မေးခွန်း-(၃)။ မွေးဖွားလာစကပင် တစ်ဦးနှင့်တစ်ဦး မတူမညီ ဖြစ်ရသည့်အကြောင်းမှန်ကို ရှင်းပြပါ။ ဆင်းရဲချမ်းသာ၊ ရုပ်ဆိုးရုပ်လှ၊ အသက်အတိုအရှည်၊ ဖြစ်နေသည့် အကြောင်းများမှာ ထာဝရဘုရား ကြောင့်လား၊ ၄င်းတို့၏ကုသိုလ်ကံ၊ အကုသိုလ်ကံကြောင့်လား။

Published on September 17, 2025 by Admin

ဤမေးခွန်းသည် မေးသင့်သည့် မေးခွန်းတစ်ခု ဖြစ်ပါသည်။ မွေးဖွားလာစကပင် တစ်ဦးနှင့်တစ်ဦး မတူညီမှုဖြစ်ရသည့်အကြောင်းရင်းမှာ

ပထမအချက်သည် ဘုရားသခင်၏လက်ရာတော်ကြောင့် ဖြစ်သည်။ ဒုတိယအချက်သည် ကမ္ဘာဦးလူသားနှစ်ဦး၏ ရွေးချယ်မှုအမှားကြောင့် ဖြစ်သည်။ တတိယအချက်သည် လူတစ်ဦးစီ၏ အကုသိုလ်နှင့် ကုသိုလ်ကံကြောင့် ဖြစ်ကြောင်း သိရပါသည်။

ဘုရားသခင်၏လက်ရာကိုလေ့လာသည့်အခါ ပန်းများသည် ရောင်စုံဝေဆာ၍ ဖူးပွင့်နေပါသည်။ သစ်ပင်များသည်လည်း အပင်မျိုးစုံ ပေါက်နေကြပါသည်။ လူသားများကို လေ့လာသည့်အခါ လူရှည်၊ လူပု၊ လူပိန်၊ လူဝ၊ လူဖြူ၊ လူမဲစသည်ဖြင့် ပုံစံမျိုးစုံ ရှိနေပါသည်။ လူ့မျက်နှာများသည်လည်း တစ်ဦးမျက်နှာနှင့် တစ်ဦး မတူညီကြောင်း တွေ့ရပါသည်။ ဤကမ္ဘာပေါ်၌ ရှိနေသော သက်ရှိများ၌ဖြစ်စေ၊ သက်မဲ့များ၌ဖြစ်စေ မတူညီမှုများ ရှိကြပါသည်။ ထို မတူညီမှုများသည် ထာဝရဘုရားသခင်၏ လက်ရာတော်များ ဖြစ်ပါသည်။ 

ကမ္ဘာဦးလူသားနှစ်ဦးသည် ထာဝရဘုရား၏စကားတော်ကို လျစ်လျူရှု၍၊ မာရ်နတ်၏ဖြားယောင်း သွေးဆောင်လှည့်စားမှုကို အမှန်ထင်ခဲ့သောကြောင့် အကုသိုလ် (အပြစ်) ဝင်လာခဲ့ခြင်း ဖြစ်ပါသည်။ ထိုလူသားနှစ်ဦးသည် ထာဝရအသက်ရှင်ရာဘဝမှ သင်္ခါရဘဝသို့ စတင်ဝင်ရောက်ခဲ့ပါသည်။ သင်္ခါရလူသားဘဝသို့ ကျရောက်ခဲ့မှုကြောင့် မိမိ၏လုပ်ဆောင်မှုကိုမူတည်ပြီး၊ ဇွဲလုံ့လဝိရိယဖြင့် ကြိုးစားလုပ်ဆောင်ခြင်း၊ ပျင်းရိခြင်း၊ ဖေါက်ပြန်ခြင်းတို့ကြောင့် လူ့အသိုင်းအဝန်း၌ အဆင့်အတန်း အနိမ့်၊ အမြင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ လူ၏ဝဋ်ကြွေး၊ ကံကြွေး၊ အပြစ်ကြွေးတို့ကြောင့် လူသားများကွဲပြားလာကြသည်။ ဝဋ်ကြွေးသည် မိမိကိုယ်တိုင် မပြုလုပ်ဘဲ လူသားအပေါင်း၏ ဖခင်နှင့်မိခင်အချုပ်ဖြစ်သော အာဒံနှင့်ဧဝတို့က ထာဝရဘုရား၏မစားရဟူသည့် အသီးကို စားမိခဲ့ခြင်း “ကံသုံးပါး” ကြောင့် ကမ္ဘာဦးလူသားနှစ်ဦးမှစ၍ ယနေ့လူသားများအားလုံး သေခြင်းကို ခံစားနေရခြင်းသည် ကံ၊ကံ၏အကျိုးပင် ဖြစ်ပါသည်။ ထိုသေခြင်း မစ္စုမာရ် ရှိလာခဲ့မှုကြောင့် အနိစ္စ၊ ဒုက္ခ၊ အနန္တ ရှိလာခဲ့ခြင်း ဖြစ်ပါသည်။ ကံဟုဆိုရာတွင်- ဝစီကံ-နှုတ်အားဖြင့်ပြောခြင်းအလုပ၊ မနောကံ-စိတ်နှလုံးဖြင့်ကြံစည်သောအလုပ်၊ ကာယကံ-ကိုယ်ခန္ဓာအားဖြင့် လက်တွေ့ပြုလုပ်သောအလုပ်တို့ကို ဆိုလိုပါသည်။

(က)။ ဆင်းရဲချမ်းသာရှိနေရခြင်းသည် လူသားများကြားထဲတွင် ထာဝရဘုရား၏ ချစ်ခြင်း မေတ္တာကို မျှဝေခံစားကြရန် ဖြစ်ပါသည်။ ထိုသို့ရှိနေခြင်းသည် လူတစ်ဦးစီ၏ ကာယကံ၊ ဝစီကံ၊ မနောကံကြောင့်လည်း ဖြစ်ပါသည်။ လူတိုင်း နေ့စဉ် လုပ်ကိုင်နေသည့်အလုပ်တိုင်း၏အကျိုးကို ပြုလုပ်သူကိုယ်တိုင်နှင့် အခြားသူများပါ ခံစားနေရပါသည်။ ဥပမာ။ ဆိုင်ကယ်ကယ်ရီ မောင်းသူသည် သူ့အတွက်လည်းပါသကဲ့သို့၊ အခြားတစ်ပါးသူ၏အကျိုးအတွက်လည်း ပါနေပါသည်။ လူတိုင်းသည် သူဌေးများသာ ဖြစ်ခဲ့လျှင် လူ့လောကကို တည်ဆောက်၍ မရနိုင်သကဲ့သို့၊ လူတိုင်းသည် ဆင်းရဲသားများသာဖြစ်ခဲ့မည်ဆိုလျှင်လည်း လူ့လောကကို တည်ဆောက်၍ မရနိုင်ပေ။ လူ့လောက၌ ဘုရားသခင်ထံမှလာခဲ့သော ချစ်ခြင်းမေတ္တာဖြင့် အပြန်အလှန် အမှီသဟဲပြုပြီး နေထိုင်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်ပါသည်။ 

(ခ)။ ရုပ်ဆိုး၊ ရုပ်လှဟုသတ်မှတ်ခြင်းသည် လူသားများ၏ရှုထောင့်မှ သတ်မှတ်ခြင်းသာ ဖြစ်ပါသည်။ လူတိုင်းသည် ထာဝရဘုရားရှေ့မှာ အတူတူပင် လှပနေကြပါသည်။ တစ်ဦးက အခြားတစ်ဦးထက် ပို၍ လှပသည်ဟူ၍ မရှိပေ။ သူ့နည်း သူ့ဟန် လှပနေပါသည်။ “မလှပသည့် ပန်းချီကားဆိုတာ မရှိပါဘူး၊ မင်းရဲ့ရှုထောင့်နှင့်ဘဲ သက်ဆိုင်ပါတယ်” (Abraham Lincoln)။

ဥပမာ-(၁)။ ကြက်သားဟင်းသည် အမဲသားဟင်းထက် ပိုကောင်းပါသည်ဟု ဆိုခြင်းသည် မှန်ကန်မှု မရှိပေ။ အမှန်မှာ ကြက်သားဟင်းလည်း ကောင်းသကဲ့သို့ အမဲသားဟင်းလည်း ကောင်းပါသည်။ ကြက်သားဟင်းသည် အမဲသားဟင်းထက်ပို၍ကောင်းသည်ဟု သတ်မှတ်သူသည် လူတစ်ဦးစီ၏ခံစားချက်သာ ဖြစ်ပါသည်။ 

ဥပမာ-(၂)။ “သူက ရုပ်ဆိုးလိုက်တာ၊ သူက ရုပ်ချောလိုက်တာ”ဟု ဆိုခြင်းသည်လည်း  မှန်ကန်မှု မရှိပေ။ ရုပ်ဆိုးရုပ်လှဟု ပြောနေခြင်းမှာ လူများက မိမိ၏ရှုမြင်မှုနှင့် နှစ်သက်မှုကို ဖေါ်ညွှန်းနေခြင်းသာလျှင် ဖြစ်ပါသည်။ လူတိုင်း၌ မျက်စိနှစ်လုံး၊ နားနှစ်ဖက်၊ နှာခေါင်းနှစ်ပေါက်၊ လျှာတစ်ခု၊ ကိုယ်နှင့်စိတ်တို့ ရှိကြပါသည်။ လူ့လောက၌ လူတိုင်းသည် သူဟာနှင့်သူ လှပနေပါသည်။ လူတိုင်းသည် အသုံးဝင်သူများသာ ဖြစ်ပါသည်။ မလှပသည့်သူ၊ အသုံးမဝင်သည့်သူ၊ တစ်ဦးမျှ မရှိပေ။

ဥပမာ-(၃)။ အဖြူရောင်က အပြာရောင်ထက် ပို၍လှသည်ဟု ပြောနေခြင်းသည်လည်း မမှန်ကန်ပေ။ သူ့အရောင်နှင့်သူ လှပနေပါသည်။ လှသည်၊ မလှသည်ဟု ပြောနေခြင်းသည် ကြည့်ရှုသူ၏အမြင်သာ ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာဖြင့် အရာရာတိုင်းကို အရှိတရားအတိုင်း ကြည့်လျှင် အားလုံးသည် လှပမြဲ၊ လှပနေပါသည်။

ဒေါက်တာ လာဆစ်ဒူကာ၊ သင်သည် လူသားများကို တစ်ပုံစံထဲ၊ တစ်ရွယ်ထဲ၊ အဆင့်အတန်းတစ်ခုထဲ၊ တသွေမတိမ်း ဖြစ်စေချင်၊ ရှိစေချင်ကြောင်း ထင်ရှားပါသည်။ ထိုအတွေးအခေါ်သည် ထာဝရဘုရားနှင့် သူ၏သဘာဝတရားကို ဆန့်ကျင်သည့် အတွေးအခေါ် အယူအဆသာ ဖြစ်ပါသည်။ ကမ္ဘာဦးလူသားနှစ်ဦးကို ဖန်ဆင်းခဲ့သော ထာဝရဘုရား၏ ဉာဏ်တော်ကို  လူသားများက စိတ်ကူးယဉ်၍ မရနိုင်ပါ။ လက်ခံရုံမှတစ်ပါး အခြားနည်းလမ်း မရှိပေ။

သက်သေ-(၁)။ ကမ္ဘာ့ပေါ်ရှိ လူဦးရေ သန်းပေါင်း ၇၀၀၀ကျော်၏မျက်နှာများသည် တစ်ယောက်နှင့်တစ်ယောက် မတူကွဲပြားနေကြပါသည်။ မည်သည့် ပန်းချီဆရာကမှ ထိုသို့ မဖန်တီးနိုင်၊ မရေးဆွဲနိုင်ပါ။ ထာဝရဘုရား၏ဉာဏ်တော်သည် အနန္တဖြစ်သည်။

သက်သေ-(၂)။ ထာဝရဘုရားက ဤစကြဝဠာတွင် ကမ္ဘာကြီးနှင့်ပင်လယ်သမုဒ္ဒရာကြီးကို လေဟာပြင်ထဲမှာ အခုအခံမရှိဘဲ ထားခဲ့ပါသည်။ ရေများသည်လည်း လေဟာပြင်ထဲမှာ မယို မဖိတ်အောင် ထိန်းသိမ်းထားပါသည်။ ကမ္ဘာကြီးက နေမင်းကြီးကို အချိန်တိကျစွာ လည်ပတ်နိုင်ရန် စီစဉ်ထားခဲ့ပါသည်။ ထိုအရာများသည် သိပ္ပံပညာရှင်များ နားမလည်နိုင်သည့် ထာဝရဘုရားသခင်၏လက်ရာတော်များ ဖြစ်ပါသည်။

ထာဝရဘုရား၏ ဉာဏ်တော်သည် အနန္တဖြစ်သောကြောင့် ပါဠိအခေါ် သဗ္ဗညုတ ဉာဏ်တော်ရှိသည်ဟု ဆိုခြင်း ဖြစ်ပါသည်။ ထိုဘုရား၏ ဉာဏ်တော်ကဲ့သို့ ဘယ်ဘုရားရှိပါသနည်း၊ ရှိလျှင် ဖေါ်ပြသင့်ပါသည်။

ထိုနည်းတူ လူသားများ၏မျက်နှာပုံပန်းသဏ္ဌာန်မတူညီခြင်းသည် သဘာဝအားဖြင့် ထာဝရဘုရား၏ လက်ရာတော် ဖြစ်ပါသည်။ ပုံစံမျိုးစုံ၊ အရွယ်မျိုးစုံ၊ အဆင့်အတန်းမျိုးစုံ၊ အရောင်မျိုးစုံ ရှိနေခြင်းသည် တစ်ပုံစံထဲ၊ တစ်ရွယ်ထဲ၊ အဆင့်အတန်းတစ်ခုထဲ၊ တစ်ရောင်ထဲရှိနေခြင်းထက် ပိုမိုကောင်းမွန်ကြောင်း ထာဝရဘုရားသိ၍ ထိုသို့ဖန်ဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ 

(ဂ)။အသက်တိုရှည်ဖြစ်ရခြင်းသည်လည်း ထာဝရဘုရား၏အကြံအစည် ဖြစ်ပါသည်။ လူသားများသည် ငယ်ရွယ်စဉ်မှာ ပညာရှာပါ၊ လူလတ်ပိုင်းမှာ ဥစ္စာရှာပါ၊ သက်ကြီးပိုင်းမှာ တရားရှာပါဟု သွန်သင်တတ် ကြပါသည်။ ထိုသို့ သွန်သင်မှုသည် မှန်သကဲ့သို့ ရှိနေသော်လည်း ထာဝရဘုရား၏ ရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေပါသည်။

ထာဝရဘုရား၏စီမံချက်မှာ ကမ္ဘာဦးလူသားနှစ်ဦး မာရ်နတ်၏လှည့်ဖျားမှုနောက်သို့ ပါသွားခဲ့သည့် အကြောင်းတရားကြောင့် အကုသိုလ်(အပြစ်)ထဲသို့ ကျသွားခဲ့ပါသည်။ ထိုအကြောင်းတရား၏ အကျိုးတရားအဖြစ် သေခြင်းတရားကို ရရှိလာခဲ့သည်။ ထိုသေခြင်းတရားရှိလာခဲ့မှုကြောင့် ဒုက္ခမျိုးစုံ ရှိလာခဲ့ပါသည်။ အနိစ္စ၊ ဒုက္ခ၊ အနန္တ ရှိလာခဲ့ပါသည်။ ကမ္ဘာကြီးထဲ၌ နေရာတိုင်း၊ အချိန်တိုင်းမှာ လူသားများအတွက် ရန်သူများနှင့် အန္တရာယ်များအပြည့် ရှိလာခဲ့ပါသည်။ ထိုကြောင့် လူသည် အချိန်မရွေး သေခြင်းတရားကို ရင်ဆိုင် ရနိုင်သည်။ အသက်ကြီးမှသာ သေရန် သတ်မှတ်ထားခဲ့ခြင်း မရှိခဲ့ပေ။ တစ်ချို့က သန္ဓေသားဘဝမှာ ပျက်စီးကြပါသည်။ အချို့က ကလေးဘဝမှာ၊ အချို့က လူငယ်ဘဝမှာ၊ အချို့က လူလတ်ဘဝမှာ၊ အချို့က အသက်ကြီးလာသည့်အခါ၌ သေကြရပါသည်။ ထာဝရဘုရားသည် လူ့သက်တမ်းကို နှစ်ပေါင်း (၁၂၀)ထိ လျှော့ချကာ အသက်ရှင်ခွင့် ပေးထားခဲ့ပါသည် (ကမ္ဘာဦးကျမ်း ၆း၃-၄)။ အကယ်၍ လူသားများသည် အသက် (၁၂၀) ပြည့်မှသာ သေစေရန် ထာဝရဘုရားက ပြုလုပ်ထားခဲ့လျှင် လူသားများသည် ထာဝရဘုရားကို ပို၍ ပြစ်မှားမည်၊ ပိုမို စော်ကားလိမ့်မည်ကို ထာဝရဘုရား သိပါသည်။ ထိုကြောင့် ဘုရားရှေ့မှာ လူသားများ မောက်မာဝါကြွားမှု မရှိရလေအောင်၊ သေခြင်းတရားက လူသားများကို အဆင်သင့် စောင့်ဆိုင်းခိုင်းထားစေခဲ့ခြင်း ဖြစ်ကြောင်း နားလည်ရပါသည်။ လူသားတိုင်းအထူးသိသင့်သည်မှာ လူသားတိုင်းသည် သေမျိုးဖြစ်၍ မိမိ၏အသက်ကို မိမိမပိုင်ဆိုင်ကြောင်း၊ မိမိ၏အသက်ကို ထာဝရဘုရားသာပိုင်ကြောင်း သိထားရမည်။ 

ကိုယ်ခန္ဓာ၏ဆင်းရဲခြင်းနှင့် ချမ်းသာမှုရှိနေခြင်း၏အဓိကအကြောင်းရင်းကို တင်ပြရလျှင် ထာဝရဘုရားကသဘာဝ၌ သေခြင်းတရားကို ထားရှိခဲ့မှုကြောင့် ဖြစ်သည် (ကမ္ဘာဦးကျမ်း ၃း၁၉)။ ထိုသေခြင်းတရား ရှိမှုကြောင့် ကိုယ်ခန္ဓာ၌ဆင်းရဲခြင်း ရှိသည်။ 

ကိုယ်ခန္ဓာ၏ဆင်းရဲခြင်းနှင့်ချမ်းသာမှုရှိနေခြင်းသည်မိမိ၏အကုသိုလ်နှင့်ကုသိုလ်ကံနှင့် မိဘများ၏ အကုသိုလ်နှင့် ကုသိုလ်(ကံ)ကြောင့်လည်း တစ်ပိုင်းတစ်စ ပါဝင်နေကြောင်း သိရပါသည်။ ဥပမာ မစားသင့်သည့်အစာကို စားမိလျှင် အသက်တိုမည်။ မသောက်သင့်သည့်အရည်ကို သောက်မိလျှင် အသက်တိုမည်။  စားသင့်၊ သောက်သင့်သည့် အစားအစာကို မှန်မှန်စားသောက်လျှင် အသက်ရှည်မည်။ အန္တရာယ်ရှိသည့်နေရာသို့ သွားခြင်း၊ မသွားခြင်းသည်လည်း အသက်တိုခြင်း၊ ရှည်ခြင်းနှင့်သက်ဆိုင်ပါသည်။ အိပ်သင့်သည့်အချိန်မှာ အိပ်ခြင်း၊ မအိပ်ခြင်းသည်လည်း အသက်အတိုအရှည်နှင့် ဆိုင်သည်။ မကောင်းသည့်အလုပ်ကိုလုပ်ခြင်း၊ ကောင်းသည့် အလုပ်ကိုလုပ်ခြင်း၊ မိဘများ၏ကျိန်ခြင်းကို ခံရခြင်း၊. မခံရခြင်းသည်လည်း အသက်တိုရှည်နှင့် သက်ဆိုင်ပါသည်။ 

အချုပ်ဆိုရလျှင် အသက်တိုရှည် ရှိနေရခြင်းသည် မိမိနှင့်လည်း တိုက်ရိုက်သက်ဆိုင်နေပါသည်။ မိမိကိုယ်ကို ဂရုစိုက်ခြင်း၊မစိုက်ခြင်း၊ ဆင်ခြင်တုံတရားရှိခြင်း၊ မရှိခြင်း၊ သဘာဝတရားနှင့် လိုက်လျော ညီထွေစွာ လုပ်ကိုင်စားသောက်နေထိုင်ခြင်းနှင့်လည်း တစ်ပိုင်းတစ်စ သက်ဆိုင်နေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You may use these HTML tags and attributes:

<a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>