မေးခွန်း-(၉)။ သာမန်ထူးချွန်သည့် ပုဂ္ဂိုလ်သည်ပင်လျှင် ထူးချွန်စွာဖြတ်သန်းလာခဲ့ရသည့်၊ ခိုင်လုံသည့် အတ္ထုပ္ပတ္တိ ရှိသည်။ ဘုရားတစ်ဆူဖြစ်ဖို့ အထူးကြိုးစားစွာ ဖြတ်သန်းခဲ့ရသည့် အတ္ထုပ္ပတ္တိ ရှိသင့်သည်၊ ရှိက ဖေါ်ပြပါ။ အေ၊ဘီ၊စီ၊ဒီ၊ မတတ်ဘဲနှင့် တက္ကသိုလ်ဘွဲ့ကိုယူဖို့ မဖြစ်နိုင်ပါ။ အကြောင်းတိုင်းမှာ အကျိုးတရားဆိုတာ ရှိပါသည်။ ဘာအကြောင်းမှ မရှိဘဲ၊ ထာဝရဘုရား ဖန်ဆင်းရှင် အလိုအလျောက် ဖြစ်ပေါ်လာရိုးထုံးစံ ရှိပါသလား။ အခိုင်အမာ ဖြေကြည့်ပါ။

Published on September 18, 2025 by Admin

ဤမေးခွန်းသည် အိုနာသေတတ်သည့် ပုထုစဉ်လူသားများနှင့်နတ်များကို ကိုးကွယ်သည့်သူများ မေးလေ့ရှိသည့် မေးခွန်းတစ်ခု ဖြစ်ပါသည်။ ဒေါက်တာ လာဆစ်ဒူကာသည် ဖန်ဆင်းရှင်နှင့်ဖန်ဆင်းခံခြားနားမှုကို သိရန် လိုပါသည်။ ကွန်ပျူတာ တီထွင်သည့်ပညာရှင်သည် ကွန်ပျူတာပညာကို ကောလိပ်၊တက္ကသိုလ်များတွင် သင်စရာ မလိုအပ်သကဲ့သို့၊ ဖန်ဆင်းရှင်ဘုရားသည်လည်း သူဖန်ဆင်းထားသည့်အရာများကို လေ့လာ သင်ယူရန် မလိုအပ်ကြောင်း တင်ပြလိုပါသည်။

ထာဝရဘုရားနှင့်လူသားကို ပိုင်းခြားနားလည်ခြင်း

 ကမ္ဘာပေါ်၌ အတ္ထုပ္ပတ္တိရှိသူ၊ အိုနာသေတတ်သည့်သူသည် ပုထုစဉ်လူသားစစ်စစ် ဖြစ်ပါသည်။ အတ္ထုပ္ပတ္တိရှိသည့် လူလူချင်းကို ဘုရားကဲ့သို့ ချီးမြှောက် ကိုးကွယ်ခြင်းသည် ပါဠိဘာသာအခေါ် အတ္တဟိ၊ အတ္တနော၊ နာထောနှင့်လည်းကောင်း၊ ဗုဒ္ဓေါ မေ သရဏံ အဉာံနတ္ထိနှင့်လည်းကောင်း ဆန့်ကျင်နေပါသည်။ အတ္ထုပ္ပတ္တိရှိသူလည်း အပြစ်သား၊ ကိုယ်လည်းအပြစ်သား၊ လူလူချင်းအတူတူသာ ဖြစ်ပါသည်။အတ္ထုပ္ပတ္တိရှိ သည့်လူသားမှန်သမျှသည် ဘုရားစစ်ကို ကိုးကွယ်ရမည်။ ပါဠိဘာသာအခေါ်အရ တင်ပြရလျှင် ဗုဒ္ဓစစ်၊ နိစ္စဗုဒ္ဓကိုသာ ကိုးကွယ်ရမည်ဟု သရဏဂုံသုံးပါးက လမ်းညွှန်ပါသည်။

ဤကမ္ဘာပေါ်၌ နေထိုင်၍ တရားကျင့်ကြံအားထုတ်သောသူတိုင်းသည် လူသားများသာ ဖြစ်ပါသည်။ လူသားများသည် ထာဝရဘုရားပြုလုပ်ထားခဲ့သည့်အရာများကို လေ့လာသင်ယူ ဟောပြောနေသည့်သူများသာ ဖြစ်ပါသည်။ စာသင်သောသူများနှင့်တရားကျင့်နေသောသူများကို ဘုရားဟုခေါ်လိုလျှင် သမုတ္တိဘုရားသာ ဖြစ်သည်ဟု နားလည်ရပါမည်။ ထိုသူများသည် တစ်ဆင့်ပြီးတစ်ဆင့် သင်ယူ လေ့လာနေသူများဖြစ်၍ အတ္ထုပ္ပတ္တိရှိသူများ ဖြစ်ပါသည်။ အတ္ထုပ္ပတ္တိရှိသူသည် ဘုရားအစစ် မဟုတ်ကြောင်း လူတိုင်း သိရန်လိုပါသည်။ အတ္ထုပ္ပတ္တိရှိသူကို ဘုရားစစ်၊ ပါဠိအခေါ် ဗုဒ္ဓစစ်ဟု ယူဆလျှင် မိစ္ဆာဒိဋ္ဌိ ဖြစ်ပါသည်။ အတ္ထုပ္ပတ္တိရှိသူများကို မာရ်ငါးပါးဖြင့် ဘုရားစစ်၊ မစစ် စစ်ဆေးကြည့်လျှင် မာရ်ငါးပါးကို အောင်မြင်သောသူ တစ်ဦးမျှ မရှိကြောင်း သိရမည် ဖြစ်ပါသည်။ 

ထာဝရဘုရား၊ ပါဠိအခေါ်  နိစ္စဗုဒ္ဓ၊ ထာဝရဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓသည် ဘုရားဘုံ၌သာ နေထိုင်သူ ဖြစ်ပါသည်။ ဘုရားဘုံသည် ကမ္ဘာမြေကြီး၏အထက်အရပ်၊ အမြင့်ဆုံးကောင်းကင်အရပ်၌ တည်ရှိကြောင်း နားလည်ရပါသည်။ ထာဝရဘုရားသည် ဤကမ္ဘာလောက၌ နေထိုင်သူ မဟုတ်သကဲ့သို့၊ အိုနာသေ တတ်သောဘုရားလည်း မဟုတ်ပေ။ နာမ်ဝိညာဉ်ခန္ဓာဖြင့် အစဉ်အသက်ရှင်နေသူ ဖြစ်ပါသည်။ ထာဝရဘုရား၏အတ္ထုပ္ပတ္တိသည် ဤလောက၌ မရှိပေ။

ဒေါက်တာ လာဆစ်ဒူကာလိုချင်သည့်အဖြေမှာ- ယေရှုခရစ်တော်သည် အတ္ထုပ္ပတ္တိ ရှိရမည်ဟု ဆိုလိုခြင်း ဖြစ်သည်ဟု နားလည်ရပါသည်။ ယေရှုခရစ်တော်သည် လောကီပညာများနှင့် လူ့ဘာသာတရားများကျင့်ကြံ၍ ဘုရားဖြစ်လာသူ မဟုတ်ပေ။ ဘုရားဘုံမှ လူ့ဘုံသို့ ကြွဆင်းလာခဲ့သည့်ဘုရား ဖြစ်ပါသည်။ ယေရှုခရစ်တော်သည် “ကယ်မည့်ဘုရားအပျိုသား”ဟု ဗျာဒိတ်သဘောင်ရှိသည့်အတိုင်း အပျိုကညာဝမ်းတွင် ဘုရား၏တန်ခိုးတော်အားဖြင့် ပဋိသန္ဓေတည်၍ လူ့ဇာတိခံယူလာခဲ့သော ကယ်တင်ရှင်ဘုရား ဖြစ်ပါသည် (ရှင်မဿဲ ၁း၁၈-၂၁)။

ထာဝရဘုရား၏အတ္ထုပ္ပတ္တိ

ထာဝရဘုရားသည် ဖန်ဆင်းရှင်ဘုရား ဖြစ်သည်။ ထာဝရဘုရားသည် ဖန်ဆင်းခံလူသားတစ်ဦး မဟုတ်သောကြောင့် အကြောင်းနှင့်အကျိုးဟူ၍ မရှိပေ။ လူသားများကဲ့သို့ ကြိုးစားကျင့်ကြံ အားထုတ်ရသည့် အတ္ထုပ္ပတ္တိလည်း မရှိပေ။ ထာဝရဘုရားသခင်၏အစကို ရှာခြင်းသည် ကြက်ဥတစ်လုံး၏အစအဆုံးကို လိုက်ရှာခြင်းနှင့် အတူတူပင် ဖြစ်ပါသည်။ ဖန်ဆင်းခံဖြစ်သည့် နတ်ဒေဝများ၏ အတ္ထုပ္ပတ္တိကိုပင် မရေးနိုင်လျှင် ထာဝရဘုရား၏အတ္ထုပ္ပတ္တိကို ရေးရန်နှင့် ရှာရန်မှာ မဖြစ်နိုင်ပေ။ 

 အကယ်၍ ဖန်ဆင်းရှင်ထာဝရဘုရား၏အတ္ထုပ္ပတ္တိကို အတိအကျသိလိုလျှင် သင်၏အတွင်းလူ (အစ္ဇျတ္တ) နာမ်ဝိညာဉ်၏အတ္ထုပ္ပတ္တိကို ဦးစွာ ရေးရန် လိုအပ်ပါလိမ့်မည်။ မိမိ၏နာမ်ဝိညာဉ်အတ္ထုပ္ပတ္တိကို သက်သေအထောက်အထားနှင့်တကွ ခိုင်လုံစွာ ရေးနိုင်ခဲ့လျှင် ထာဝရဘုရား၏အတ္ထုပ္ပတ္တိကို ရေးရန် ထပ်ပြီး စဉ်းစား နိုင်ပါလိမ့်မည်။ 

ယေရှုခရစ်တော်သည် ဖန်ဆင်းရှင်ဘုရားလည်း ဖြစ်သည်(ရှင်ယောဟန် ၁း၁-၃၊ ၁၀း၃၀)။ သူသည် သမ္မာတရားလည်း ဖြစ်သည်။ ဘုရားဖြစ်ရန် ကြိုးစားခဲ့သူ၊ တရားများကိုကျင့်ကြံခဲ့သူ၊ မိဘနှစ်ပါး မေထုန် သံဝါသပြုခြင်းအားဖြင့် သန္ဓေတည်ရှိပြီး လူသားဖြစ်လာခဲ့သူ မဟုတ်ပေ။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အပျိုကညာဝမ်း၌ ပဋိသန္ဓေတည်ကာ မွေးဖွားလာခဲ့သူ ဖြစ်ပါသည်။ ကောင်းကင်တမန် ဂါဗြေလသည် ထိုသူငယ်ကို “ယေရှု” ဟု နာမည်ပေးရန် မိန့်မှာခဲ့ပါသည် (ရှင်လုကာ ၁း၃၀)။ ယေရှု၏အဓိပ္ပါယ်မှာ မိမိလူများကို အပြစ်မှကယ်ချွတ်မည့်သူ “ကယ်တင်ရှင်” ဖြစ်သည်(ရှင်မဿဲ ၁း၁၈-၂၁)။ ထိုယေရှုကို ဟီဗရူးလို မေရှိယ၊ ဂရိလို ခရစ်တော်ဟု ခေါ်ပါသည်။ အဓိပ္ပါယ်မှာ “ဘုရားဘုံမှလူ့ဘုံသို့ ကြွလာရန် ဘိသိက်ပေးခြင်းခံရသူ” ဟု အဓိပ္ပါယ်ရှိပါသည်။ 

အချုပ်ဆိုရသော် ထာဝရဘုရားကို လူသားတစ်ဦးနှင့်နှိုင်းယှဉ်ပြီး စဉ်စား၍ မရနိုင်ပါ။ လူသားများ၏ ပညာသင်ယူခြင်းနှင့် ကြိုးစားကျင့်ကြံခြင်းအားဖြင့် ဘုရားစစ်၊ ပါဠိအခေါ် ဗုဒ္ဓစစ်ဖြစ်သွားခဲ့သူ တစ်ဦးတစ်လေရှိလျှင် နာမည်နှင့်တကွ ဖေါ်ပြရန်လိုပါသည်။ ဘုရားစစ်၊ ပါဠိအခေါ် ဗုဒ္ဓစစ်သည် မာရ်ငါးပါးကို တစ်ပါးမကျန်အောင်သူ ဖြစ်ရမည်။

ထာဝရဘုရားသည် နာမ်ဝိညာဉ်တော်ဖြင့် စိတ်သွားတိုင်း အလိုရှိရာကို သွားလာနိုင်သော အဖြစ်တော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့်အစဉ်ထာဝရ အသက်ရှင်သောဘုရား၊ ပါဠိအခေါ် နိစ္စဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ ထာဝရဗုဒ္ဓ ဖြစ်ပါသည်။ လူမျိုးတိုင်း၊ နိုင်ငံတိုင်း ကိုးကွယ်ရမည့် တစ်ဆူတည်းသောဘုရား၊ ပါဠိအခေါ် ဧကောဗုဒ္ဓေါ၊  “ဗုဒ္ဓေါ၊ ဓမ္မော၊သံဃော” ဖြစ်ကြောင်း နားလည်ရပါသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>