မေးခွန်းနံပါတ် (၈)၌ အရာရာတိုင်းတွင် ဘုရားသခင်၏ အလိုတော်အတိုင်းဆိုပါက မုဒိမ်းကျင့်၊ စော်ကား ခံရသည့် အမျိုးသမီးတစ်ဦးသည် သင်ကိုယ်တိုင်ဖြစ်ခဲ့လျှင် ဖန်ဆင်းရှင်ကို မည်သို့တုန့်ပြန်မည်နည်းဆိုသည့် မေးခွန်း၏အဖြေ-
အရာရာတိုင်းတွင် ဘုရားသခင်၏ အလိုတော်အတိုင်းဖြစ်သည်ဟု ပြောရခြင်းမှာ အရာရာတိုင်းသည် ထာဝရဘုရား၏အုပ်စိုးမှု၊ ထိန်းချုပ်မှု အောက်၌သာ လည်ပတ်လှုပ်ရှားလျှက် ရှိနေပါသည်။ ကောင်းကင်နှင့် မြေကြီး၊ ပင်လယ်သမုဒ္ဒရာ၊ လူနှင့်နတ်၊ လူ့ဘုံ၊ ငရဲဘုံ၊ နိဗ္ဗာန်ဘုံကို ပြုလုပ်သူနှင့် အုပ်စိုးသူသည် ထာဝရဘုရား ဖြစ်သောကြောင့် ဖြစ်သည်။
မုဒိမ်းကျင့်ခြင်းအမှု
မုဒိမ်းကျင့်ခြင်းကဲ့သို့သော ဒုစရိုက်သည် ဘုရားကိုဆန့်ကျင်သော မာရ်နတ်သားများ၏ လုပ်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ ကမ္ဘာဖျက်မိုးရွာသွန်းခဲ့သော နောဧခေတ်ကာလတွင် လူသားများသည် မိန်းမ အချင်းချင်းနှင့် ယောက်ျား အချင်းချင်း လိင်တူဆက်ဆံခဲ့ခြင်း၊ မုဒိမ်းကျင့်ခဲ့ခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့ပါသည်။ ထို့ကြောင့် ထာဝရဘုရားသည် ကမ္ဘာကြီးနှင့်တကွ လူသားများနှင့် တိရစ္ဆာန်များကို ရေလွှမ်းမိုးခြင်းအားဖြင့် ဖျက်ဆီးခဲ့ပါသည် (ကမ္ဘာဦးကျမ်း ၇း၂၁-၂၃)။
တဖန် သောဒုံ(Sodom)မြို့နှင့် ဂေါမောရ(Gomorrah)မြို့ရှိ လူ့အဖွဲ့အစည်းများသည်လည်း တိရစ္ဆာန်များကဲ့သို့ ကျင့်ကြံပြုမူခဲ့ကြပါသည်(ရှင်မဿဲ ၁၀း၁၅)။ သူ့မိန်းမ၊ ကိုယ့်မိန်းမမခွဲခြားဘဲ လိင်ဆက်ဆံခဲ့ခြင်း၊ လိင်တူဆက်ဆံခြင်း၊ သေရည်သေရက်သောက်ပြီး မူးရူးကာ ထာဝရဘုရားကို စော်ကား မော်ကားလုပ်ကာ ရှုတ်ချ ခဲ့ကြပါသည်။ ထို့ကြောင့် သောဒုံမြို့နှင့်ဂေါမောရမြို့၊ ၎င်းမြို့တို့တွင် နေထိုင်သော မြို့သူမြို့သားအားလုံးကိုလည်း ကောင်းကင်မှ မီးမိုးရွာစေပြီး ဖျက်ဆီး သုတ်သင်ခဲ့ပါသည်။
ခရစ်တော်ဒုတိယအကြိမ်ပြန်ကြွလာမည့်အချိန်၌လည်း ကမ္ဘာလူသားများသည် နောဧခေတ်ကဲ့သို့ ပြုမူကျင့်ကြံလိမ့်မည်ဟု ဗျာဒိတ်ပြုထားခဲ့ပါသည် (ရှင်မဿဲ ၂၄း၃၆-၄၄)။ ထိုသူများကို ကန့်နှင့်လောင်သော ငရဲမီးအိုင်သို့ ပစ်ချခြင်းခံရမည်ဟု စီရင်ချက်ချထားခဲ့ပြီး ဖြစ်ပါသည် (ဗျာဒိတ် ၂၁း၈)။
မုဒိမ်းကျင့်သူများကို အပြစ်ပေးရန် တာဝန်
ထာဝရဘုရားသည် ၎င်း၏ကိုယ်စား အစိုးရတစ်ရပ်ကို ဤကမ္ဘာပေါ်၌ထားခဲ့ပါသည် (ရောမသြဝါဒ ၁၃း၁-၃)။ ထို့ကြောင့် အစိုးရတိုင်း၏တာဝန်သည်ထာဝရဘုရား၏အမှုထမ်းဖြစ်ပြီး ဒုစရိုက်သမား၊ လူဆိုးများကို အပြစ်ပေးရန်နှင့် လူကောင်းများကို ချီးမြှောက်ရန် ဖြစ်ပါသည်။ မုဒိမ်းကျင့်သူကို ထိုက်တန်သည့် အပြစ်ပေးရန်နှင့် မုဒိမ်းကျင့်ခြင်းခံရသည့်သူကို ကူညီမစရန် တာဝန်ရှိပါသည်(ရော ၁၃း၁-၄)။ အပြစ်ရှိသူကို အပြစ်မပေးခြင်း၊ အပြစ်မရှိသော သူများကို နည်းမျိုးစုံဖြင့် အပြစ်ရှာ၍ အပြစ်ပေးခြင်းသည် ထာဝရဘုရား စက်ဆုပ် ရွံရှာသောအမှုထမ်းဖြစ်ပါသည်။
ထာဝရဘုရားသည် တစ်လင် တစ်မယားစနစ်ကို လူသားများအတွက် ဖန်ဆင်းပေးထားခဲ့ပါသည် (ကမ္ဘာဦး ၂း၁၈)။ “အိမ်ထောင်ဦးဘုရားတည်”ဟု ပြောနေခြင်းမှာ ကမ္ဘာဦးလူသားနှစ်ဦး၏အိမ်ထောင်ကို ဘုရားတည်ထောင်ထားခဲ့ခြင်းကို ရည်ညွှန်းသည်ဟု နားလည်ရပါသည်။ အိမ်ဦးခန်းတွင် ဘုရားစင်ထားခြင်းကို ဆိုလိုခြင်း မဟုတ်ကြောင်း သိရှိနားလည်ရပါသည်။ အကြောင်းမှာ ဘုရားစစ်၊ဘုရားမှန်သည် စင်ပေါ်၌ နေသောဘုရားမဟုတ်၊ နှလုံးသား၌တည်နေသောဘုရားဖြစ်ခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် မုဒိန်းကျင့်ခြင်းသည် ထာဝရဘုရား၏လမ်းစဉ်မဟုတ်ပေ။ တစ်လင်တစ်မယားစနစ်သာ ထာဝရဘုရား၏လမ်းစဉ် ဖြစ်ပါသည်။