ဤမေးခွန်းသည် မေးခွန်းအမှား ဖြစ်ပါသည်။ သို့သော် အမေးရှိ၍ အဖြေ ရှိပါသည်။
ထာဝရဘုရားကို မည်သူဖန်ဆင်းခဲ့သနည်းဆိုသည့်အရာထက် သင်၏ကိုယ်ပေါ်မှာ ရှိသော မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို မည်သူ ဖန်ဆင်းထားခဲ့ပါသနည်း။ မည်သည့်ရည်ရွယ်ချက်ကြောင့် ဤအရာများ မည်သူ ဖန်ဆင်းထားခဲ့ပါသနည်းဆိုသည့် အချက်ကို ဦးစွာ သိရန်လိုအပ်ပါသည်။
ထာဝရဘုရားသည် တစ်စုံတစ်ဦး၏ ဖန်ဆင်းခြင်းကြောင့် တည်ရှိလာခဲ့ခြင်း မဟုတ်ပေ။ ထာဝရဘုရားသခင်၏ အဓိပ္ပါယ်မှာ ထာဝရသည် အစဉ်၊ ပါဠိအခေါ် နိစ္စ ဖြစ်သည်။ ဘုရားသည် လူသားများ ကိုးကွယ်ခိုလှုံရာပုဂ္ဂိုလ်၊ လူသားများကို အစဉ်ထာဝရ ပိုင်ဆိုင်သည့် ပိုင်ရှင်သခင် ဖြစ်သည်။ လူမျိုးတိုင်းက အထွဋ်အမြတ်ထားနေသော “ဘုရား” ပါဠိအခေါ် “ဗုဒ္ဓ”သည် အနှစ်ချုပ်အားဖြင့် ထာဝရဘုရားကို ရည်ညွှန်းနေကြောင်း သိရပါသည်။
သိဒ္ဓတ္ထဂေါတမ၏သွန်သင်မှုတွင် ဗုဒ္ဓ၏ရူပအစိန္တေယ(ရုပ်တော်)၊ ဣဒ္ဓိအစိန္တေယ(တန်ခိုးတော်)၊ ဉာဏအစိန္တေယ(ဉာဏ်တော်)၊ ဝါစအစိန္တေယ (စကားတော်)ဟု ပါရှိပါသည်(တိပိဋ ကဝိနိစ္ဆယ ကျမ်း အတွဲ-၁နှင့်၂၊ မောင်ပန်းရည်၊ စာမျက်နှာ ၁၄)။ အဓိပ္ပါယ်မှာ နိစ္စဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ ဗုဒ္ဓရာဇာ၏ ရုပ်အဆင်း၊ တန်ခိုးတော်၊ ဉာဏ်တော်နှင့်စကားတော်ကို မကြံစည်အပ်၊ မနှိုင်းယှဉ်အပ်ဟု နားလည်ရပါသည်။ ထေရဝါဒကျမ်းကန်မှ အစိန္တေယျ (၄)ပါးတွင် (၁)။ မြတ်စွာဘုရားအရာကို မကြံစည်အပ် (ဗုဒ္ဓ၀ိသယ အစိန္တေယျ)၊ (၂)။ ဘုရား၏တန်ခိုးအရာကို မကြံစည်အပ် (ဣဒ္ဓိ၀ိသယ အစိန္တေယျ)ဟု ဖေါ်ပြထားပါသည်။ ထိုထာဝရဗုဒ္ဓ၊ နိစ္စဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ ဗုဒ္ဓရာဇာသည် ဖန်ဆင်းရှင် ထာဝရဘုရား ဖြစ်သည်ကို ရည်ညွှန်းနေသည်ဟု နားလည်ရပါသည်။
ထာဝရ(ဋ္ဌာဝယ)ဖြစ်ခြင်းသည် အဆုံးအစမဲ့ခြင်းကို ဆိုလိုသည်။ လူသားများတီထွင် ဖန်တီးခြင်းအမှုသည် သင်္ခါရဖြစ်၍ မတည်မြဲပေ၊ ထာဝရ မဖြစ်နိုင်ပေ။ ထေရဝါဒဘာသာဝင်များ ဆွမ်း၊ ဆီမီး၊ ပန်းလှူရာ၌ အမြဲရွတ်ဆိုနေသည့် “သက်တော်ထင်ရှားသမ္ဗုညုတ မြတ်စွာဘုရားသည်” ဟူသော ဝေါဟာရသည် အစဉ်အသက်ရှင်သော ထာဝရဘုရားကို ရည်ညွှန်းခြင်း ဖြစ်ကြောင်း နားလည်ရပါသည်။
လူသားများအားလုံး၊လူမျိုးတိုင်း ကိုးကွယ်ရမည့်ဘုရားသည် ပြောင်းလဲခြင်းမရှိ၊ ထာဝရတည်မြဲသည့် ထာဝရဘုရားသခင် ဖြစ်ပါသည်။ ပျက်စီးတတ်သောလူ့ဦးနှောက်အားဖြင့် ထာဝရဘုရားအကြောင်း အလုံးစုံကို မသိရှိနိုင်ပေ။ မတည်မြဲသောလူ့ဦးနှောက်မှ ထာဝရအရာကို စဉ်းစားတွေးခေါ် ဆုံးဖြတ်ခြင်းသည် စိတ်ကူးယဉ်မျှသာ ဖြစ်ပါသည်။ ဤမေးခွန်းသည်လည်း ထာဝရဘုရားသခင်နှင့် အိုနာသေမည့် ပုထုစဉ် လူသားများ၏ ခြားနားမှုကို မသိ၍ မေးသော မေးခွန်းဖြစ်နေပါသည်။
ထာဝရဘုရားသခင်၊ ပါဠိအခေါ် ထာဝရဗုဒ္ဓ၊ နိစ္စဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ ဗုဒ္ဓရာဇာကို မည်သူ ဖန်ဆင်းခဲ့ပါသနည်း ဆိုသည့်မေးခွန်းကို ဒေါက်တာ လာဆစ်ဒူကာ နားလည်အောင် ဥပမာ တစ်ခုကိုပေးပြီး ရှင်းပြလိုပါသည်။ လူနှင့်ကွန်ပျူတာကို နှိုင်းယှဉ်လေ့လာကြည့်ပါ။ ကွန်ပျူတာသည် သူ့ကိုတီထွင်သည့်လူသား ထည့်ထားသည့် အချက်အလက်များကိုသာ သိသည်။ ကွန်ပျူတာထဲမှာ မထည့်ထားသည့် အချက်အလက်မှန်သမျှကို ကွန်ပျူတာအား ပြောပြပါဟု မေးလိုက်သည့်အခါ ကွန်ပျူတာက “ငါမသိဘူး၊ ငါမတွေ့ဘူး”ဟုသာ ပြောပြလိမ့်မည်။
ထို့နည်းတူ ထာဝရဘုရားသခင်သည် ကမ္ဘာဦးလူသားနှစ်ဦးကို ဖန်ဆင်းသည့်အခါ လူသားများ သိသင့် သိထိုက်သည့်အပိုင်းကိုသာ သိခွင့်ပေးထားခဲ့ကြောင်း သိရပါသည်။ ဘုရားအကြောင်း အားလုံးသိရန် လူသားများ၏ဦးနှောက်ထဲမှာ ထည့်မထားခဲ့ပေ။ ဤကမ္ဘာပေါ်၌ လူတစ်ဦးမျှ မရှိမီ ရှိခဲ့သော ထာဝရဘုရား၏ အကြောင်းစုံကို ယနေ့လူသားများ မသိနိုင်ပေ။ သူသိစေလိုသည့် အတိုင်းအတာအထိသာ လူသားများ သိနိုင်ပါသည်။ ထာဝရဗုဒ္ဓ၊ နိစ္စဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ ဗုဒ္ဓရာဇာ ဖန်ဆင်းရှင်ခဲ့သည့် လူသားများသည်လည်း တီထွင်နိုင်သည့် ဉာဏ်ရှိနေခြင်း ဖြစ်ပါသည်။ လူသားများ တီထွင်နိုင်သည့်ဉာဏ်ရှိခြင်းသည် ဖန်ဆင်းရှင်ဘုရား ရှိကြောင်း သက်သေ ဖြစ်ပါသည်။
ထာဝရဘုရားသခင်သည် အိုနာသေတတ်သည့် ပုထုစဉ်လူသား မဟုတ်ပေ။ လူသားများ အားလုံး၊လူမျိုးတိုင်း ဒူးထောက်၊ ဦးချ၊ ရှိခိုးကိုးကွယ်ရမည့်အနန္တတန်ခိုးရှင်ဘုရား ဖြစ်ပါသည်။ နိစ္စထာဝရဘုရားသည် အဖြစ်တော်အနန္တ၊ တန်ခိုးတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ မေတ္တာတော်အနန္တ၊ သစ္စာတော်အနန္တ ရှိသည့်အနှိုင်းမဲ့ဘုရား ဖြစ်ပါသည်။ ထာဝရဘုရားသည် အနှိုင်းမဲ့သည့်ဘုရား၊ အတုမရှိသည့်ဘုရား ဖြစ်ပါသည် (ထွက်မြောက်ရာကျမ်း ၃း၁၄)။ ထာဝရဘုရားသခင်ကို မည်သူ ဖန်ဆင်းခဲ့ပါသနည်းဆိုသည့်မေးခွန်းသည် မေးသင့်၊ မမေးသင့် မသိသောကြောင့် မေးခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။
ထာဝရဘုရားသခင်အဖြစ်သို့ ရောက်ရှိလာရသည့် ထာဝရဘုရား၏အတ္ထုပ္ပတ္တိကို ဖေါ်ပြပါ။ စိတ်ကူးကောင်းသူ တစ်ဦးက ဖန်တီးထားသည်ဆိုလျှင် သင်လက်ခံ နိုင်ပါသလားဆိုသည့်မေးခွန်းကို ဖြေရလျှင်- သင်၏အတ္ထုပ္ပတ္တိကို စိတ်ကူးကောင်းသူ အခြားတစ်ဦးက ရေးပြပါဆိုခဲ့လျှင် ထိုစိတ်ကူးကောင်းသူသည် မှန်ကန်စွာဖေါ်ပြနိုင်မည်လော။ ထိုမှတစ်ဆင့် သင့်အဖေ၊ သင့်၏ဘိုးဘေး ဘီဘင်၊ နောက်ဆုံးကမ္ဘာဦးလူသားနှစ်ဦး၏ အတ္ထုပ္ပတ္တိကို ရေးပြပါဆိုခဲ့လျှင် မှန်နိုင်ပါ့မလား။ ထိုမှတစ်ဆင့် သင်လက်မခံသည့် ဖန်ဆင်းရှင်၏အတ္ထုပ္ပတ္တိကို စိတ်ကူးကောင်းသူက ရေးလျှင် ပို၍ပင် မမှန်နိုင်မှန်း သင်ကိုယ်တိုင် သိရန် လိုအပ်ပါသည်။ အိုနာသေတတ်သည့်ပုထုစဉ် လူသားစစ်စစ်ဖြစ်လျှင် မိခင်နှင့်ဖခင်ရှိ၍ မွေးသည့်နေ့လည်း ရှိပါသည်။ နို့စို့ကလေးဘဝ၊ မူကြိုဘဝ၊ မူလတန်းဘဝ၊ အလယ်တန်းကျောင်းသားဘဝ၊ အထက်တန်းကျောင်းသားဘဝ၊ ကောလိပ်ကျောင်းသားဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝ စသည်ဖြင့် တစ်ဆင့်ပြီး တစ်ဆင့်တက်လှမ်း ကြပါသည်။ အိမ်ထောင်ပြုခဲ့သည့် မှတ်တမ်း၊ ဖျားနာသည့်မှတ်တမ်း၊ ခရီးသွားသည့်မှတ်တမ်း၊ အလုပ်အကိုင်နှင့် ရာထူးရာခံမှတ်တမ်း၊ ပညာအရည်အချင်း မှတ်တမ်းများ ရှိပါသည်။ ထိုသို့ မှတ်တမ်းများ ရှိနေသည်ဟုဆိုလျှင် ထိုသူသည် လူသားစစ်စစ်သာ ဖြစ်ပါသည်။ ဘုရားစစ် (ပါဠိအခေါ် ဗုဒ္ဓစစ်)မဟုတ်ကြောင်း သက်သေများ ဖြစ်ပါသည်။ အတုတစ်ထောင်၊ အယောင်တစ်သောင်း ဆိုသကဲ့သို့၊ ဘုရားစစ်သည် တစ်ဆူတည်း၊ ပါဠိအခေါ် ဧကောဗုဒ္ဓေါ (ဗုဒ္ဓေါ၊ဓမ္မော၊သံဃော)၊ ဘုရားအတုသည် တစ်ထောင်၊ ဘုရားအယောင်ဆောင်သည့် ပုဂ္ဂိုလ်များသည် တစ်သောင်းမကရှိကြောင်း ဘာသာရေးဆရာများက သွန်သင်ကြပါသည်။ လူသားများသည် ထာဝရဘုရားနှင့် သူ၏လက်ရာများကို လေ့လာ သင်ယူနေသည့် သတ္တဝါများသာ ဖြစ်ပါသည်။
ထာဝရဘုရား ပါဠိအခေါ် ထာဝရဗုဒ္ဓ၊ နိစ္စဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ ဗုဒ္ဓရာဇာသည် လူသားများကဲ့သို့ လေ့လာသင်ယူရသည့် အရှင်မဟုတ်ပေ။ ဓမ္မံ (ဗမာအခေါ် တရား)ကိုပေးသူ ဗုဒ္ဓံ (ဗမာအခါ် ဘုရား) ဖြစ်ပါသည်။ တရားများကို လေ့လာသင်ကြားသူ မဟုတ်ပေ။ နိစ္စထာဝရဘုရားသည် သိပ္ပံပညာရှင်များ၊ ဝိဇ္ဇာပညာရှင်များ လေ့လာနေသည့် သဘာဝတရားများကို ပေးခဲ့သူ၊ ထားခဲ့သူ၊ အုပ်စိုးထိန်းချုပ်သူ ဖြစ်ကြောင်း လူတိုင်းသိရန် လိုအပ်ပါသည်။
ထာဝရဘုရားသည် လူသားများကဲ့သို့ ပညာသင်ရမည့်ပုဂ္ဂိုလ်လည်း မဟုတ်သကဲ့သို့၊ အိမ်ထောင်ပြုရမည့်ပုဂ္ဂိုလ်လည်း မဟုတ်ပေ။ ဤကမ္ဘာပေါ်မှာ သူ့အတွက် ရာထူးရရန်၊ ချမ်းသာရန် ပညာသင်ရန်လိုအပ်သည့်ပုဂ္ဂိုလ်လည်း မဟုတ်ပေ။ လူ့မျက်စိအားဖြင့် မြင်နိုင်သည့်ပုဂ္ဂိုလ်၊ လူ့လက်အားဖြင့် ကိုင်၍ ရသည့်ပုဂ္ဂိုလ်လည်း မဟုတ်ပေ။ ထိုကြောင့် ဖန်ဆင်းရှင် ဘုရားသခင်၏ အတ္ထုပ္ပတ္တိကို ဖေါ်ပြပါဟု မေးနေခြင်းသည် ထာဝရဗုဒ္ဓ၊ နိစ္စဗုဒ္ဓ၊ သမ္မာသမ္ဗုဒ္ဓ၊ ဗုဒ္ဓရာဇာအကြောင်းကို မသိသေးကြောင်း ထင်ရှားနေပါသည်။
ဒေါက်တာလာဆစ်ဒူကာအနေဖြင့် သင့်နာမ်ဝိညာဉ်(အတွင်းလူ)၏အတ္ထုပ္ပတ္တိကို သင်ကိုယ်တိုင် ရေးနိုင်ပါသလား၊ ဓါတ်ပုံအထောက်အထားဖြင့် တင်ပြပါဟုဆိုလျှင် လူသားမျာလက်ခံနိုင်အောင် သင်မည်သို့ သက်သေပြမည်နည်း။ အကယ်၍ သင့်နာမ်ဝိညာဉ်၏အတ္ထုပ္ပတ္တိကို လူသားများ လက်ခံနိုင်အောင် အထောက်အထားခိုင်လုံစွာ သင်ရေးနိုင်မည်ဆိုခဲ့လျှင်ပင် ထာဝရဘုရားသခင်၏ အတ္ထုပ္ပတ္တိကို သင်စိတ်ကူးယဉ်၍ ရေးရန် မဖြစ်နိုင်ပေ။ သင်ကိုယ်တိုင်၏အတွင်းလူ၊ ပါဠိအခေါ် အစ္ဇျတ္တ၏ အတ္ထုပ္ပတ္တိကိုပင် သန္ဓေသားဘဝမှကျောင်းပြီး၍ ဘွဲ့ရသည့်အထိ တစ်ဆင့်ပြီးတစ်ဆင့် မရေးနိုင်လျှင်၊ နာမ်ဝိညာဉ်တော် ဘုရားသခင်၏အတ္ထုပ္ပတ္တိကို လူ့ဇာတိပုံစံဖြင့် စိတ်ကူးယှဉ်တွေးခေါပြီး ရေးပြရန် မဖြစ်နိုင်ကြောင်း သင်ကိုယ်တိုင် သိရပါလိမ့်မည်။
စိတ်ကူးကောင်းသူ တစ်ဦးက ဖန်တီးထားသည်ဆိုလျှင် သင်လက်ခံ နိုင်ပါသလား ဆိုသည့်မေးခွန်းကို ဖြေရလျှင်– စိတ်ကူးကောင်းသည့် လူသားတစ်ဦးက သူ၏အတွေးအခေါ်၊ သူ၏စိတ်ကူးအကြံအစည်အားဖြင့် ထာဝရဘုရားအကြောင်းကို စိတ်ကူးယဥ်၍ ရေးသားနိုင်ပါသည်။ ထိုသို့ စိတ်ကူးယဉ်၍ရေးသားခြင်းဖြင့် ထာဝရဘုရားအစစ် ဖြစ်လာမည် မဟုတ်ပေ။ လူသားများသည် ထာဝရဘုရားထံ ဆုတောင်းလာမည်၊ စိန်ခေါ်လာမည်၊ စမ်းသပ်လာသည့်အခါ လူသားများ စိတ်ကူးဖြင့်ရေးသည့် ထာဝရဘုရားအတုသည် ထာဝရဘုရားအစစ်ကဲ့သို့ တုန့်ပြန်မှုပြုနိုင်မည် မဟုတ်ပေ။ ထိုအခါ လူသားများသည် စိတ်ကူးဖြင့်ရေးသည့် ထာဝရဘုရားကို ယုံကြည်လက်ခံမည် မဟုတ်ပေ။ ထာဝရဘုရားသခင်သည် အစဉ်အသက်ရှင်သောဘုရား၊ လူသားများ၏ဇာတိကိုယ်ခန္ဓာနှင့် နာမ်ဝိညာဉ် ကိုယ်ခန္ဓာနှစ်ခုစလုံးကို ပိုင်သအုပ်စိုးတော်မူသောဘုရား၊ ဇာတိကိုယ်၊ ပါဠိအခေါ် ဗဟိတ္တနှင့် နာမ်ဝိညာဉ်ကိုယ်၊ ပါဠိအခေါ် အစ္ဇျတ္တနှစ်ခုစလုံးကို စီရင်ပိုင်သောဘုရား ဖြစ်ပါသည်။ ခေါ်လျှင်ထူးသည့်ဘုရား ဖြစ်ပါသည်။ စိန်ခေါ်လျှင် သက်သေပေးသည့်ဘုရား ဖြစ်ပါသည်။ ထို့ကြောင့် ဒေါက်တာ လာဆစ်ဒူကာ ထင်သကဲ့သို့ ထာဝရဘုရားသည် စိတ်ကူးကောင်းသူတစ်ဦးက ဖန်တီးထားသည့် စာရွက်ပေါ်မှာသာ ရှိနေသော သက်မဲ့ဘုရား မဟုတ်ပေ။