ခရစ်ယာန်ဘာသာဆိုသည်မှာ ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ရှင်ဘုရားသခင်အဖြစ် ယုံကြည်သော သူများကို အခြားသူများက ခေါ်ဝေါ်သမုတ်သော အသုံးအနှုန်း ဖြစ်ပါသည်။ အမှန်စင်စစ်မှာ ခရစ်ယာန်ဘာသာ မဟုတ်ဘဲ၊ “ခရစ်တော်၏ဘာသာ” ဖြစ်ပါသည်(ဟေဗြဲ ၆း၁)။ ခရစ်တော်သည် ထာဝရဘုရား၊ ဖန်ဆင်းရှင်ဘုရား၊ အစနှင့်အဆုံး၊ ပါဠိအခေါ် ဧကောဗုဒ္ဓေါ၊ တစ်ဆူတည်းသောဘုရားဖြစ်ကြောင်း ရှင်ယောဟန်ခရစ်ဝင် ၁း၁-၃၊၁၄၊ ဟေဗြဲ ၁၃း၈၊ ဗျာဒိတ် ၂၂း၁၃တွင် ဖေါ်ပြထားခဲ့ပါသည်။ ထို့ကြောင့် ခရစ်တော်၏ဘာသာသည် ထာဝရဘုရားသခင်၏ဘာသာ ဖြစ်ပါသည်။ ပါဠိအခေါ် ထာဝရဗုဒ္ဓ၊ နိစ္စဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ ဗုဒ္ဓရာဇာ၏ဘာသာ ဖြစ်သည်ဟု နားလည်ရပါသည်။ အာရေဗီဘာသာအခေါ်လို တင်ပြရရင် အာလ္လာ (Allah)၏ဘာသာ ဖြစ်သည်ဟု နားလည်ရပါသည်။
ခရစ်တော်၏ဘာသာတွင် ရှေးဘဝ၊ နောင်ဘဝရှိပါသလားဆိုသည့်မေးခွန်း၏အဖြေမှန်ကို ပေးနိုင်ရန်အတွက် လူစတင် ဖြစ်ပေါ်လာခဲ့ခြင်း သမိုင်းအမှန်ကို သိရမည်။
ဘာသာနှစ်မျိုး (Two kinds of Religions)
ဤကမ္ဘာပေါ်တွင် အဓိကအားဖြင့် ဘာသာနှစ်မျိုးသာ ရှိပါသည်။ ၎င်းတို့မှာ ထာဝရဘုရားသခင်၏ ဘာသာနှင့် လူသားများ ဖန်တီးသည့်လူ့ဘာသာတို့ ဖြစ်ပါသည်။
ထာဝရဘုရားသခင်၏ဘာသာသည် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ “ထာဝရဘုရားမှအပ အခြားဘုရားများကို မကိုးကွယ်ရ” ဟု သွန်သင်သကဲ့သို့(ထွက်မြောက်ရ ၂၀း၄)၊ ပါဠိဘာသာလို “ဗုဒ္ဓေါ မေ သရဏံ အဉာံနတ္ထိ”ဟု သွန်သင်ပါသည်။ အခြားဘုရားများဟုဆိုရာတွင် လူသားများဖန်တီးသော လောကဘုရားများ၊ ပါဠိအခေါ် အနိစ္စဗုဒ္ဓများ၊ သင်္ခါရဗုဒ္ဓများကို ဆိုလိုကြောင်း နားလည်ရပါသည်။ ထို့ကြောင့် ခရစ်ယာန်များသည် ထာဝရဘုရားဖြစ်သော “ခရစ်တော်ဘုရား”ကိုသာ ကိုးကွယ်ကြပါသည်။ခရစ်ယာန်ဘာသာကို ကိုးကွယ်ခြင်း လုံးဝ(လုံးဝ) မဟုတ်ပေ။ သို့သော် ခရစ်ယာန်များအထဲမှ ဂိုဏ်းဂဏအသင်းဝင်အချို့သည် ခရစ်တော်ကို ဗဟိုမပြုဘဲ၊ ခရစ်တော်၏သွန်သင်မှုကို လျစ်လျူရှုပြီး၊ ဝစီကံ (နှုတ်) အားဖြင့်ခရစ်တော်ဟုပြောနေသော်လည်း လက်တွေ့မှာ သူတို့၏ဂိုဏ်းချုပ်များ၊ သင်းအုပ်ဆရာများနှင့် ဂိုဏ်းဂဏများ၏အယူဝါဒ စည်းမျဉ်းများကိုသာ အဓိကဗဟိုပြုနေကြပါသည်။ ထာဝရဘုရားသည် ခရစ်ယာန်ဘာသာကို မကိုးကွယ်စေဘဲ၊ ခရစ်တော်ကိုသာ ကိုးကွယ်ရန် အမိန့်တော်ချမှတ်ခဲ့ပါသည် (ရှင်ယောဟန် ၁၄း၆)။
လူသားများဖန်တီးသည့်လူ့ဘာသာတရားများတွင် အချို့သည် နတ်များကို ဘုရားကဲ့သို့ ကိုးကွယ်နေသကဲ့သို့၊ အချို့သည် လူများဖြစ်သည့် ရှင်ဘုရင်များ၊ ဘာသာရေးဆရာများကို ဘုရားကဲ့သို့ ကိုးကွယ် နေကြပါသည်။ အချို့သည် လူလက်ဖြင့်ပြုလုပ်သည့် အရာဝတ္ထုပစ္စည်းများကို ဘုရားကဲ့သို့ သတ်မှတ်ပြီး ကိုးကွယ်နေကြပါသည်။ အချို့သည် တိရစ္ဆာန်များကို ဘုရားကဲ့သို့ ကိုးကွယ်နေကြပါသည်။ အချို့သည် သဘာဝမှာ ရှိနေသည့် နေ၊ လ၊ ကြယ်၊ ဂြိုလ်၊ ရေ၊ မီး၊ သစ်ပင်၊ ပန်းပင်၊ ညောင်ပင်၊ ကျောက်ဆောင်၊ ကျောက်တုံး၊ တောတောင်များကို ဘုရားကဲ့သို့ ကိုးကွယ်နေကြပါသည်။ အချို့သည် ဘာသာတရား တစ်ခုခုအောက်မှာ ခိုလှုံနေခြင်းကို ဘုရားကိုးကွယ်သည်ဟု ထင်တတ်ကြပါသည်။ အချို့က အတ္တဟိ၊ အတ္တနော၊ နာထောဆိုပြီး ဘုရားကို အယုံအကြည်မရှိဘဲ မိမိကိုယ်ကို ကိုးကွယ်နေကြပါသည်။ အချို့သည် သေသွားခဲ့သည့် မိဘများ၏ဝိညာဉ်များ၊ သူရဲကောင်းများ၏ဝိညာဉ်များ၊ အသေဆိုးနှင့်သေသွားခဲ့သည့် သူများ၏ ဝိညာဉ်များကို ဘုရားကဲ့သို့ ကိုးကွယ်နေကြပါသည်။ အချို့က သူများယောင်လို့ ယောင်နေသူများ၊ “အုတ်ရောရော၊ ကျောက်ရောရော” လုပ်နေသူများလည်း ရှိပါသည်။
လူတစ်ဦး၏ ရှေးဘဝဆိုတာ တကယ်ရှိပါသလား။
လူတစ်ဦး၏ရှေးဘဝဟူသည် လုံးဝမရှိကြောင်း သက်သေပြလိုပါသည်။ အချို့က “သူသည် ရှေးဘဝ ကုသိုလ်ကောင်းမှုကြောင့် ဒီဘဝမှာ ကောင်းစားသည်” သို့မဟုတ် “ရှေးဘဝမှာ ဘာလုပ်ခဲ့မှန်းမသိ” ဟု ပြောတတ်ကြပါသည်။ လူတစ်ဦး၏ရှေးဘဝဟူသည် သန္ဓေသားဘဝကို ဆိုလိုသလား၊ နို့စို့ကလေးဘဝကို ဆိုလိုသလား၊ မူကြိုဘဝ၊ မူလတန်းကျောင်းသားဘဝ၊ အလယ်တန်း ကျောင်းသားဘဝ၊ အထက်တန်း ကျောင်းသားဘဝကို ဆိုလိုသလား၊ မည်သည့်ဘဝကို ဆိုလိုနေပါသနည်း။
ယခုဖေါ်ပြသည့် ဘဝများကို မရည်ညွှန်းဘဲ ရှေးဘဝဟူသည်မှာ မည်သည့်ဘဝကို ရည်ညွှန်းနေပါသနည်း။ လူတိုင်းနှင့်မိသားစုတိုင်းသည် အမှန်တရားကို သေချာသိသည်အထိ နားလည် သဘောပေါက်ရန် လိုအပ်ပါသည်။ သေချာမဆင်ခြင်ဘဲ မိစ္ဆာဒိဋ္ဌိဆရာများ ဟောပြောသည့်အတိုင်း လိုက်ယုံပြီး၊ လိုက်လုပ်နေပါက သူလည်းငရဲကျ၊ ကိုယ်လည်းငရဲကျရုံသာ ရှိပါတော့သည်။
လူဆိုသည်မှာ မိခင်၏မွေးဖွားခြင်းကြောင့် လူဖြစ်လာခြင်း ဖြစ်ပါသည်။ မိခင်မရှိမီ သားသမီးများ ရှိခဲ့သည်ဟု ယုံကြည်ခြင်းသည် သဘာဝတရား၌ မရှိသည့်အရာကို ယုံကြည်ခြင်း ဖြစ်ပါသည်။ အမှားကို အမှန်ဟု ယုံကြည်ခြင်း ဖြစ်ပါသည်။ ပါဠိအခေါ် မိစ္ဆာဒိဌိယုံကြည်ခြင်း (အယူ) ဖြစ်သည်။ လူတစ်ဦးအတွက် ရှေးဘဝရှိသည်ဟု ယုံကြည်သူများသည် မိဘများမရှိမီ ငါရှိခဲ့ပါသည်၊ ဘိုးဘွားများ မရှိမီ ငါရှိခဲ့ပါသည်ဟု ယုံကြည်ခြင်း ဖြစ်ပါသည်။ အကယ်၍ မိဘများ မရှိမီ သားသမီးများ ရှိခဲ့သည်ဟုဆိုလျှင် မည်သူ ရှိခဲ့ပါသနည်း၊ မည်သူ ရှိနေပါသနည်း။ မည်သည့်နိုင်ငံ၊ မည်သည့်ဒေသမှာ မည်သည့်လူမျိုးမှ မည်သူရှိခဲ့၍ ဤဘဝမှာမည်သူ ဖြစ်လာခဲ့သည့် အကြောင်းကို နာမည်၊ လိပ်စာနှင့်တကွ တိကျမှန်ကန် ခိုင်လုံသည့် သက်သေပြရန် လိုအပ်ပါသည်။ မြန်မာနိုင်ငံလည်း ဘယ်နှစ်ဦးရှိခဲ့ပါသနည်း သို့မဟုတ် ရှိနေပါသနည်း သုတေသနပြု၍ စာရင်းကောက်ယူရန် လိုအပ်ပါသည်။ ယခုထိ မရှိသေးပါက ထိုယုံကြည်ခြင်းသည် မိစ္ဆာဒိဌိ ယုံကြည်ခြင်းလား၊ သမ္မာဒိဌိယုံကြည်ခြင်းလားဆိုတာကို ပြန်လည်စစ်ဆေးသင့်ပါသည်ဟု တင်ပြလိုပါသည်။
ရှေးဘဝကုသိုလ်ကံကြောင့်
ရှေးဘဝကုသိုလ်ကံကြောင့် ယခုဘဝမှာ ချမ်းသာသည်၊ သို့မဟုတ် ဆင်းရဲသည်ဟု ယုံကြည်ခြင်းသည် ဘိုးဘွားများနှင့်မိဘများ မရှိမီနှင့်အလုပ်မလုပ်မီ ငါရှိခဲ့သည်၊ ငါအလုပ်လုပ်ခဲ့သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ အကြောင်းရင်းမှာ ကံသည် အလုပ်လုပ်ခြင်းကို ခေါ်ပါသည်။ လူတစ်ဦး၏ကံအကြောင်းကို လေ့လာသည့်အခါ သန္ဓေသားဘဝ၊ ကလေးဘဝမှာ အလုပ်လုပ်နိုင်ခြင်း မရှိပေ။ မူကြိုဘဝ၊ မူလတန်းဘဝ၊ အလယ်တန်း ကျောင်းသားဘဝ၊ အထက်တန်းကျောင်းသား ဘဝမှာလည်း သဘာဝအားဖြင့် ကောင်းမှုကုသိုလ် ပြုလုပ်နိုင်ခြင်း မရှိနိုင်ပေ။ ထိုအရွယ်သည် ပညာရှာနေသည့်အရွယ်၊ မိဘများပြုစုကျွေးမွေးနေသည့်ကာလ ဖြစ်ပါသည်။ သားသမီးများ ကောင်းစားခြင်းသည် (က)။ ဘိုးဘေးများ၊ မိဘများ၏ အလုပ်(ကံ)ကြောင့်လည်း ပါနေသကဲ့သို့၊ ထိုသားသမီးများ၏လုပ်ဆောင်မှု အလုပ်(ကံ)ကြောင့်လည်း ပါနေကြောင်း သိရပါသည်။
ရှေးဘဝကောင်းမှုကုသိုလ်ကံကြောင့် ယခုဘဝမှာ ကောင်းစားသည်၊ ဆင်းရဲသည်၊ ချမ်းသားသည်၊ အရာရှိကြီးဖြစ်သည်ဟု ယုံကြည်သူများသည် သူတို့၏ယုံကြည်ခြင်းကို အခြားသူများကိုလည်း ထပ်ဆင့် သွန်သင်နေကြပါသည်။ ထိုသို့ ယုံကြည်၍ သွန်သင်လာခဲ့ခြင်းမှာ သိဒ္ဓတ္ထဂေါတမသည် လူ့ဘဝသို့ မရောက်လာမီ နှစ်ပေါင်းလေး အသင်္ချေနှင့်ကမ္ဘာတစ်သိန်း တရားကျင့်ကြံခဲ့သည်ဟု ရေးသားထားခဲ့သည့်အချက်ကြောင့် ဖြစ်သည်ဟု ယူဆရပါသည်။ ထို့ကြောင့် သိဒ္ဓတ္ထဂေါတမသည် ရှေးဘဝအကြောင်းကို သွန်သင်ခဲ့ပါသလား။ သိဒ္ဓတ္ထဂေါတမက၊ ငါသည် လူမဖြစ်မှီ ဘဝပေါင်း အဖန် ၅၅၀ ကျင်လည်ခဲ့သည်ဟု သွန်သင်ခဲ့ပါသလား ဆိုသည့်အချက်ကို သိရန်လိုအပ်ပါသည်။ သိဒ္ဓတ္ထဂေါတမသည် လူ့ဘဝအဖြစ်သို့ မရောက်လာမီ အမှန်ပင် ကျွဲဘဝ၊ ကျားဘဝ၊ ကြိုးကြာဘဝ၊ ကြက်ဘဝ၊ ခါဘဝ၊ ခိုမင်းဘဝ၊ ချေဘဝ၊ ငုံးဘဝ၊ မျောက်မင်းဘဝ၊ ဒေါင်းမင်းဘဝ၊ မိကျောင်းဘဝ၊ ဆင်ဘဝ၊ ဝက်ဘဝ၊ နွားဘဝ၊ သမင်ဘဝ၊ ဖွတ်ဘဝ စသည်ဖြင့် တိရစ္ဆာန်များ ဖြစ်ခဲ့လေသလား။ တိရစ္ဆာန် တစ်မျိုးပြီးမှတစ်မျိုး ပြောင်းလဲနေခဲ့သလားဟု မေးစရာရှိနေပါသည်။ ထိုသို့ တိရစ္ဆာန်လောက၌ တိရစ္ဆာန်တစ်မျိုးမှ အခြားတစ်မျိုးသို့ ပြောင်းနေခဲ့သည်မှာ ဘဝပေါင်း ၅၅၀ သံသရာလည်ခဲ့သည်ဟု သွန်သင်ခဲ့ခြင်းသည် မှန်ကန်ပါက သိဒ္ဓတ္ထဂေါတမသည် မည်သည့် တိရစ္ဆာန်မှ သိဒ္ဓတ္ထဂေါတမဘဝသို့ ရောက်ရှိ လာခဲ့ပါသနည်းဟု မေးစရာရှိနေပါသည်။
ကမ္ဘာပေါ်မှာ လူသားဘဝမှ တိရစ္ဆာန်အဖြစ်ပြောင်းသွားခဲ့သည့်လူမျိုး ဘယ်နှစ်မျိုး ရှိပါသနည်း။ တိရစ္ဆာန်များမှ လူသားဖြစ်လာခဲ့သည့်လူမျိုး ဘယ်နှစ်မျိုး ရှိနေပါသနည်း။ မည်သည့်နိုင်ငံ၊ မည်သည့်အရပ်၌ လူဦးရေမည်မျှရှိသည်ကို သက်သေပြရန် လိုအပ်နေပါသည်။ လူသည် မျောက်မှ ဆင်းသက်လာခဲ့သည်ဟု ရေးသားဆွေးနွေးခဲ့ကြဖူးပါသည်။ တိရစ္ဆာန်ဖြစ်သည့်မျောက်များမှ လူသားများစတင်ဖြစ်လာခဲ့သည်ဟု သွန်သင်ခဲ့သည့် Charles Dawin နှင့်ဘုရားမဲ့သိပ္ပံပညာရှင်များ၊ သူတို့၏နောက်လိုက်သူများနှင့် ထိုသို့ ယုံကြည်သူများသည် အရှက်တကွဲ ကြုံတွေ့ခဲ့ဖူးပါသည်။
တိရစ္ဆာန်များ၏ မျိုးရိုးဗီဇ (DNA)သည် လူသားမျိုးနွယ်၏မျိုးရိုးဗီဇ(DNA)နှင့်တူပါသလား၊ မတူလျှင် တိရစ္ဆာန်များသည် မည်ကဲ့သို့ လူဖြစ်လာခဲ့ပါသနည်း၊ သက်သေပြရန် လိုအပ်ပါသည်။ သိဒ္ဓတ္ထဂေါတမ၏ လမ်းညွှန်ချက်မှာ မည်သူပင် ဟောပါစေ၊ မယုံလေနှင့်။ မိမိကိုယ်တိုင် တရားများကို လေ့လာစီစစ်ပြီးမှ အမှားနှင့်အမှန်ကို ယုံပါဟု မှာခဲ့ပါသည်။ယုတ္တိရှိ၊ မရှိ၊ သဘာဝတရားနှင့်ဆန့်ကျင်ခြင်း ရှိ၊ မရှိ လေ့လာရန် လိုအပ်နေပါသည်။ သိဒ္ဓတ္ထဂေါတမသည် သူဟောသည့်တရားများကိုလည်း အယုံမလွယ်နှင့်၊ စီစစ်ပြီး မှန်ကန်မှ ယုံပါဟု သွန်သင်ခဲ့ပါသည်။
နောင်ဘဝရှိပါသလား
နောင်ဘဝဆိုသည်မှာ သေခြင်း၏တဖက်ကမ်းမှာရှိသည့် ဘုရားဘုံနှင့်ငရဲဘုံတို့၌ရှိသောဘဝကို ခေါ်ခြင်း ဖြစ်ပါသည်။ ထိုဘုံများကို ယေရှုခရစ်တော်ဘုရားက မာရ်နတ်နှင့်မိစ္ဆာပရောဖက်များအတွက် ပြင်ဆင်ထားခဲ့ပါသည် ။ ထာဝရဘုရားသည် ယေရှုခရစ်တော်ကို ဘုရားဘုံမှလူ့ဘုံကို ကယ်တင်ရှင် (ခေါ်) ဘုရားသခင်၏သားတော်အဖြစ် စေလွတ်ခဲ့ပါသည်။ ယေရှုခရစ်တော်ကို ကိုးကွယ်သူများအတွက် ဘုရားဘုံ (ကောင်းကင်သစ်နှင့်မြေကြီးသစ်(ကို လည်းကောင်း၊ မာရ်နတ်နှင့် သူ့နောက်လိုက်သူများအတွက် ငရဲဘုံကိုလည်းကောင်း ပြင်ဆင်ပြီး ဖြစ်ပါသည် (ဗျာဒိတ်ကျမ်း ၂၀း၁၀-၁၅၊ ၂၁း၈၊ ရှင်ယောဟန် ၁၄း၆)။ မာရ်နတ်သည် လူလိမ်၊ လူညာသူများ၏ဖခင် ဖြစ်ပါသည်။ မာရ်နတ်သည် ကမ္ဘာဦး လူသားနှစ်ဦးကို လိမ်ညာလှည့်ဖြားခဲ့သူ ဖြစ်သည်။ ယေရှုခရစ်သည် ဘုရားဘုံနှင့်ငရဲဘုံကို အုပ်စိုးနေသည် (ဗျာဒိတ် ၁း၁၈)။ ဘာသာတရားတိုင်းသည် နောင်ဘဝရှိကြောင်း ယုံကြည်၍ သွန်သင်နေကြသော်လည်း တမလွန်ဘဝမှာ ငရဲပြည်နှင့်နိဗ္ဗာန်ဘုံကို မည်သူသည် မည်သူ့အတွက်ပြုလုပ်ခဲ့၍ မည်သူအုပ်စိုးနေသည်ကိုမူ သိချင်လိုစိတ်မရှိကြပေ။ ယေရှုခရစ်တော်သည် ဘုရားဘုံနှင့်ငရဲဘုံကို အုပ်စိုးသူဖြစ်ကြောင်း သိသူ နည်းလှပါသည် (ရှင်မဿဲ ၂၈း၁၈၊ ၂၅း၄၁-၄၆၊ ဖိလပ္ပု ၂း၁၀-၁၁၊ ဗျာဒိတ် ၁း၁၈၊ ၂၀း၁၀)။
လူသားများသည် နောင်ဘဝရှိမှုကြောင့် ဘာသာတရားတစ်ခုခုအထဲမှာ ဝင်ရောက်ခိုလှုံနေရခြင်း ဖြစ်ပါသည်။ လူတစ်ဦး သေသည့်အချိန်တွင် အထက်ဘုရားဘုံသို့ ပြန်တက်မည့်လမ်းနှင့် အောက်ငရဲဘုံသို့ ဆင်းမည့်လမ်းဟူ၍ လမ်းနှစ်သွယ်သာ ရှိပါသည်။ ခရစ်တော်ကို ကိုးကွယ်သူများသည် ငရဲဘုံနှင့်နိဗ္ဗာန်ဘုံကို ပြုလုပ်သူနှင့်အုပ်စိုးသူသည် ခရစ်တော်ဘုရားဖြစ်ကြောင်း သေချာသိကြပါသည် (ရှင်မဿဲ ၂၅း၄၁-၄၆၊ ရှင်ယောဟန် ၁၄း၁-၃)။ ဘုရားဘုံသို့ သွားလိုသူများသည် ခရစ်တော်ကိုသာ အမှီပြုရန်လိုအပ်ကြောင်း ဒေသနာကျမ်း ၁၂း၇၊ ရှင်ယောဟန် ၁၄း၆အရ သိရပါသည်။ ဤလူ့ဘုံ (ဒုက္ခဘုံ)မှ ဘုရားဘုံ (သုခဘုံ၊ ကောင်းရာဘုံ၊ နိဗ္ဗာန်ဘုံ)သို့တိုက်ရိုက်၊ အရောက်ပို့ဆောင်ရန် ခရစ်တော်ဘုရား တစ်ပါးတည်းသာ အာမခံချက်ပေးထားခဲ့ပါသည်။ လူသားများကို ထိုသို့ အာမခံချက်ပေးသည့် အခြားဘုရားတစ်ဆူဆူရှိပါက ဖေါ်ပြသင့်ပါသည်။
အကယ်၍ နောင်ဘဝဆိုတာမရှိခဲ့လျှင် ဘာသာတရားများလည်း ရှိမည်မဟုတ်သကဲ့သို့၊ မည်သည့် ဘုရားကိုမှ ကိုးကွယ်ရန် လိုအပ်မည်မထင်ပေ။ ကိုးကွယ်သော်လည်း အချိန်ကုန်၊ ငွေကုန်၊ လူပန်းရုံသာ အဖတ်တင်နေမည်သာ ဖြစ်ပါသည်။ နောင်ဘဝရှိ၍၊ နောင်ဘဝမှာ ငရဲထဲသို့မကျလို၍ ဘုရားကို ကိုးကွယ်ရခြင်း ဖြစ်ပါသည်။ ငရဲထဲသို့ မကျချင်၍ မိမိကိုကယ်မည့်ဘုရား၊ မိမိကို ကယ်နိုင်သည့်ဘုရားကို ရှာဖွေ၍ ကိုးကွယ်ရခြင်း ဖြစ်ပါသည်။
တဖန် လူ့ဘုံမှဘုရားဘုံသို့ တိုက်ရိုက်သွားခွင့်ရှိနေသည့်အတွက် လူ့ဘုံဘဝမှာ ဘုရားကို ကိုးကွယ်နေရခြင်း ဖြစ်ကြောင်းကိုလည်း သိသူ အလွန်နည်းလှပါသည်။ တမလွန်မှာ ငရဲဘုံသို့ ပစ်ချခြင်း ခံခဲ့ရပါက ဘုရားဘုံသို့ သွားခွင့်လုံးဝ မရှိတော့ကြောင်း၊ နောင်တရသော်လည်း ထာဝရဘုရားသည် ထိုနောင်တရသူများကို လက်ခံမည်မဟုတ်ကြောင်း လူသားတိုင်း သိရန်လိုအပ်ပါသည်။ “ဗုဒ္ဓေါ မေ သရဏံ အဉာံနတ္ထိ”ဟု သွန်သင်ခြင်းသည် လူ့ဘုံမှဘုရားဘုံသို့ တိုက်ရိုက်သွားနိုင်ရန် ဘုရားဘုံမှ လူ့ဘုံသို့ ကြွဆင်းလာခဲ့သည့် ဟီဗရူးလို မေရှိယ၊ ပါဠိအခေါ် အရိမေတ္တယျ၊ ဂရိလို ခရစ်တော်ကို ကိုးကွယ်ရမည်ဟု လမ်းညွှန်နေခြင်း ဖြစ်ကြောင်း နားလည်ရပါသည်။ ထိုဘုရားသည် လူ့ဘုံဘဝ၌ လူမျိုးတိုင်းကိုးကွယ်ရမည့်ဘုရား ဖြစ်ကြောင်း သိရပါသည်။ ထိုဘုရားကို မကိုးကွယ်ခဲ့လျှင် ဘုရားဘုံသို့ မရောက်နိုင်၊ ဘုရားဘုံနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ငရဲဘုံသို့ လားရန်သာ ရှိကြောင်း လုကာ ၁၆း၁၉၊ ရှင်ယောဟန် ၁၁အရ သိရပါသည်။ ဤလူ့ဘုံ၌ လူမျိုးတိုင်းကိုးကွယ်ရမည့် ဘုရားစစ်၊ဘုရားမှန် ဟူ၍ အခြား မတွေ့ရပေ။
ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်သူများ၊ မိသားစုနှင့်ပုဂ္ဂိုလ်တို့၏အမည်နှင့်လိပ်စာ
ကောင်းကင်နိုင်ငံတော်သည် ဖြစ်ခြင်း၊ ပျက်ခြင်းနှင့်အစဉ်ကင်းလွတ်သောနေရာ ဖြစ်ပါသည်။ ချမ်းသာသုခ ရှိသည့်နေရာ၊ တည်မြဲသည့်နေရာ၊ ပါဠိအခေါ် နိစ္စ၊သုခ၊အတ္တ (အစ္ဇျတ္တ)သာ ရှိသည့်နေရာ ဖြစ်ပါသည်။
လူတစ်ဦး၏ အပြင်လူ(ကိုယ်ခန္ဓာ)၊ ပါဠိအခေါ် ဗဟိတ္တသည် စိတ်သွားတိုင်း ကိုယ်မပါနိုင်ပေ။ မိမိခန္ဓာကိုယ်၏ခွန်အားနှင့်တစ်ခုခုကိုအမှီပြုပြီး တစ်နေရာမှ တစ်နေရာသို့ သွားရပါသည်။ မိုးဒဏ်၊ ရေဒဏ်၊ လေဒဏ်မှ ခိုလှုံရန် အဆောက်အဦများ၊ အိမ်များလိုအပ်ပါသည်။ သွားလာရန် စက်ဘီး၊ မော်တော်ဆိုင်ကယ်၊ ကား၊ သင်္ဘောနှင့် လေယာဉ်များ လိုအပ်ပါသည်။ ဤကမ္ဘာ၌ လူသားများသည် မြို့ရွာများ တည်ထောင်ကာ အတည်တကျ နေထိုင်သူများဖြစ်သည့်အတွက် နေရပ်လိပ်စာများ ရှိနေပါသည်။ ထိုသို့နေထိုင်ရင်း လူ့ကိုယ်ခန္ဓာသည် အိုမင်းရင့်ရော်လာကာ မူလလာရာ နေအိမ်ဖြစ်သောမြေကြီးသို့ ပြန်သွားရပါသည်။ မြေကြီးသို့ လူ့ခန္ဓာပြန်သွားရခြင်းကို အိမ်ပြန်ခြင်းဟုလည်း ခေါ်ပါသည်။
လူတစ်ဦး၏အတွင်းလူ၊ ပါဠိအခေါ်အစ္ဇျတ္တသည် နာမ်(နံ)ဝိညာဉ်ခန္ဓာ ဖြစ်ပါသည်။ ထိုနာမ်ဝိညာဉ်ခန္ဓာသည် ထာဝရဘုရားက ကမ္ဘာဦးလူသားနှစ်ဦးကို အသက်သွင်း အနေဂဇာ တင်ခဲ့သည့်ပုဂ္ဂိုလ် ဖြစ်၍ တမလွန်ဘဝသို့ ဝင်စားမည့်ပုဂ္ဂိုလ်လည်း ဖြစ်ပါသည်။ အတ္တဟိ၊ အတ္တနော၊ နာထောဆိုသည်မှာ အတွင်းလူ၊ ပါဠိအခေါ် အစ္ဇျတ္တ၏အကျိုးကို မိမိကိုယ်တိုင်ရှာခြင်းဟု နားလည်ရပါသည်။ တနည်းအားဖြင့် တမလွန်ဘဝ၏အကျိုး၊ နာမ်ဝိညာဉ်ပုဂ္ဂိုလ်၏အကျိုး၊ တည်မြဲသောပုဂ္ဂိုလ်၏အကျိုးကို ရှာခြင်း ဖြစ်ပါသည်။
ဘုရားဘုံ သို့မဟုတ် နိဗ္ဗာန်ဘုံဖြစ်သောကောင်းကင်သစ်နှင့်မြေကြီးသစ်သည် အိုနာသေခြင်း ကင်းသည့်နေရာ၊ စိတ်သွားတိုင်းကိုယ်ပါ သွားလာနိုင်သည့်နေရာ ဖြစ်ပါသည်။ နေရောင်၊ လရောင် မလိုအပ်သည့်နေရာ၊ ထာဝရဘုရား၏ရောင်ခြည်တော်နှင့် အစဉ်ထွန်းလင်းနေသည့်နေရာ၊ နေ့၊ ည မရှိသည့်နေရာ၊ ဆင်းရဲခြင်းကင်းသည့်နေရာဖြစ်ကြောင်း ဗျာဒိတ်ကျမ်း ၂၁း၄-၂၇တွင် ဖေါ်ပြထားခဲ့ပါသည်။ တစ်စက္ကန့်ထဲမှာ ကမ္ဘာမြေကြီးကို စိတ်က လည်ပတ်နိုင်သကဲ့သို့၊ သုခဘုံမှာလည်း ဘုရားသားများသည် စိတ်သွားတိုင်းကိုယ်ပါ သွားနိုင်သည့်နေရာ ဖြစ်ပါသည်။ မိမိကြံစည်ရာကို အချိန်မရွေး ရရှိနိုင်သည့်နေရာ၊ အလုံးစုံ ပြီးပြည့်စုံသည့်နေရာ ဖြစ်ပါသည်။ လူ့ဘုံမှာ ကြုံတွေ့နေရသည့် အနိစ္စ၊ ဒုက္ခ၊ အနတ္တတစ်ခုမှ မရှိတော့သည့်နေရာ ဖြစ်သည့်အတွက် ထိုကောင်းရာဘုံကို ပါဠိအခေါ် သုခဘုံ၊ နိဗ္ဗာန်ဘုံဟု ခေါ်နေခြင်း ဖြစ်ပါသည်။ ဤကမ္ဘာမြေကြီးပေါ်မှာ အိမ်နံပါတ်၊ အိမ်လိပ်စာများ လိုအပ်သကဲ့သို့ သုခဘုံ၌ အိမ်နံပါတ်၊ အိမ်လိပ်စာများ မလိုအပ်ပေ။ ထိုကြောင့် ဤကမ္ဘာ၌နေထိုင်စဉ် “ပါဠိအခေါ် အတ္တဟိတ္တဆိုသည်မှာ” ထိုနာမ်ဝိညာဉ် ပုဂ္ဂိုလ်၏လောကုတ္တရာ အကျိုးကို အထူးရှာဖွေခြင်းကို ဆိုလိုပါသည်။
ယေရှုခရစ်တော်ကို ကိုးကွယ်သူများသေလျှင် ၎င်းတို့၏နာမ်ဝိညာဉ်များသည် ပရတိသုခဘုံ ခေါ် ယာယီနိဗ္ဗာန်ဘုံသို့ ရောက်သွားရန် ယေရှုခရစ်တော်က အာမခံထားခဲ့ပါသည် (ရှင်လုကာ ၂၃း၄၃)။ ထိုအရပ်မှတစ်ဆင့် လက်ရှိ ကမ္ဘာမြေကြီးနှင့် ကောင်းကင်ဘုံကို မီးဖြင့် ဖျက်ဆီးသည့်အခါ (၂ပေတရု ၃း၇) ကောင်းကင်သစ်နှင့် မြေကြီးသစ်၊ ပါဠိအခေါ် ထာဝရသုခဘုံ၊ နိဗ္ဗာန်ဘုံသို့ ကူးပြောင်းရမည် ဖြစ်ကြောင်း ခရစ်တော်က သူ့ကို ကိုးကွယ်သူများအား အာမခံချက် ပေးထားခဲ့ပါသည် (ရှင်ယောဟန် ၁၄း၁-၃၊ ဗျာဒိတ်၂၁)။ ဤလောက၌ အသက်ရှင်နေစဉ် ခရစ်တော်ကို ကိုးကွယ်သူများ၊ အမှီပြုသူများ ထာဝရနေထိုင်ရမည့် လိပ်စာသည် ကောင်းကင်သစ်နှင့် မြေကြီးသစ်၊ မြို့တော်မှာ ယေရုရှလင်မြို့တော်သစ် ဖြစ်ပါသည်။ ယခုရှိနေသည့် အစ္စရေးနိုင်ငံ၏ မြို့တော်နာမည်နှင့် ဆင်တူပါသည်။
နိဗ္ဗာန်ဘုံ (ခေါ်) သုခဘုံသို့ ဝင်စားခွင့် ဗီဇာ(Visa)ရသည့် သူများ၏နာမည်များကို အသက်စာစောင်၌ သီးသန့်ရေးထားကြောင်း သိရပါသည်(ဗျာဒိတ်ကျမ်း ၂၀း၁၂-၁၅)။ ထိုအသက်စာစောင်၌ စာရင်းပါရန် ဘုရားဘုံမှ လူ့ဘုံသို့ ဆင်းကြွလာခဲ့သော ယေရှုခရစ်တော်ကို ယုံကြည်ရမည်။ ယုံကြည်ခြင်းဟု ဆိုရာတွင် ကံသုံးပါးအားဖြင့် ယုံကြည်ရမည်။ (က)။ ဝစီကံအားဖြင့်ယုံကြည်ခြင်းဟုဆိုရာတွင် ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ရှင် နှင့် ဘုရားသခင်၏သားတော်ဖြစ်သည်ဟု နှုတ်(ဝစီကံ)အားဖြင့် ဝန်ခံရပါသည်။ (ခ)။ မနောကံအားဖြင့် ယုံကြည်ခြင်း။ မိမိ၏စိတ်နှလုံး(မနောကံ)၌ မိမိ၏အသက်ကိုပိုင်သော သခင်ဘုရားသည် ယေရှုခရစ်တော်ဖြစ်၍ သူ၏အလိုတော်အတိုင်းသာ သေသည့်နေ့အထိ အသက်ရှင်သွားရန် သစ္စာပြုခြင်းကို ဆိုလိုပါသည်။ ထိုသို့သစ္စာပြုခြင်းကို နှလုံးသား၌ ဘုရားတည်ခြင်းဟုလည်း ခေါ်သည်။ (ဂ)။ ကာယကံအားဖြင့် ယုံကြည်ခြင်း။ မိမိ၏ကိုယ်ခန္ဓာ(ကာယကံ)အားဖြင့် လက်တွေ့နာခံရန် စိတ်ဆုံးဖြတ်ခြင်းကို ခေါ်ပါသည်။ အပြစ်ရှိသောလူသားများ အပါယ်ငရဲ၌ ထာဝရအသေခံရမည့်အစား ယေရှုခရစ်တော်သည် အပြစ်သားများကိုယ်စား လက်ဝါးကပ်တိုင်၌ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်သည့် ရေ၌နှစ်ခြင်းခံရပါသည်။ ရေ၌တစ်ကိုယ်လုံး နှစ်က္ကန့်ခန့်နှစ်ခြင်းသည် ခရစ်တော်နှင့်အတူသေခြင်း၊ မကောင်းသောလူ့ဇာတိအကျင့်စရိုက်များကို ရေဖြင့်ဆေးကြောခြင်း၊ မြုပ်နှံခြင်းကို ပုံဆောင်၍၊ ရေထဲမှထမြောက်ခြင်းသည် ခရစ်တော်နှင့်အတူ သေခြင်းမှထမြောက်ခြင်းကို ပုံဆောင်ပါသည်။ ခရစ်တော်ထားခဲ့သော ပဋိညာဉ်တရားသစ်ဟုခေါ်သည့် မုန့်နှင့်စပျစ်ရည်ကို ယုံကြည်သူများ စုဝေးသည့် အခါခါတိုင်း သုံးဆောင်ရပါသည်။ မုန့်သည် ယေရှုခရစ်တော် လက်ဝါးကပ်တိုင်၌ ခန္ဓာပရိစာဂနှင့် ဇီဝိတ ပရိစာဂ ပြုခဲ့ခြင်းကို သတိရရန်၊ စပျစ်ရည်သည် အကုသိုလ်(အပြစ်)များသော ပုထုစဉ်လူသားများ၏အပြစ်ကို ဆေးကြောရန် လက်ဝါးကပ်တိုင်၌ ခရစ်တော်သွန်းခဲ့သော အသွေးတော်ကို ကိုယ်စားပြုပါသည်။
အသက်စာစောင်၌ နာမည်မပါသူများသည် သုခဘုံသို့ ဝင်စားရန် ဗီဇာ (Visa) ငြင်းပယ်ခံရသူများဖြစ်၍ ကန့်နှင့်လောင်သောငရဲမီးအိုင်သို့ ပစ်ချခြင်းခံရမည်ဟု စီရင်ချက်အမိန့်ချခဲ့ပါသည် (ရှင်ယောဟန် ၃း၁၈-၁၉)။ ကန့်ငရဲမီးအိုင်သို့ ပစ်ချခြင်းခံရမည့် သူများအတွက် သီးသန့် စာစောင်တစ်ခုရှိကြောင်း သိရပါသည်(ဗျာဒိတ် ၂၀း၁၅၊ ၂၁း၈)။
ခရစ်တော်ကို ကိုးကွယ်သူတိုင်းသည် ဘုရားဘုံသို့ သေချာပေါက်ရောက်ရန် အာမခံချက် ပေးထားခဲ့ပါသည်။ အကြောင်းရင်းမှာ-ဝဋ်ကြွေး၊ ကံကြွေး၊ အပြစ်ကြွေးများကို ယေရှုခရစ်တော်၏ အပြစ်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အားဖြင့် ချေဖျက်၊ ရှင်းလင်းပေးခဲ့သောကြောင့် ဖြစ်ပါသည်(၂တိမောတိ ၂း၅၊ ရှင်မာကု ၁၆း၁၆)။ ခရစ်တော်ကို ကိုးကွယ်သူများသည် အမှားများကို ပြုကောင်းပြုကြပါလိမ့်မည်။ သို့သော် လောကဘုရားများကို ကိုးကွယ်ခြင်းမှ နောင်တရပြီး ခရစ်တော်၏နာမဖြင့် တောင်းပန်လျှင် ထာဝရဘုရားသည် လူတိုင်းကို အရှိကိုအရှိတိုင်း လက်ခံပါသည်။ ထိုအရှင်၏အပြစ်လွတ်ခြင်း အမိန့်အားဖြင့် ဘုရားသားအဖြစ် သတ်မှတ်ခြင်းခံရပါသည်။ တနည်းအားဖြင့် သူတော်ကောင်း၊ ဖြောင့်မတ်သူ အရိယာ အဖြစ်သတ်မှတ်ခြင်းခံရ၍ ငရဲသို့ပစ်ချခြင်းခံရမည့်ဘဝမှ လွတ်မြောက်ခွင့်ရခြင်း ဖြစ်ပါသည်။ ယေရှုခရစ်တော်ကိုယ်တိုင်က နောင်တရသောသူတိုင်းကို ဤလူ့ဘုံမှ ဘုရားဘုံ၊ ပါဠိအခေါ် သုခဘုံ၊ နိဗ္ဗာန်ဘုံသို့ ပို့ဆောင်ရန် အာမခံချက် အပြည့်အဝပေးခဲ့ပြီး ဖြစ်ပါသည်((ရှင်မဿဲ ၉း၆၊ ရှင်ယောဟန် ၁၄း၁-၃)။