်နတ်က လူမိန်းမဧဝကို လှည့်ဖြားခဲ့သည်မှာ- ကောင်း၊ မကောင်းသိကျွမ်းရာ အပင်၏အသီးကို သင်တို့စားလျှင် မျက်စိပွင့်လင်းလာမည်၊ ပညာတိုးပွား၍ ထာဝရဘုရားကဲ့သို့ ဖြစ်လာမည်ကို သိရှိသောကြောင့် ထာဝရဘုရားသည် ထိုအပင်မှ အသီးကို သင်တို့အား စားခွင့်မပေးထားခြင်းဖြစ်ကြောင်း လိမ်ညာလှည့်ဖြားခဲ့ပါသည်(ကမ္ဘာဦး ၃း၃-၅)။ 

ကောင်း၊ မကောင်း သိကျွမ်းရာအပင်၏အသီးများသည် မြွေပြောသကဲ့သို့ အဆင်းလှ၍ စားချင် စဖွယ်ကောင်းသည်ဟု လူမိန်းမ​ဧဝသည် အသီးပေါ်၌ သမုဒယဝင်သွား၍ စားခဲ့မိပါသည်။ ထိုသို့ စားခဲ့မိ၍ လူမိန်းမ ဧဝသည် ထာဝရဘုရားကို ပထမဆုံး ပြစ်မှားသူ ဖြစ်လာခဲ့ပါသည်။ သူ့အမျိုးသား အာဒံကိုလည်း ကျွေး၍ အာဒံလည်း စားခဲ့မိပြန်သည်။ ထိုကြောင့် ထာဝရဘုရားသည် ကမ္ဘာဦးလူသားနှစ်ဦးနှင့်မြွေကို ကျိန်ခဲ့ခြင်းဖြစ်ပါသည်။ 

ကမ္ဘာဦးလူသားနှစ်ဦးနှင့်မြွေကို ထာဝရဘုရားကျိန်ခဲ့ခြင်း

မြွေကိုကျိန်ခဲ့ခြင်း။ မြွေအား “သင်သည် ဝမ်းဖြင့်သွား၍မြေမှုန့်ကိုတစ်သက်လုံးစားရမည်။ သင်နှင့်မိန်းမကို လည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည် ရန်ငြိုး ဖွဲ့စေမည်။ သူသည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်၊ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်” ဟု ကျိန်ခဲ့ပါသည်(ကမ္ဘာဦး ၃း၁၅)။

ကမ္ဘာဦးလူသားနှစ်ဦးကို ကျိန်ခဲ့ခြင်း။ “သင်ထွက်ရာမြေသို့ မပြန်မီတိုင်အောင်၊ သင်၏မျက်နှာမှ ချွေးထွက်လျက် အစာကို စားရမည်။ အကြောင်းမူကား၊ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်” (ကမ္ဘာဦး ၃း၁၉)။ ထိုကျိန်ခြင်းကြောင့် ကမ္ဘာဦးလူသားနှစ်ဦးသည် မသေရာဘဝ(နိစ္စဘဝ)မှ သေရသည့်ဘဝ (အနိစ္စဘဝ)သို့ ကျရောက်သွားခဲ့ပါသည်။ သေခြင်းမစ္စုသည် လူ့ဘဝသို့ စတင် ရောက်ရှိလာခဲ့ခြင်းကြောင့် ဆင်းရဲခြင်း အမျိုးမျိုး စတင်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ ဤနေရာသည် ပါဠိဘာသာလို သမုဒယသစ္စာ၏အစနှင့် ဒုက္ခသစ္စာစတင် ရှိလာခဲ့ခြင်းဖြစ်စဉ်ကို ပြောပြခြင်း ဖြစ်ပါသည်(ကမ္ဘာဦး ၃)။ 

ကမ္ဘာဦးလူသားနှစ်ဦးသည် ကံကံ၏အကျိုးကိုရရှိခဲ့ခြင်း

မည်သူတစ်ဦးတစ်ယောက်မျှ မလိုချင်၊ မတောင့်တသည့် အိုနာသေခြင်း ဒုက္ခဆိုးကြီးများ၊ ဆင်းရဲဒုက္ခအမျိုးမျိုး ကြုံတွေ့ရခြင်းသည် “အကျိုးတရား” ဖြစ်ပါသည်။ သေခြင်းသည် ကမ္ဘာဦးလူသားနှစ်ဦးသို့ထံ စတင်ရောက်ရှိ လာခဲ့ခြင်းကြောင့် ဆင်းရဲခြင်း၊ ပါဠိအခေါ် ဒုက္ခအမျိုးမျိုးကို ကမ္ဘာဦးလူသားနှစ်ဦးမှ စတင်ကာ သူတို့၏သားသမီးများဖြစ်သည့် လူသားများအားလုံး ခံစားနေရခြင်း ဖြစ်ပါသည်။ ထာဝရဘုရားသည် ဆင်းရဲဒုက္ခအမျိုးမျိုးကို လူသားတို့အတွက် ဖန်ဆင်းခဲ့ခြင်း မဟုတ်ဘဲ၊ ထာဝရဘုရားက သားသမီးဆိုးတို့ကို ဆုံးမခြင်းသာလျှင် ဖြစ်ပါသည်။ “ကိုယ့်ပြစ် ကိုယ်ခံ၊ မည်သူမပြု၊ မိမိမှု၊ ကံ၊ကံ၏အကျိုး” ပင်ဖြစ်ကြောင်း နားလည်ရပါသည်။ ဥပမာ။ အစိုးရသည် ဥပဒေကို ချိုးဖေါက်သူအား အပြစ်ပေးသည့်နည်းတူ ထာဝရဘုရားသည်လည်း သူ၏ပညတ်တရားကို ချိုးဖေါက်ခဲ့သည့် ကမ္ဘာဦးလူသားနှစ်ဦးနှင့် သူတို့မွေးထုတ်ခဲ့သော လူသားများအားလုံးကို အပြစ်ပေးနေခြင်းသာ ဖြစ်ပါသည်။ 

ဒုက္ခအပေါင်းရှိလာခဲ့ခြင်းနှင့်အပြစ်များလာခဲ့ခြင်းမှာ ထာဝရဘုရား၏အမှားမဟုတ်ဘဲ၊ ကမ္ဘာဦးလူသားနှစ်ဦး၏ အမှားသာလျှင်ဖြစ်ကြောင်း သိရပါသည်။ ကမ္ဘာဦးလူသားနှစ်ဦးသည် ဘုရား၏စကားကို မနာခံဘဲ၊ မာရ်နတ်၏လှည့်စားမှုကို နားထောင်ခဲ့ခြင်းကြောင့် ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့် ထာဝရဘုရား ဖန်ဆင်းခဲ့သည့် လူသားနှစ်ဦးနှင့် သူတို့၏သားသမီးများသည် သူတို့ ပြုလုပ်ခဲ့သော ကံ၊ကံ၏အကျိုးကို ခံစားရခြင်း ဖြစ်ပါသည်။  အပြစ်များခဲ့ရသည့် အကြောင်းအရာ အချို့ကိုတင်ပြရလျှင်-

  1. ကမ္ဘာဦး လူမိန်းမ “ဧဝ” ပြုမိခဲ့သည့်အပြစ်ကြောင့် လူယောက်ျား “အာဒံ”၏ အုပ်စိုးမှုကိုခံရန် အမိန့်ထုတ်ခဲ့မှုကြောင့် အမျိုးသားများသည် အိမ်ထောင်ဦးစီးတာဝန်ကို ယူနေရခြင်း ဖြစ်ပါသည် (ကမ္ဘာဦး ၃)။
  2. ကမ္ဘာဦးလူသားနှစ်ဦးပြစ်မှားခဲ့သည့် အပြစ်ကြောင့် လူ့ဘဝထဲသို့ သေခြင်းမစ္စုမာရ် စတင် ဝင်ရောက်လာခဲ့သည် (ကမ္ဘာဦး ၃း၁၉)။
  3. လူသားများသည် ထာဝရဘုရားကို တိုက်ရိုက်မြင်တွေ့ခွင့်နှင့် မျက်နာချင်းဆိုင်စကားပြောခွင့် ဆုံးရှုံးခဲ့ရပါသည်။ 
  4. ကမ္ဘာဦးလူသားနှစ်ဦးပြစ်မှားခဲ့သည့် အပြစ်ကြောင့် လူ့ဘဝထဲသို့ အရှက်တရားနှင့်အကြောက်တရား စတင် ဝင်ရောက်လာခဲ့ပါသည်(ကမ္ဘာဦး ၃း၁၀)၊ 
  5. ထာဝရဘုရားရှေ့မှာ အရှက်တရားကို ဖုံးရန်အတွက် ကမ္ဘာဦးလူသားနှစ်ဦး၏ကိုယ်ခန္ဓာကို သားရေဖြင့် ဖုံးအုပ်စေခဲ့ရာမှ ယနေ့ လူသားများလည်း အဝတ်ဝတ်လာခဲ့ရခြင်း ဖြစ်ပါသည် (ကမ္ဘာဦး ၃း၁၉)။
  6. ကမ္ဘာဦးလူသားနှစ်ဦးပြစ်မှားခဲ့သည့်အပြစ်ကြောင့် တိရစ္ဆာန်များအားလုံးကို လိုအပ်သလို စေခိုင်းနိုင်သည့်ဘဝမှ  မြွေအပါအဝင်၊ တိရစ္ဆာန်များနှင့်ရန်သူ ဖြစ်သွားခဲ့ရပါသည် (ကမ္ဘာဦး ၃း၁၅)။
  7. ကမ္ဘာဦးလူသားနှစ်ဦးပြစ်မှားခဲ့သည့်အပြစ်ကြောင့် လူသားများအတွက် ကမ္ဘာမြေကြီးပေါ်မှာ ဆူးပင်များ၊ အန္တရာယ်များ စတင်ပေါ်ပေါက်စေခဲ့ပါသည်။
  8. ကမ္ဘာဦးလူသားနှစ်ဦးပြစ်မှားခဲ့သည့်အပြစ်ကြောင့် အလုပ်လုပ်စရာမလိုအပ်ဘဲ နေထိုင်စားသောက် နိုင်သည့်ဘဝမှ တစ်ပတ်မှာ(၆)ရက် အလုပ်လုပ်ပြီး စားသောက်ကာ အသက်ရှင်နေထိုင် ရသည့်ဘဝသို့ ကျရောက်သွားခဲ့ပါသည်။ အလုပ်လုပ်ပြီး စားသောက်နေရခြင်းသည် ထာဝရဘုရား၏ပညတ်တရားကို ချိုးဖေါက်ခြင်း၏အပြစ်ဒဏ် ဖြစ်ပါသည်။ ကံကံ၏အကျိုးသည် ထာဝရဘုရား၏အမိန့်ကြောင့် ရှိလာခဲ့သောတရား ဖြစ်ပါသည်(ကမ္ဘာဦး ၃း၂၃)။ထာဝရဘုရား၏အပြစ်ဒဏ်ခံရန်အမိန့်ကြောင့် ကိုယ်လုပ်မှ ကိုယ်စားသောက်နေထိုင်ရခြင်းဖြစ်ပါသည်။ 
  9. ကမ္ဘာဦးလူသားနှစ်ဦးသည် မာရ်နတ်၏လှည့်စားမှုကို အမှန်ထင်ပြီး လက်တွေ့ လုပ်ဆောင်ခဲ့မှုကြောင့် သူတို့သည် မျက်စိ ပွင့်လင်းလာပြီး အဝတ်မပါကြောင်း သိလာခဲ့ပါသည်(ကမ္ဘာဦး ၃းရ)၊
  10. ကမ္ဘာဦးလူသားနှစ်ဦးသည် နောက်ဆုံး၌ ဧဒင်ဥယျာဥ်မှ နှင်ထုတ်ခြင်း ခံခဲ့ရပါသည်(ကမ္ဘာဦး ၃း၂၃-၂၄)။
  11. အမျိုးသမီးများသည် မီးဖွားရာ၌ ကြီးစွာဝေဒနာခံစားရန် အပြစ်ဒဏ်ချခြင်း ခံခဲ့ရပါသည်(ကမ္ဘာဦး ၃း၁၆)၊
  12. လူသားများကို ဒုက္ခပေးမည့် ဆူးပင်များ၊ အကောင်ပလောင်များစတင် ရှိလာခဲ့ပါသည် (ကမ္ဘာဦး ၃း၁၈)။
  13. ကမ္ဘာဦးလူသားနှစ်ဦး အပြစ်ထဲကျသွားခဲ့သည့်အတွက် နတ်၏လှည့်စားမှု၊ နတ်၏ခြိမ်းခြောက်မှု၊ နတ်များ၏ဖျားယောင်းမှု၊ နတ်များတောင်းသမျှကိုပေးပြီး နတ်များ၏ကျေးကျွန်ဘဝသို့ ရောက်သွား ခဲ့ရပါသည်။ ခရစ်တော်ကို မသိသူများသည် နတ်နှင့် မကင်းကြပေ။ ပါးစပ်က ဘုရား၊ဘုရားပြောနေသော်လည်း လက်တွေ့ဘဝမှာတော့ ပွဲလုပ်တော့လည်းနတ်၊ အိမ်ဆောက် တော့လည်းနတ်၊ လှေကားထောင်တော့လည်းနတ်၊ လယ်လုပ်တော့လည်းနတ်၊ ငါးဖမ်းတော့လည်း နတ်၊ တစ်နေရာရာ သွားလာတော့လည်းနတ်၊ အရောင်းအဝယ်လုပ်တော့လည်းနတ်၊ ကားဝယ်တော့ လည်းနတ်၊ မင်္ဂလာဆောင်တော့လည်း အုန်းပွဲဌက်ပျောပွဲ၊ စစ်တိုက်တော့လည်းနတ်၊ ဘာဘဲလုပ်လုပ် ဘုရားနေရာမှာ နတ်များကိုသာ အားကိုးလာနေခဲ့ကြပါသည်။ ထိုသို့နတ်ကို အားကိုးလာအောင် နတ်များက ခြောက်စား၊ လှည့်စား၊ ညာစားပြုနေကြပါသည်။ ထာဝရဘုရားဟုခေါ်သည့် ယေရှုခရစ်ကို မသိသူများသည် နတ်တန်ခိုး၊ နတ်ပညာ၊ လူနှင့်လူ့ပညာများကို အားကိုးလာခြင်း ဖြစ်ပါသည်။ ကမ္ဘာဦးလူသားနှစ်ဦးကို လူစီဖာနတ်မင်းက လှည့်ဖြားခဲ့သလို ခရစ်တော်ဘုရားကို မသိသေးသည့်သူများကိုလည်း နတ်များက ဆက်ပြီး လှည့်စား၊ ရိုက်စား၊ ခြောက်စားလုပ်နေကြောင်း သိရပါသည်။  သူ့ကိုကိုးကွယ်သောသူများကို တစ်ကျပ်ပေးပြပြီး၊ သူတို့ထံမှ တဖန် တစ်ထောင်ကျပ် ပြန်တောင်းတတ်ခြင်းသည် နတ်များ၏သဘောသဘာဝ ဖြစ်ကြောင်း နားလည်ရပါသည်။ ခရစ်တော်ကိုရမှ နတ်နှင့်ကင်းရှင်းမည်မှာ သေချာလှပါသည်။ အကြောင်းမှာ နတ်များကို ချုပ်ကိုင်အုပ်စိုးသည့် ဘုရားသည် ယေရှုခရစ်တော် ဖြစ်ခြင်းကြောင့် ဖြစ်ပါသည် (ရှင်မဿဲ ၄းရ၊ ၂၅း၄၁-၄၆၊ ဗျာဒိတ် ၂၀း၁၀)။ နတ်များအလွန်ကြောက်သည့် ဘုရားသည် ခရစ်တော် ဖြစ်ပါသည်။

နိုင်ငံသားတစ်ဦးသည် ပြစ်မှုတစ်ခုကို ကျူးလွန်မိသောအခါ ငွေဒဏ်နှင့်ထောင်ဒဏ်ကျခံရခြင်းသည် နိုင်ငံတော်အစိုးရ၏ အမှားမဟုတ်ဘဲ၊ ပြစ်မှုကျူးလွန်သူ၊ ဥပဒေကိုချိုးဖေါက်သူ၏အမှား ဖြစ်ပါသည်။ ထို့နည်းတူ ယခုခန္ဓာရှိသူတိုင်း ဆင်းရဲဒုက္ခအမျိုးမျိူးခံစားရခြင်းသည်လည်း ထာဝရဘုရားသခင်၏ အမှားမဟုတ်ဘဲ၊ ကမ္ဘာဦးလူသားနှစ်ဦး၏ အမှားကြောင့်သာ ဖြစ်ပါသည်။ ထာဝရဘုရား၏ တရားမျှတခြင်းနှင့် သစ္စာရှိခြင်းကို သက်သေပြခြင်း ဖြစ်ပါသည်။ ယနေ့လူသားများလည်း မိမိ၏အသက်ကို ပိုင်သည့် ထာဝရဘုရားကို ကိုးကွယ်ရန် မစဉ်းစားသည့်အပြင်၊ ဆန့်ကျင်ရန်သာ ကြိုးစားနေခြင်းနှင့် မိရိုးဖလာဟုဆိုကာ အနိစ္စလူသားများနှင့်ငရဲသို့ပစ်ချခြင်းခံရမည့်နတ်တို့ကိုသာ ကြောက်ရွံ့ကာ နာခံနေခြင်းသည် ပိုးဖလံမျိုး၊ မီးကိုတိုးသည့် လုပ်ရပ်သာ ဖြစ်ကြောင်း နားလည်ရပါသည်။ 

မေးခွန်းနံပါတ် (၈)၌ အရာရာတိုင်းတွင် ဘုရားသခင်၏ အလိုတော်အတိုင်းဆိုပါက မုဒိမ်းကျင့်၊ စော်ကား ခံရသည့် အမျိုးသမီးတစ်ဦးသည် သင်ကိုယ်တိုင်ဖြစ်ခဲ့လျှင် ဖန်ဆင်းရှင်ကို မည်သို့တုန့်ပြန်မည်နည်းဆိုသည့် မေးခွန်း၏အဖြေ-

အရာရာတိုင်းတွင် ဘုရားသခင်၏ အလိုတော်အတိုင်းဖြစ်သည်ဟု ပြောရခြင်းမှာ အရာရာတိုင်းသည် ထာဝရဘုရား၏အုပ်စိုးမှု၊ ထိန်းချုပ်မှု အောက်၌သာ လည်ပတ်လှုပ်ရှားလျှက် ရှိနေပါသည်။ ကောင်းကင်နှင့် မြေကြီး၊ ပင်လယ်သမုဒ္ဒရာ၊ လူနှင့်နတ်၊ လူ့ဘုံ၊ ငရဲဘုံ၊ နိဗ္ဗာန်ဘုံကို ပြုလုပ်သူနှင့် အုပ်စိုးသူသည် ထာဝရဘုရား ဖြစ်သောကြောင့် ဖြစ်သည်။ 

မုဒိမ်းကျင့်ခြင်းအမှု

မုဒိမ်းကျင့်ခြင်းကဲ့သို့သော ဒုစရိုက်သည် ဘုရားကိုဆန့်ကျင်သော မာရ်နတ်သားများ၏ လုပ်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ ကမ္ဘာဖျက်မိုးရွာသွန်းခဲ့သော နောဧခေတ်ကာလတွင် လူသားများသည် မိန်းမ အချင်းချင်းနှင့် ယောက်ျား အချင်းချင်း လိင်တူဆက်ဆံခဲ့ခြင်း၊ မုဒိမ်းကျင့်ခဲ့ခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့ပါသည်။ ထို့ကြောင့် ထာဝရဘုရားသည် ကမ္ဘာကြီးနှင့်တကွ လူသားများနှင့် တိရစ္ဆာန်များကို ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခဲ့ပါသည် (ကမ္ဘာဦးကျမ်း ၇း၂၁-၂၃)။

တဖန် သောဒုံ(Sodom)မြို့နှင့် ဂေါမောရ(Gomorrah)မြို့ရှိ လူ့အဖွဲ့အစည်းများသည်လည်း တိရစ္ဆာန်များကဲ့သို့ ကျင့်ကြံပြုမူခဲ့ကြပါသည်(ရှင်မဿဲ ၁၀း၁၅)။ သူ့မိန်းမ၊ ကိုယ့်မိန်းမမခွဲခြားဘဲ လိင်ဆက်ဆံခဲ့ခြင်း၊ လိင်တူဆက်ဆံခြင်း၊ သေရည်သေရက်သောက်ပြီး မူးရူးကာ ထာဝရဘုရားကို စော်ကား မော်ကားလုပ်ကာ ရှုတ်ချ ခဲ့ကြပါသည်။ ထို့ကြောင့် သောဒုံမြို့နှင့်ဂေါမောရမြို့၊ ၎င်းမြို့တို့တွင် နေထိုင်သော မြို့သူမြို့သားအားလုံးကိုလည်း ကောင်းကင်မှ မီးမိုးရွာစေပြီး ဖျက်ဆီး သုတ်သင်ခဲ့ပါသည်။

ခရစ်တော်ဒုတိယအကြိမ်ပြန်ကြွလာမည့်အချိန်၌လည်း ကမ္ဘာလူသားများသည် နောဧခေတ်ကဲ့သို့ ပြုမူကျင့်ကြံလိမ့်မည်ဟု ဗျာဒိတ်ပြုထားခဲ့ပါသည် (ရှင်မဿဲ ၂၄း၃၆-၄၄)။ ထိုသူများကို ကန့်နှင့်လောင်သော ငရဲမီးအိုင်သို့ ပစ်ချခြင်းခံရမည်ဟု စီရင်ချက်ချထားခဲ့ပြီး ဖြစ်ပါသည် (ဗျာဒိတ် ၂၁း၈)။

မုဒိမ်းကျင့်သူများကို အပြစ်ပေးရန် တာဝန်

ထာဝရဘုရားသည် ၎င်း၏ကိုယ်စား အစိုးရတစ်ရပ်ကို ဤကမ္ဘာပေါ်၌ထားခဲ့ပါသည် (ရောမသြဝါဒ ၁၃း၁-၃)။ ထို့ကြောင့် အစိုးရတိုင်း၏တာဝန်သည်ထာဝရဘုရား၏အမှုထမ်းဖြစ်ပြီး ဒုစရိုက်သမား၊ လူဆိုးများကို အပြစ်ပေးရန်နှင့် လူကောင်းများကို ချီးမြှောက်ရန် ဖြစ်ပါသည်။ မုဒိမ်းကျင့်သူကို ထိုက်တန်သည့် အပြစ်ပေးရန်နှင့် မုဒိမ်းကျင့်ခြင်းခံရသည့်သူကို ကူညီမစရန် တာဝန်ရှိပါသည်(ရော ၁၃း၁-၄)။  အပြစ်ရှိသူကို အပြစ်မပေးခြင်း၊ အပြစ်မရှိသော သူများကို နည်းမျိုးစုံဖြင့် အပြစ်ရှာ၍ အပြစ်ပေးခြင်းသည် ထာဝရဘုရား စက်ဆုပ် ရွံရှာသောအမှုထမ်းဖြစ်ပါသည်။ 

ထာဝရဘုရားသည် တစ်လင် တစ်မယားစနစ်ကို လူသားများအတွက် ဖန်ဆင်းပေးထားခဲ့ပါသည် (ကမ္ဘာဦး ၂း၁၈)။ “အိမ်ထောင်ဦးဘုရားတည်”ဟု ပြောနေခြင်းမှာ ကမ္ဘာဦးလူသားနှစ်ဦး၏အိမ်ထောင်ကို ဘုရားတည်ထောင်ထားခဲ့ခြင်းကို ရည်ညွှန်းသည်ဟု နားလည်ရပါသည်။ အိမ်ဦးခန်းတွင် ဘုရားစင်ထားခြင်းကို ဆိုလိုခြင်း မဟုတ်ကြောင်း သိရှိနားလည်ရပါသည်။ အကြောင်းမှာ ဘုရားစစ်၊ဘုရားမှန်သည် စင်ပေါ်၌ နေသောဘုရားမဟုတ်၊ နှလုံးသား၌တည်နေသောဘုရားဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မုဒိန်းကျင့်ခြင်းသည် ထာဝရဘုရား၏လမ်းစဉ်မဟုတ်ပေ။ တစ်လင်တစ်မယားစနစ်သာ ထာဝရဘုရား၏လမ်းစဉ် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>