မေးခွန်း-၂၂။ ထာဝရဘုရားဆိုတာ မည်သူပါလဲ။ အဘယ်ကြောင့် ကိုယ်စားလှယ်တော်များ၊ သားတော်များကိုသာ လွတ်ရပါသလဲ။ အဘယ်ကြောင့်လောကအတွင်းသို့ မဆင်းသက်လာသလဲ။

Published on September 18, 2025 by Admin

ထာဝရဘုရားသည် မည်သူဖြစ်ကြောင်းသိလိုလျှင် သင်၏နာမ်ဝိညာဥ်အသက်၊ ပါဠိအခေါ် အစ္ဇျတ္တကို ဦးစွာသိရန် လိုပါသည်။ သင်၏နာမ်ဝိညာဉ်အတွင်းလူ၊ ပါဠိအခေါ် အစ္ဇျတ္တသည် ဆွဲကိုင်ပြ၍မရသည့်ပုဂ္ဂိုလ် ဖြစ်ပါသည်။ သင်၏နာမ်ဝိညာဉ် အတွင်းလူ၊ ပါဠိအခေါ်အစ္ဇျတ္တကို သင်ကိုယ်တိုင်မြင်နိုင်လျှင် သင်သည် ထာဝရဘုရားကို မြင်တွေ့နိုင်မည်ဟု ယုံကြည်ရပါသည်။ ထိုအတွင်းလူ အစ္ဇျတ္တက အပြင်လူ ဗဟိတ္တကို ထိန်းကျောင်းသူ ဖြစ်ပါသည်။

ထာဝရဘုရားဆိုသည်မှာ အစဉ်ထာဝရအသက်ရှင်သောဘုရားကို ခေါ်ပါသည်။ ပါဠိဘာသာ အခေါ် ဋ္ဌာဝယဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ နိစ္စဗုဒ္ဓ၊ ဗုဒ္ဓရာဇာ ပင်ဖြစ်ပါသည်။ အင်္ဂလိပ်ဘာသာအခေါ် the Living God, the eternal God, the immortal God ဟုခေါ်ပါသည်။

ထာဝရဘုရားသည် ဘုရားဘုံကို အုပ်စိုးသောဘုရား၊ နတ်လောကကို အုပ်စိုးသောဘုရား၊ လူ့ဘုံကို အုပ်စိုးသောဘုရား၊ ငရဲဘုံကိုအုပ်စိုးသောဘုရား၊ သေခြင်းကို အုပ်စိုးသောဘုရား၊ သဘာဝကို အုပ်စိုးသောဘုရား၊ လူ၏အသက်ကို ပိုင်သအုပ်စိုးသောဘုရား ဖြစ်ပါသည်(ကမ္ဘာဦး ၁း၂၆၊ ၂း၇၊ ယောဟန် ၁၄း၆)။ နာမ်ဝိညာဉ်ဖြင့် အစဉ်အသက်ရှင်၍ စိတ်သွားတိုင်းကိုယ်ပါ သွားနိုင်သည့်ဘုရား၊ တန်ခိုးတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ မေတ္တာတော်အနန္တ၊ သစ္စာတော်အနန္တ၊ အဖြစ်တော်အနန္တရှိ၍ အစဉ်ထာဝရတည်မြဲသောဘုရား ဖြစ်ပါသည်။

အဖြစ်တော်အနန္တဆိုသည်မှာ အချိန်တိုင်း၊ နေရာတိုင်းတွင်ရှိသောဘုရားကို ခေါ်ပါသည်။ အစဘုရားလည်းသူ၊ လက်ရှိဘုရားလည်းသူ၊ အဆုံးဘုရားလည်းသူ၊ ဗုဒ္ဓေါ၊ ဓမ္မော၊ သံဃောဟူ၍ သုံးပါး တစ်ဆူတည်းသောဘုရား ဖြစ်ပါသည် (ဗျာဒိတ် ၁း၈၊၂၂း၁၃)။ ထို့ကြောင့် ထာဝရဘုရားသည် ပါဠိဘာသာစကားအားဖြင့် “ဧကောဗုဒ္ဓေါ”ဟုခေါ်ကြောင်း နားလည်ရပါသည်။

ထာဝရဘုရားသည် ဖန်ဆင်းရှင်၊ ကယ်တင်ရှင်၊ သခင်တကာတို့၏သခင်၊ ဘုရင်တကာတို့၏ ဘုရင်၊ ဘုရားတကာတို့၏ဘုရားနှင့် လူသားများကို တရားစီရင်သော တရားသူကြီးလည်း ဖြစ်ပါသည်။ ထာဝရဘုရားသည် ကောင်းကင်ဘုံ၌ လည်းကောင်း၊ မြေကြီးပေါ်၌ လည်းကောင်း စီရင်ပိုင်ခွင့်ရှိသူ ဖြစ်ပါသည်(ရှင်မဿဲ ၂၈း၁၈)။  ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ ရှိသည့်သတ္တဝါအားလုံးက သခင်အဖြစ် ကိုးကွယ်ထိုက်သောဘုရား ဖြစ်ပါသည် (ဖိလိပ္ပိ ၂း၁၀)။ ခုနှစ်ရက်တစ်ပါတ်ကို အုပ်စိုးသောဘုရား ဖြစ်ပါသည် (ကမ္ဘာဦးကျမ်း ၁-၂)။

ထာဝရဘုရားသည် ဘုရားဘုံမှလူ့ဘုံမြေကြီးပေါ်သို့ ကိုယ်တော်တိုင် ဆင်းကြွမလာရခြင်း အကြောင်းမှာ-

  1. ကမ္ဘာဦးကာလ ဧဒင်ဥယျာဉ်၌ အပြစ်ဒုစရိုက် ဝင်ရောက်မလာသေးမီ ထာဝရဘုရားသည် ကမ္ဘာဦးလူသားနှစ်ဦးနှင့် တိုက်ရိုက်တွေ့ဆုံ၍ စကားပြောခဲ့ပါသည်။ ကမ္ဘာဦး လူသားနှစ်ဦးသည် အပြစ်ထဲသို့ ကျရှုံးသွားပြီးနောက် ကမ္ဘာဦးလူသားနှစ်ဦးကို ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခဲ့ပါသည်။ သန့်ရှင်းခြင်းအနန္တရှိသော ထာဝရဘုရားသည် အပြစ်နှင့်ပြည့်နေသည့် လူ့ဘုံကမ္ဘာသို့ ကြွဆင်းရန် မသင့်လျော်တော့ကြောင်း နားလည် ရပါသည် (ကမ္ဘာဦး ၁၃း၁၃၊ ရောမ ၃း၂၃၊ ၅း၈)။
  2. ကမ္ဘာမြေကြီးသည် လူသားများနေထိုင်ရန်နေရာ ဖြစ်ပါသည်။ ထာဝရဘုရားနေထိုင်ရန် နေရာ မဟုတ်ပေ။ သူ့ကိုယ်စား ယေရှုခရစ်တော်သည် လူပုဂ္ဂိုလ်အဖြစ်စေလွှတ်ရန် ကမ္ဘာဦးကတည်းက ဂတိတော်ထားရှိခဲ့ပါသည်(ရှင်မဿဲ ၁၀း၄၀၊ လုကာ ၁၀း၁၆၊ ရှင်ယောဟန် ၃း၁၆၊ ၉း၄)။
  3. ထာဝရဘုရားမှထွက်သောဘုန်းရောင်ခြည်တော်သည်  လူ့မျက်စိကို ကန်းစေရုံသာမက လူနှင့်သတ္တဝါများအားလုံး သေကြေပျက်စီးကုန်သည်ဟု သိရပါသည် (ထွက်မြောက်ရာကျမ်း ၃၃း၂၀)။ အစ္စရေးလူမျိုးခြောက်သိန်းကျော်ကို အီဂျစ်ပြည်မှ ခါနန်ပြည်သို့ ခေါ်ဆောင်ရန် စေခိုင်းခြင်းခံခဲ့သော မောရှေသည် ထာဝရဘုရားကို တွေ့ခွင့်အကြိမ်ကြိမ် တောင်းခံသည့်အခါ ထာဝရဘုရား၏ ကျောဘက်ကိုသာ ပြသခဲ့ပါသည် (ထွက်မြောက်ရာကျမ်း ၃၃း၂၃)။  သန့်ရှင်းမြင့်မြတ်သော ထာဝရဘုရားသည် အလွန်သန့်ရှင်းသောကြောင့် အပြစ်ရှိသောလူသားများက ထာဝရဘုရားကို မြင်နိုင်၊ ကြည့်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ အပြစ်ရှိသောလူသားသည် ထာဝရဘုရားရှေ့တော်၌ ရပ်တည်ခြင်းငှာ မခံရပ်နိုင်ဘဲ ချက်ချင်းသေဆုံး သွားနိုင်သည်ဟု သိရပါသည်။ ထိုကြောင့် လူတို့နားလည်နိုင်သောနည်းဖြင့် ဘုရားသခင်သည်  သူ၏ကိုယ်စားလှယ်များ၊ တမန်တော်များကို စေလွှတ်၍ လူတို့အား ဘုရားသခင်၏သတင်းစကားကို ပြောကြားစေတော်မူပါသည်။
  4. ထာဝရဘုရားသည် လူသားများ နားလည်လက်ခံနိုင်စေရန် လူ့ဇာတိအသွင်ဆောင်ကာ ဟီဗရူး ဘာသာလို မေရှိယ၊ ဂရိလို ခရစ်တော်၊ ပါဠိအခေါ် အရိမေတ္တယျနာမဖြင့် ဤလောကသို့ ကြွဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း၊ သမ္မာကျမ်းစာက သက်သေ ထူနေပါသည် ​(ရှင်မဿဲ ၁း၂၁-၂၃၊ ရှင်ယောဟန် ၁း၁-၁၄၊ ၄း၂၅-၂၆)။  

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>