မေးခွန်း-(၁၉)။ ထာဝရဘုရား၏ရုပ်ပုံလွာတွင် ဆံပင်မွေးညှင်းသည် ဖြူသည့်နှင်းပွင့်နှင့်တူသည်။ မျက်လုံးခုနှစ်လုံး ပါရှိ၏။ ဦးချိုခုနှစ်ချောင်းရှိ၏။ ပါးစပ်တွင် အသွားနှစ်ဖက်ပါသည့် ဓါးရှည် တစ်ချောင်းပါပြီး၊ ခြေထောက်တော်နှင့် လက်တော်တွင် မီးရဲရဲ ဖုတ်ထားသည့်ကြေးဝါရောင် ရှိသည်။ ဝတ်ရုံရှည်ဝတ်ထားသည်။ ရင်ပတ်တွင် ရွှေခါးပန်းစည်းထားသည်၊ အသံသည် သမုဒ္ဒရာသံကဲ့သို့ ပြောသည်။ ညာဘက်လက်တွင် ရွှေမီးခွက်ခုနှစ်လုံးကိုင်ထားသည်ဟု ဓမ္မသစ် ဗျာဒိတ်ကျမ်းအခန်း ၁မှ၅ အထိတိကျပြည့်စုံစွာ ဖေါ်ပြထားရာ၌ ဗျာဒိတ်ကျမ်း စာမျက်နှာ ၃၂၂၊ အခန်းငယ် ၁၂မှ ၁၆ အထိ၊ အတိအကျဖေါ်ပြထားပါလျှက် အဘယ်ကြောင့်တရားဟောရာတွင် ထည့်မဟောဘဲ၊ ဝိညာဉ်တော်ဟူ၍ ဖုံးကွယ်ထားသည်ကို ရှင်းပြပါ။ ဤသို့ခန္ဓာကိုယ်ဖွဲ့စည်းပုံတို့ဖြင့် ကြည်ညိုဖွယ်ဟူ၍ ဘယ်လို ဆက်စပ်ကြည်နူးစွာ ကြည်ညို ရပါမည်နည်း။

Published on September 18, 2025 by Admin

ဤမေးခွန်းသည် ထာဝရဘုရား၏သမ္မာကျမ်းစာနှင့် စာပေအရေးအသားများကို မသိနားမလည်၍ မေးသည့်မေးခွန်းဖြစ်ကြောင်း နားလည်ရပါသည်။ ထာဝရဘုရား၏ရုပ်ပုံလွာတွင် ဆံပင်မွေးညှင်းသည် ဖြူသည့်နှင်းပွင့်နှင့်တူသည်။ မျက်လုံးခုနှစ်လုံး ပါရှိ၏။ ဦးချိုခုနှစ်ချောင်းရှိ၏။ ပါးစပ်တွင် အသွားနှစ်ဖက်ပါသည့် ဓါးရှည်တစ်ချောင်းပါပြီး၊ ခြေထောက်တော်နှင့် လက်တော်တွင် မီးရဲရဲ ဖုတ်ထားသည့်ကြေးဝါရောင် ရှိသည်။ ဝတ်ရုံ ရှည်ဝတ်ထားသည်။ ရင်ပတ်တွင် ရွှေခါးပန်း စည်းထားသည်၊ အသံသည် သမုဒ္ဒရာသံကဲ့သို့ ဖြစ်သည်။ ညာဘက်လက်တွင် ရွှေမီးခွက် ခုနှစ်လုံးကိုင်ထားသည်ဟူသောစာပုဒ်သည် ဥပမာဆောင်၍ ခိုင်းနှိုင်းရေးထားသောစကားစု ဖြစ်ပါသည်။ ပါဠိဘာသာအခေါ် ဝင်္ကဝုတ္တိအလင်္ကာဖြင့် ရေးထားသောစာပုဒ် ဖြစ်ပါသည်။  “မရှိတာထက် မသိတာ ပိုခက်သည်” ဟု ပြောလိုပါသည်။

ဝင်္ကဝုတ္တိအလင်္ကာဖြစ်ကြောင်း သက်သေ-(၁)။ ဦးချို(၇)ချောင်းဆိုသည်မှာ တိရစ္ဆာန်တစ်ကောင်၏ ဦးချိုခုနှစ်ချောင်းကို ရည်ညွှန်းနေခြင်း မဟုတ်ပေ။ ဗျာဒိတ်ကျမ်း၌ ဖေါ်ပြသောဦးချို(၇)ချောင်းသည် နိုင်ငံ(၇)နိုင်ငံ သို့မဟုတ် နိုင်ငံခေါင်းဆောင်(၇)ဦးကို ညွှန်းနေခြင်း ဖြစ်ပါသည် (ဗျာဒိတ်ကျမ်း ၁၇း၁၂)။

ဝင်္ကဝုတ္တိအလင်္ကာဖြစ်ကြောင်း သက်သေ-(၂)။ မီးခွက်(၇)လုံးသည် လူသားများနားလည်သကဲ့သို့ မီးထွန်းနေသည့် မီးခွက်များကို ညွှန်းနေခြင်း မဟုတ်ပေ၊ ခရစ်တော်ကို ယုံကြည်သူများစုဝေးသည့် အသင်းတော်ခုနှစ်ပါးကို ရည်ညွှန်းနေခြင်း ဖြစ်ပါသည်(ဗျာဒိတ်ကျမ်း ၁း၂၀)။ ၎င်းအသင်းတော်(၇)ပါးမှာ ဧဖက်မြို့ရှိအသင်းတော်၊ စမုရနမြို့ရှိအသင်းတော်၊ ပေရဂံမြို့ရှိအသင်းတော်၊ သွာတိရမြို့ရှိ အသင်းတော်၊ သာဒိမြို့ရှိအသင်းတော်၊ ဖိလဒေလဖိမြို့ရှိအသင်းတော်၊ လောဒိကိမြို့ရှိအသင်းတော်တို့ ဖြစ်ပါသည်(ဗျာဒိတ်ကျမ်း ၂နှင့်၃)။

ဇာတိပကတိလူသည် ထာဝရဘုရား၏ဝိညာဉ်တော်အရာကို မိုက်မဲသောအရာဟု ထင်တတ်၏ (၁ကော ၂း၁၄)။ လူ၏နက်နဲသောအရာကို လူ၌ရှိသောစိတ်ဝိညာဉ်မှတစ်ပါး အဘယ်သူမျှ မသိ၍ ဘုရားသခင်၏နက်နဲသောအရာကို ဘုရားသခင်၌ရှိသော ဝိညာဉ်တော်မှတစ်ပါး အဘယ်သူမျှ မသိနိုင်ကြောင်း ကောရိန္သုသြဝါဒ ပထမစောင် ၂း၁၁တွင် ဖေါ်ပြထားပါသည်။  ထိုနက်နဲသောအရာ၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာ ရှိသမျှတို့သည် ဝှက်ထားလျှက်ရှိသည်ဟု ကောလောသဲသြဝါဒစာ ၂း၃တွင် ဖေါ်ပြထားပါသည်။

ဖန်ဆင်းရှင် ထာဝရဘုရားသည် ပုထုစဉ်လူသားတစ်ဦး မဟုတ်သကဲ့သို့၊ နတ်တစ်ပါးလည်း မဟုတ်ပေ။ လူလက်ဖြင့်ပြုလုပ်သည့် ရုပ်တု ဆင်းတုဘုရားလည်း မဟုတ်၊ ဦးချိုရှိသည့်တိရစ္ဆာန်လည်း မဟုတ်ပေ။ 

ဖန်ဆင်းရှင် ထာဝရဘုရားသည် စိတ်သွားတိုင်း ကိုယ်ပါသည့် အနန္တတန်ခိုးရှင် “နာမ်ဝိညာဉ်ဘုရား” ဖြစ်ပါသည်။ ထိုဘုရားသည် လူတိုင်း၏စိတ်နှလုံးအကြံအစည်ကိုသိသူ၊ လူတိုင်း ပြောသည့် စကားများကိုကြားသူ၊ “အလုံးစုံကို သိသူ၊ကြားသူ၊” သခင်တကာတို့၏သခင်၊ ဘုရားတကာတို့၏ဘုရား၊ စကြဝဠာ၏အရှင်သခင်လည်း ဖြစ်ပါသည်(ရှင်မဿဲ ၁၀း၃၀၊ ရှင်လုကာ ၁၁း၁၇၊ ရှင်ယောဟန် ၄း၂၄)။ 

နာမ်ဝိညာဉ်ဘုရားဖြစ်သည့် အနန္တတန်ခိုးရှင်၊ ဖန်ဆင်းရှင်ထာဝရဘုရားသည် အဖြစ်တော်အနန္တ၊ တန်ခိုးတော် အနန္တ၊ ဉာဏ်တော်အနန္တ၊ သန့်ရှင်းခြင်းအနန္တ၊ မေတ္တာတော်အနန္တနှင့် ပြည့်စုံတော် မူသောဘုရားဖြစ်သည့်အတွက် အကန့်အသတ်ဖြင့်သာ စဉ်းစားတွေးခေါ်နိုင်သည့် မည်သည့် လူသားကမျှ ထာဝရဘုရားအကြောင်းကို အသေးစိတ် ဂဃနဏ မသိရှိနိုင်ပေ။ သိခွင့်လည်း မပေးထားခဲ့ပေ။

ကြည်ညိုဖွယ်ဘုရား

ဖန်ဆင်းရှင် ထာဝရဘုရားသည် “နာမ်ဝိညာဉ်ဘုရား” ဖြစ်ပါသည်။ အိုနာသေတတ်သည့် လူသားများ၏လက်ဖြင့် ကြည်ညိုစရာကောင်းအောင်ထုလုပ်ထားသည့် မြင်နေရသော ရွှေဘုရား၊ ငွေဘုရား၊ ကြေးဘုရား ကျောက်ဘုရား၊ သစ်သားဘုရား၊ ဝါးဘုရား မဟုတ်ကြောင်း နားလည်ရပါသည်။ ထာဝရဘုရား၏ဘာသာနှင့် လူ့သားများဖန်တီးသည့် လူ့ဘာသာတရားများသည် မိုးနှင့်မြေ၊ ဆီနှင့်ရေကဲ့သို့ ကွာခြားလှပါသည်။ ထာဝရဘုရား၏ဘာသာ၊ ပါဠိဘာသာအခေါ် ဋ္ဌာဝယဗုဒ္ဓ၏ဘာသာ၊ နိစ္စဗုဒ္ဓ၊ ဗုဒ္ဓရာဇာ၏ဘာသာသည် ထာဝရတည်မြဲမည်။ လူသားများပြုလုပ်သည့် လူ့ဘာသာတရားများ၊ပါဠိဘာသာအခေါ် အနိစ္စဗုဒ္ဓဘာသာများသည် ပျောက်ကွယ်ပျက်စီးသွားမည်ဟု နားလည်ရပါသည် (၁ကောရိန္သု ၁၃း၈၊ဗျာဒိတ် ၂၁း၈)။ 

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>