- မေးခွန်း-(၁၁)။ ခန္ဓာကိုယ်ရှိသူတိုင်း ဒုက္ခရှိသည်၊ သင်ကိုယ်တိုင်လည်း ဒုက္ခရှိတာ ငြင်းချက်မရှိ သေချာလှသည်။ ဤခန္ဓာကိုယ်ကို ထာဝရဘုရားက ဖန်ဆင်းသည်ဆိုပါက အမျှော်အမြင် မရှိသည့် ဖန်ဆင်းရှင်ကို ကျေးဇူးရှင်ဟု ခေါ်ထိုက် ပါသလား။ ဖြေကြည့်ပါ။
မေးခွန်း-(၁၂)။ မိမိ၏အိမ်၌ မွေးထားသည့်ခွေးသည် ဟောင်တတ်သည်။ ကြောင်သည် ရောဂါ ဖြစ်စေတတ်သည့် ကြွက်ကို ကိုက်တတ်သည်။ ကျေးဇူးတင်စရာ ကောင်းလှသည်။ ယနေ့ကမ္ဘာပေါ်မှာ သန်းပေါင်းများစွာသော လူသားတို့အား ရေတစ်ခွက်လောက် လာမတိုက်နိုင်သည့် ဖန်ဆင်းရှင်
- ထာဝရဘုရားကို ကျေးဇူးတော်ဟု ပြောဆိုနေကြခြင်းသည် မိုက်မဲလွန်းရာရောက်မနေဘူးလား။ ဦးနှောက်ရှိပြီး၊ အသိမရှိသူ ဖြစ်မနေဘူးလား။ ဖြေကြည့်ပါ။
မေးခွန်း-(၁၁)နှင့်မေးခွန်း-(၁၂)၏အဖြေများ
ကမ္ဘာဦး လူသားနှစ်ဦးသည် အပြစ်ကင်းစင်သည့်ဘဝမှ အပြစ်သားဘဝသို့ တနည်းအားဖြင့် မသေရသည့်ဘဝမှ သေရသည့်ဘဝသို့ ကျရောက်သွားခဲ့မှုကြောင့် ခန္ဓာရှိသူတိုင်းသည် ဒုက္ခကို ကြုံတွေ့နေရခြင်း ဖြစ်ပါသည်။ ဤအကြောင်းအရာများကို မေးခွန်း ၅၊၆၊ရ၊၈၏အဖြေများတွင် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။
သမုဒယသစ္စာကြောင့် ဒုက္ခသစ္စာ စတင်ရှိလာခဲ့ခြင်း
ထာဝရဘုရား၏ပညတ်တရားကို ကမ္ဘာဦးလူသားနှစ်ဦး ချိုးဖေါက်ခဲ့၍ အကျိုးတရားအဖြစ် သေခြင်းတရား ရှိလာခဲ့ပါသည်။ လူသားများအတွက် သေခြင်းတရား ရှိလာခဲ့မှုကြောင့် အကျိုးဆက်အဖြစ် “ဆင်းရဲခြင်း” ပါဠိဘာသာအခေါ် “ဒုက္ခ” စတင်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ ဤလူ့ကမ္ဘာ၌ သေခြင်းတရား ဝင်ရောက်မလာမီ ဆင်းရဲဒုက္ခဟူ၍ မရှိခဲ့ပေ။
ဧဒင်ဥယျာဉ်အလယ်၌ စိုက်ထားခဲ့သည့်ကောင်း၊မကောင်းသိကျွမ်းရာအပင်၏အသီးကို မစားရန် ပညတ်ထားခဲ့သော်လည်း ကမ္ဘာဦးလူသားနှစ်ဦးသည် ထိုအသီးအပေါ် သမုဒယဝင်ခဲ့မိ၍ ဒုက္ခသစ္စာ စတင်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ ထိုသမုဒယသစ္စာနှင့်ဒုက္ခသစ္စာ စတင်ရှိလာခဲ့သည့်နေရာသည် ဧဒင်ဥယျာဉ် ဖြစ်ပါသည်။ သိဒ္ဓတ္ထဂေါတမသည် သမုဒယသစ္စာနှင့် ဒုက္ခသစ္စာတို့သည် မည်ကဲ့သို့ စတင်ရှိလာခဲ့ခြင်းကို ဟောပြောခဲ့ခြင်း မရှိကြောင်း သိရပါသည်။ သူ၏သွန်သင်ချက်တွင် မမြဲသည့်အရာများကို စွဲလန်းခြင်း၊ ပါဠိဘာသာလို သမုဒယဝင်နေခြင်းသည် ဆင်းရဲခြင်းအမှန်၊ ပါဠိဘာသာလို ဒုက္ခ ဖြစ်ခြင်းအမှန်ဖြစ်ကြောင်း သိရပါသည်။
အမျှော်အမြင်ရှိသောထာဝရဘုရား
ထာဝရဘုရားသည် အမျှော်အမြင်ရှိသောဘုရား၊ အဖြစ်တော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော် အနန္တရှိသော အနှိုင်းမဲ့ဘုရား ဖြစ်ပါသည်။ လူ၏အစ၊အလယ်၊အဆုံးကို ပိုင်ဆိုင်သောအရှင်၊ နတ်များ၏အစ၊အလယ်၊အဆုံးကို ပိုင်ဆိုင်သောအရှင်၊ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏အစ၊ အလယ်၊ အဆုံးကို ပိုင်ဆိုင်သောအရှင်သခင်လည်း ဖြစ်ပါသည်။ ထာဝရဘုရားကို ပြစ်မှားခဲ့သော ကောင်းကင်သားအချို့ကို ဘုရားရင်ပြင်မှ မောင်းထုတ်ခဲ့သောကြောင့် နတ်နာမည်ရလာခဲ့ခြင်း ဖြစ်ပါသည်။ ထာဝရဘုရားသည် နတ်များနှင့်သူတို့၏အပေါင်းအပါများအတွက် ကန့်နှင့်လောင်သော ထာဝရငရဲမီးအိုင်ကို ပြင်ဆင်သောသူ ဖြစ်ပါသည် (ရှင်မဿဲ ၂၅း၄၁-၄၆၊ ဗျာဒိတ် ၂၀း၁၀-၁၅၊ ၂၁း၈)။
ခရစ်တော်သည် သူ့ကို ကိုးကွယ်သူများအတွက် ကောင်းကင်သစ်နှင့် မြေကြီးသစ် (သုခဘုံ)ကို ပြင်ဆင်သောသူ ဖြစ်ပါသည်(ရှင်ယောဟန် ၁၄း၁-၃၊ ဗျာဒိတ် ၂၁)။ လူ၊နတ်၊ ကောင်းကင်နှင့်မြေကြီးသည် ထာဝရဘုရား (ခေါ်) ခရစ်တော်၏လက်တော်၌ ရှိနေကြောင်း သမ္မာကျမ်းစာမှ ဟေရှာယ ၁၄း၁၂၊ ရှင်မဿဲ ၂၅း၄၁-၄၅၊ ဗျာဒိတ် ၂၀း၁၀၊ တရားဟောရာကျမ်း ၃၂း၃၉၊ သုတ္တံ ၁၆း၉၊ ၁၉း၂၁တို့တွင် အတိအလင်းဖေါ်ပြထားပါသည်။
အချုပ်တင်ပြရလျှင် ထာဝရဘုရားသည် လူ၊ ကောင်းကင်နှင့်မြေကြီး၊ ၎င်းတို့အထဲ၌ရှိသော အရာရာတိုင်းကို ဖန်ဆင်းသူနှင့် အုပ်စိုးသူ၊ တနည်းအားဖြင့် သုခဘုံ၊နိဗ္ဗာန်ဘုံ၊ငရဲဘုံတို့ကို ပြုလုပ်သူနှင့် အုပ်စိုးသူ၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ပြုလုပ်၍အုပ်စိုးသူ ဖြစ်သောကြောင့် ဉာဏ် အမျှော်အမြင်နှင့်ပြည့်စုံသောဘုရားဖြစ်ကြောင်း သိရှိရပါသည်။ ယေရှုခရစ်တော်နည်းတူ လူသားများ၏ ပစ္စုပ္ပန်နှင့်အနာဂတ်အတွက် စီမံပေးသည့်ဘုရား အခြားမရှိကြောင်း သိရပါသည်။
လူနှင့်တိရစ္ဆာန်ခြားနားချက်
လူဆိုသည်မှာ မြေမှုန့်နှင့်ထာဝရဘုရား၏အသက်ဇီဝပေါင်းစပ်ထားသောသတ္တဝါကို ခေါ်ပါသည်။ ထာဝရဘုရားကိုယ်တိုင်သည် မြေမှုန့်ကိုယူ၍ ရုပ်တုနှစ်ခုကို ထုလုပ်ခဲ့ပြီး ရုပ်တု၏နှာခေါင်းမှ ထာဝရဘုရား၏ အသက်ဇီဝကို မှုတ်သွင်းပေးထားခဲ့သည့်သတ္တဝါ ဖြစ်ပါသည်။ ထိုသို့အသက်မှုတ်သွင်းခဲ့ခြင်းကို ပါဠိအခေါ် အနေဂဇာတင်သည်ဟု သုံးနှုန်းကြပါသည်။ ထာဝရဘုရားက ရုပ်တုကို အနေဂဇာတင်ခဲ့သည်ဟု ဆိုခြင်းသည် မြေရုပ်တု၌ အသက်ဟုခေါ်သည့် နာမ်ဝိညာဥ်ကို သွင်းခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ထိုနာမ်ဝိညာဉ်ကို အတွင်းလူ ပါဠိဘာသာအခေါ် အစ္ဇျတ္တဟုလည်း ခေါ်သည်။
တိရစ္ဆာန်ဆိုသည်မှာ ထာဝရဘုရားက စေတစ်လုံးအမိန့်ဖြင့် ဖန်ဆင်းထားခဲ့သည့် အကောင်များကို ခေါ်ပါသည်။ ထိုတိရစ္ဆာန်များ၌ ထာဝရဘုရား၏နာမ်ဝိညာဉ်ပုဂ္ဂိုလ်ကို ထည့်သွင်းထားခဲ့ခြင်း မရှိကြောင်း သိရပါသည်။ တိရစ္ဆာန်များသည် လူထက်နိမ့်ကျသည့်အကောင်များ ဖြစ်ပါသည်။ ထာဝရဘုရားသည် လူသားများအား တိရစ္ဆာန်များကို စေခိုင်းခွင့်၊ အုပ်စိုးခွင့်၊ အမည်နာမ ပေးပိုင်ခွင့်နှင့်စားသုံးခွင့် အာဏာအားလုံးကို အပ်နှင်းခဲ့ပါသည်။ လူသားများ၏ အကျိုးအတွက်သာ တိရစ္ဆာန်များကို ဖန်ဆင်းထားခဲ့ခြင်း ဖြစ်ပါသည်(ကမ္ဘာ ၁း၂၄-၂၅၊ ၂၆)။ တိရစ္ဆာန်များသည် ပိုင်ရှင်ကို ကျေးဇူးတင်ပါသည်ဟု မပြောတတ်ပေ။
ခွေးနှင့်ကြောင်များကို ကျေးဇူးတင်သူများ
ခွေးနှင့်ကြောင်များသည် တိရစ္ဆာန်များ ဖြစ်ပါသည်။ ခွေးနှင့်ကြောင်များကို ကျေးဇူးတင်သူများသည် မိမိသည် လူသားဖြစ်ကြောင်း၊ ခွေးနှင့်ကြောင်သည် တိရစ္ဆာန်ဖြစ်ကြောင်းကို မသိ၍ ဖြစ်ပါသည်။ ထာဝရဘုရား၊ ပါဠိဘာသာအခေါ် နိစ္စဗုဒ္ဓ၊ ထာဝရဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓသည် လူသားများအား တိရစ္ဆာန်များကို အုပ်စိုးခွင့်၊ ပိုင်ဆိုင်ခွင့်၊ ခိုင်းစားခွင့် အာဏာပေးထားကြောင်း မသိ၍ မေးနေခြင်း ဖြစ်သည်ဟု ယူဆရပါသည်။
လူသည် ခွေး၊ ကြောင်၊ နွားစသည့် တိရစ္ဆာန်မှန်သမျှကို ကျေးဇူးတင်ရမည့်သူများ မဟုတ်ပေ။ တိရစ္ဆာန်များကို ဘုရားကဲ့သို့ ကိုးကွယ်နေသည့်သူများသာ တိရစ္ဆာန်များကို ကျေးဇူးတင်ရမည်ဟု ထင်တတ်ကြပါသည်။ ဥပမာ(၁)- လူအချို့သည်နွားကို ကျေးဇူးတင်ရမည်ဟု မှတ်ယူ၍ နွားကို ဘုရားကဲ့သို့ ကိုးကွယ်နေကြောင်း သိရပါသည်။ ဥပမာ(၂)-ခုနှစ်ရက်သားသမီးအချို့သည်လည်း နဂါး၊ ဂဠုန်၊ ကျား၊ ခြင်္သေ့၊ ကြွက်၊ ပူး၊ ဆင် ရုပ်တုတို့ကို ဦးချရှိခိုးနေကြောင်း တွေ့မြင်ရပါသည်။ တိရစ္ဆာန်များကို ကျေးဇူးတင်ခြင်း၊ ဦးချရှိခိုးခြင်းသည် မိစ္ဆာဒိဋ္ဌိဖြစ်ကြောင်း “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဗုဒ္ဓေါ မေ သရဏံ အဉာံနတ္ထိ”က သက်သေထူနေပါသည်။
တိရစ္ဆာန်များသည် ပိုင်ရှင်သခင်ကို ကျေးဇူးတင်ပါသည်ဟု မပြောတတ်ပေ။ ကျေးဇူးရှင် ဖန်ဆင်းရှင် ထာဝရဘုရားကို ကျေးဇူးရှင်မှန်း မသိခြင်းနှင့် ကျေးဇူးမတင်တတ်ခြင်းသည် မိုက်မဲလွန်းရာ ရောက်၍၊ ဦးနှောက်ရှိပြီး အသိစိတ်ကင်းမဲ့သူ ဖြစ်နေပါသည် (တရားဟော ၃၀း၁၄-၁၅)။ ကျေးဇူးရှင်ကို ကျေးဇူး မတင်တတ်သည့် လူသားများလည်း တိရစ္ဆာန်အဆင့်မျှသာရှိသော လူ့တိရစ္ဆာန်များပင် ဖြစ်သည် မဟုတ်လော။ (လေ့လာရန်။ ယောဘ ၇း၇၊ ၁၂း၁၀၊ ၁ ကော ၆း၁၉-၂၀)။
ထာဝရဘုရားကို ကျေးဇူးတင်ရခြင်းအကြောင်းရင်းများ
ကျေးဇူးရှင်ဆိုသည်မှာ အကူအညီလိုအပ်သောသူများကို ကျေးဇူးပြုသူကို ခေါ်ပါသည်။ လူသားအားလုံးကို ကျေးဇူးပြုသည့် ကျေးဇူးရှင်သည် ထာဝရဘုရားဖြစ်ကြောင်း သက်သေပြ၍ ဖြေဆိုလိုပါသည်။ ဗမာစကားမှာ “တလုတ်စားဖူး သူ့ကျေးဇူး”ဟူ၍ ရှိပါသည်။ သူ့ထမင်း တလုတ်စားဖူးလျှင်ပင် သူ့ကိုကျေးဇူးတင်ရန်လိုသည်ဟု သွန်သင်ခြင်း ဖြစ်ပါသည်။
မိခင်သည် မိမိကလေးကို ကိုးလလွယ်၍ ဆယ်လမှာ မွေးဖွားပါသည်၊ နို့တိုက်သည်၊ အစာကျွေးသည်၊ ပြုစုစောင့်ရှောက်သည်။ ထိုသို့ပြုနိုင်ရန် ဖခင်သည်လိုအပ်သောအရာများကို ရှာဖွေရပါသည်။ ကလေးတစ်ဦးသည် မိဘများ၏ကျေးဇူးကို မသိတတ်သော်လည်း သိလာသည့်အချိန်မှာ မိဘများကို ကျေးဇူးတင်ထိုက်သည်ဟု ခံယူလာစမြဲ ဖြစ်ပါသည်။ ကလေးသည် ကြီးလာသည့်အခါ မိခင်ဝမ်း၌ ကိုးလလွယ်ခဲ့ပုံ၊ မွေးဖွားခဲ့ပုံ၊ နို့တိုက်၍ ပြုစုစောင့်ရှောက်ခဲ့ပုံများကို “ငါမသိခဲ့ဘူး”ဟု ငြင်းပယ်၍ရပါသည်။ သူတကယ်မမြင်ခဲ့၍၊ သူတကယ်မသိခဲ့၍ သူပြောသည့်အတိုင်း မှန်ကန်ပါသည်။ သို့သော် သူကြီးပြင်းလာသောအခါ မိခင်နှင့်ဖခင်တို့သည် သူ၏ကျေးဇူးရှင်များဖြစ်ကြောင်း သိလာ၍ မိဘများကို ကျေးဇူးတင်ပါသည်ဟု ပြောသင့်ပါသည်။ ကျေးဇူးမဲ့သည့် စကားကိုပြောပါက သူ့အတွက် အကုသိုလ်ဖြစ်ပါသည်။
ထိုနည်းတူ မည်သည့်လူမျိုးဘဲဖြစ်ဖြစ် လူတိုင်းနှင့်လူမျိုးတိုင်းသည် ထာဝရဘုရားနှင့် ပတ်သက် နေပါသည်။ လူမှန်လျှင် ထာဝရဘုရားကို ကျေးဇူးတင်ရန် တာဝန်ရှိနေပါသည်။ ထာဝရဘုရားကို ကျေးဇူးတင်ရသည့်အကြောင်းများအထဲမှ အချို့ကို ဖေါ်ပြရလျှင်-
- လူသားများသည် ထာဝရဘုရားပိုင်သည့်လေ၊ ရေ၊ ဆန်စပါး၊ အသီးအနှံ၊ ဟင်းသီး ဟင်းရွက်များ၊ သစ်များ၊ အုတ်များ၊ ရေနံ၊သံသတ္တုများကို အခမဲ့အသုံးပြုခွင့်ရနေခြင်း၊
- ထာဝရဘုရားသည် လူသားများ၏အကျိုးအတွက် တစ်ပတ်မှာ တစ်ရက်၊ တစ်နှစ်မှာ (၅၂)ရက် ခံစားခွင့် အပြည့်ဖြင့် အနားယူခွင့် ပေးထားခဲ့ခြင်း (ကမ္ဘာဦး ၁၊၂၊၃)
- ထာဝရဘုရားပိုင်သည့် ကမ္ဘာမြေပေါ်တွင် အခမဲ့နေထိုင်လုပ်ကိုင်စားသောက်ခွင့်ရခြင်း၊
- ထာဝရဘုရားသည် လူသားများ၏ဇီဝအသက်ကို ပေးခဲ့သူ၊ပိုင်ဆိုင်သူနှင့်ရုပ်သိမ်းပိုင်သူ ဖြစ်ခြင်း၊
- ယေရှုခရစ်တော်ကို လက်ခံကိုးကွယ်သူများအတွက် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ပြင်ဆင်ပေးနေသောဘုရားဖြစ်ခြင်း( ရှင်ယောဟန် ၁၄း၁-၅၊ ဗျာဒိတ် ၂၁း၁-၆)။
- တရားများအားလုံးကို တစ်ခုမကျန်၊ လုံအောင်မကျင့်နိုင်သူများ၊ မိမိ၏ကောင်းမှု ကုသိုလ်အလှူဒါနများကို မှတ်တမ်းတင်ပေးမည့်သူ မရှိသည့်သူများ၊ တမလွန်ဘဝ၌ ဘုရားဘုံသို့ သွားနိုင်ရန်အတွက် အာမခံချက် ပေးထားသည့်သူ မရရှိသူများ၊ အပ္ပါယ်ငရဲသို့ ကျရန် သေချာသူများအတွက် ထာဝရဘုရားသည် သခင်ယေရှုခရစ်ကို ဤကမ္ဘာလောကသို့ စေလွတ်ပေးခဲ့ခြင်းနှင့် လူသားများအတွက် အပြစ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ပေးခဲ့ခြင်းတို့ကြောင့် ထာဝရဘုရား (ခေါ်) ယေရှုခရစ်တော်ကို ကျေးဇူးတင်ရခြင်း ဖြစ်ပါသည် (ရောမ ၈း၃၂)။
ကျေးဇူးတော်ပဲ
အထက်ပါအကြောင်းအရာများအတွက် ခရစ်တော်ကို ကိုးကွယ်သူများသည် အရာရာတိုင်းမှာ ထာဝရဘုရား၏ “ကျေးဇူးတော်ပဲ” ဟု ပြောနေခြင်း ဖြစ်ပါသည်။ မိမိအသက်ရှင်နေထိုင်ခွင့်ပေးနေသူသည် ထာဝရဘုရားဖြစ်ကြောင်း မသိသူသည် ထာဝရဘုရားကို ကျေးဇူးတင်ရမှန်း မသိဘဲ၊ ကျေးဇူး ကန်းနေတတ်ကြပါသည်။ ကျေးဇူးရှင်ကို သိအောင်မကြိုးစားဘဲ၊ ကျေးဇူးရှင်ကို ဆန့်ကျင်သူများသည် ကျေးဇူးတရား၌ မရပ်တည်ဘဲ၊ ပညတ်တရား၌ ရပ်တည်နေသောသူများ ဖြစ်ပါသည်။ ပညတ်တရား၌ အသက်ရှင်သူများသည် ပညတ်တစ်ချက်၊ ဥပဒေပုဒ်မတစ်ခု ချိုးဖေါက်မိပါက ၎င်းအတွက် အပြစ်ဒဏ်ခံရမည် ဖြစ်ပါသည် (ဓမ္မရာဇဝင် စတုတ္ထစောင် ၁၉း၁၅၊သုတ္တံ ၃း၂၇၊ ၁၇း၁၃)။
အကယ်၍ ရေအသုံးပြုခ၊ အလင်းရောင်အသုံးပြုခ၊ လေအသုံးပြုခ၊ မြေကြီးကိုအသုံးပြုခ၊ နေရာအသုံးပြုခ၊ အသားငါး၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များစားသောက်ရခြင်းအတွက် နေ့တိုင်း၊ လတိုင်း၊ နှစ်တိုင်း ထာဝရဘုရားကို အခွန်ဆောင်ရမည်ဆိုလျှင် လူသားများသည် ဆင်းရဲဒုက္ခမည်မျှရောက်မည်ကို ခံစားကြည့်နိုင်ပါသည်။ ဤအရာများကို အခမဲ့အသုံးပြုခွင့်ပေးသည့်အတွက် ထာဝရဘုရားကို အထူးကျေးဇူးတင်ရခြင်း ဖြစ်ပါသည်။